ရေခဲမှိုလို့လည်းခေါ်တဲ့ ကျောက်ပွင့်
ကျွန်မ အင်ဒိုနီးရှားနိုင်ငံ၊ ဘိုဂေါလ်မြို့လေးကို Training Program တစ်ခုအတွက်နဲ့ သုံးလကြာနေရဖို့ ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့ညက ရန်ကုန်ကနေ စပြီး ထွက်ခဲ့ရတယ်။ ဒီတစ်ခေါက် ပြည်ပခရီးစဉ် ဟာ ကျွန်မအတွက် အတော်လေး ကသုတ်ကရက်နိုင်လွန်းလှတယ်။ အလုပ်တွေ များလွန်းလှတာကြောင့် ခရီးထွက်မယ့်နေ့အထိ ကျွန်မ ရုံးတက်နေရတုန်းပါပဲ။ ရုံးကနေ လုပ်ဖော်ကိုင်ဖက် မောင်လေး၊ ညီမလေးတွေက အစုံပလုံစိအောင် လျှောက်ပြီး စီစဉ်ပေးတာတောင်မှ ဘာလက်ဆောင်ပစ္စည်းမှတောင် ၀ယ်ခဲ့ဖို့ အချိန်မရခဲ့ဘူး။ ဒါပေမယ့် မြန်မာအစားအစာကို တစ်ရက်မစားရရင် မနေနိုင်တဲ့ ကျွန်မ မြန်မာအစားအစာတွေကို ၁၀ ကီလိုလောက် သယ်ခဲ့ပါတယ်။ ဇန်န၀ါရီ ၁၃ ရက်နေ့ နေ့လည် ၁၂ ခွဲလောက်မှာ ဂျာကာတာလေဆိပ်ကိုရောက်တယ်၊ လေဆိပ်မှာ ကျွန်မ အလုပ်က လုပ်ဖော်ကိုင်ဖက်တွေ လာကြိုကြပြီး ကျွန်မကို ဘိုဂေါလ်မြို့လေးကို ကားနဲ့ ခေါ်ပေးခဲ့တယ်။ လေဆိပ်ကနေ အလုပ်ကို ရောက်တော့ နေ့လည် ၂ နာရီ ၄၅ မိနစ်ရှိနေပြီနော်။ ရောက်ရောက်ချင်းမှာပဲ ကျွန်မကို လုပ်ဖော်ကိုင်ဖက်အမျိုးသမီးတစ်ဦးရဲ့ အိမ်မှာ အိမ်ခန်းစီစဉ်ပေးထားတယ်လို့ ကျွန်မအလုပ်က ဒါရိုက်တာက ပြောတဲ့အတွက် နေရေးထိုင်ရေးအတွက် ကျွန်မ စိတ်ပူပင်သောက သက်သာခဲ့ရပါတယ်။
အလုပ်ကနေ အိမ်ရောက်တော့ ကျွန်မရဲ့ အိမ်ရှင်က ညစာကို သူစီစဉ်ထားပါတယ်လို့ ပြောတော့လေ ကျွန်မ အရမ်းဝမ်းသာသွားတယ်။ ထမင်းကို တစ်နေ့လုံးမှာ တစ်နပ်လေးမှ မစားလိုက်ရရင် မတင်းတိမ်တဲ့ ကျွန်မရဲ့ မကောင်းတဲ့အကျင့်။ ထမင်းစား ချိန်မှာ သူတို့က ကျွန်မက အင်ဒိုနီးရှား အစားအစာတွေနဲ့ ဟင်းတွေ အစုံနဲ့ ကျွေးပါတယ်။ ဒါပေမယ့် ထမင်းကလေ တကယ့်ကို ကြောင်စာလေးမှ ကြောင်စာလေးပဲ။ အဲ့ဒီထမင်းနဲ့ ကျွန်မ ဘယ်လိုမှ မတင်းတိမ်နိုင်ဘူးလေ။ ဗိုက်အရမ်းဆာတဲ့အချိန် ငါးပိရည်လေးနဲ့ နယ်စားလိုက်ရမယ်ဆိုရင် သူတို့ ထည့်ပေးတဲ့ ထမင်းက ကျွန်မ သုံးလုပ်စာလောက်ပဲ ရှိလိမ့်မယ်။ ဒါပေမယ့် ကျွန်မလေ ရှိသမျှ အသီးအရွက်တွေ အကုန်ထိုင်စားပစ်လိုက်တယ်။ ရှေ့လူတွေနောက်လူတွေ ကျွန်မ မကြည့်နိုင်တော့ဘူး။ ကျွန်မရဲ့ ၀မ်းထဲက အရမ်းကို မွတ်သိပ်နေပြီလေ။
အဲ့ဒီညက ကျွန်မရဲ့ မြန်မာပြည်က လုပ်ဖော်ကိုင်ဖက် မောင်နှမတွေကို ကျွန်မ မေးလ်ပို့ခဲ့တယ်၊ ထမင်းမ၀တဲ့အကြောင်း ကိုပေါ့။ ထမင်းအရမ်းကြိုက်တဲ့ကျွန်မ၊ မြန်မာမုန့်ကလွဲရင် ကိတ်မုန့်၊ ပေါင်မုန့်၊ ပီဇာ ဘာကိုမှ မခုံမင်တဲ့၊ မနှစ်သက်တဲ့ ကျွန်မကို သနားကြားတယ်၊ စိတ်လည်း မကောင်းဖြစ်မိတယ်တဲ့။ ကျွန်မလည်း အိမ်ရှင်ကို ညနေ ရုံးဆင်းတော့ ပြောပြတယ်၊ ကျွန်မ ဆန်ရယ်၊ ထမင်းပေါင်းအိုးရယ် ၀ယ်ချင်ပါတယ်၊ ဟင်းသီးဟင်းရွက်နဲ့ ဟင်းချက်စရာ အသားငါးတွေ ၀ယ်ချင်ပါတယ်လို့လေ။ အိမ်ရှင်က ကျွန်မကို ဆန်မ၀ယ်ပါနဲ့၊ သူ့အိမ်မှာ ရှိတာကို စားပါလို့ပြောတယ်။ ကျွန်မ မနေနိုင်တော့ပါဘူး၊ ကျွန်မက ထမင်းစားကြီးတယ်ဆိုတဲ့အကြောင်း၊ မနေ့ညက ကျွန်မ ထမင်းမ၀ဘူးဆိုတဲ့အကြောင်းကို ရှက်ရှက်နဲ့ ပြောပြရပါတော့တယ်။ အဲ့ဒီတော့မှ အိမ်ရှင်လည်း ကျွန်မကို စိတ်ကြိုက်ဝယ်ခွင့်ပေးပါတော့တယ်။
ကျွန်မက ဆီပြန်ဟင်းတွေနဲ့စာရင် ဘာဖြစ်ဖြစ် အသုပ်တွေစားရတာကို ကြိုက်တယ်။ ဘာတွေ့တွေ့ အသုပ်ကောက်သုပ်ပစ် လိုက်တာပဲ။ အဲ့ဒါကြောင့်မို့ မြန်မာကလာကတည်းက ကျောက်ပွင့်၊ ကြက်နားရွက်မှို၊ ငွေနှင်းမှိုခြောက်အပြင် အစားအသောက်တွေ အစုံသယ်လာခဲ့တာ။ လက်ပံပွင့်ခြောက်နဲ့ ဆီးသီးခြောက်တောင် ပါသေးတယ်။ နောက်ရက်တွေကျမှ ချက်ပြီးရင် မောင်နှမတွေကို မျှဝေပေးဦးမယ်နော်။
အင်ဒိုနီးရှားရောက် ဒုတိယမြောက်ရက်မှာတော့ ကျွန်မရဲ့ ညစာကို အသုပ်နဲ့စားဖို့ ပြင်ဆင်ခဲ့ပါတယ်။ ၀ယ်လာတဲ့ ကြက်သားကို ဆေးကြောသန့်စင်ပြီး ဆား၊ သကြားအနည်းငယ်နဲ့ နယ်ပါတယ်။ ပြီးတော့မှ ဒယ်အိုးထဲ ထည့်ပြီး ကြက်သားကို လှော်လိုက်ပါတယ်။ ကြက်သားထဲကနေ အရည်တွေထွက်လာပါလိမ့်မယ်၊ အဲ့ဒီအရည်ကုန်သွားပြီဆိုတော့မှ ရေလေးနည်းနည်းချင်းစီထည့်၊ ဒယ်အိုး အဖုံးအုပ်ပြီး ရေအားလုံး ခမ်းသွားပြီး ကြက်သားကျက်တဲ့အထိ တည်ပေးပါ တယ်နော်။ ရေခမ်းသွားပြီဆိုရင်တော့ ကြက်သားတွေကို ပန်းကန်တစ်ချပ်ထဲ ထည့်ပြီး အအေးခံထားပါတယ်။
ကြက်သားကိုလည်း အသားမျှင်လေးတွေ ရအောင် နွှင်ယူပါတယ်။
ကြက်သား ပြုတ်ထားစဉ်မှာ ကျောက်ပွင့်၊ ကြက်နားရွက်မှိုနဲ့ ပဲကြာဆံတို့ကို သီးသန့်စီ ရေစိမ်ပါတယ်။ ပြီးတော့ ရေနွေး ပွက်ပွက်ဆူထဲကို ပဲကြာဆံအရင်ထည့်ပြုတ်ပါတယ်၊ ကြာဆံနူးပြီဆိုရင် ကြွက်နားရွက်မှိုနဲ့ ကျောက်ပွင့်ကို ထည့်ပြုတ်ပါတယ်။ ပြီးတော့မှ အားလုံးကို ရေအေးအေးနဲ့ သေချာဆေးပြီး အနေတော်အရွယ်လေးတွေဖြစ်အောင် ဖြတ်တောက်ပေးပါတယ်။
မုန်လာဥနီကိုလည်း ပုံစံမျိုးစုံ စိတ်ကူးတည့်ရာလျှောက်လှီးပြီးထည့်ပါတယ်။ ကြက်သွန်ဖြူ ၃ မွှာနဲ့ ကြက်သွန်နီ ခပ်သေးသေး တစ်လုံးလောက်ကိုလည်း ပါးပါးလှီးပြီး ထည့်လိုက်ပါတယ်။ ကြက်သွန်မြိတ်နဲ့ တရုတ်နံနံ နည်းနည်းစီ လှီးထားပါတယ်။ သံပရာသီးလေးတွေလည်း စိတ်ထားပါတယ်။ ငရုတ်သီးကတော့ အိမ်ကနေ သယ်လာတဲ့ ငရုတ်သီး အလှော်မှုန့်ရယ်၊ ဒီက ငရုတ်သီးရယ်ကို နည်းနည်းစီ မျှထည့်ဖို့ ပြင်ထားပါတယ်။
အားလုံးအသင့်ဖြစ်တော့ ဇလုံတစ်လုံးထဲကို အပေါ်က အဆာပလာတွေ အကုန်ထည့်ပါတယ်၊ ငံပြာရည် ထည့်ပါတယ်။ ဆားရယ်၊ သကြားအနည်းငယ်လည်း ထည့်ပါတယ်၊ သံပရာရည်ညှစ်ထည့်ပြီး အားလုံးကို ရောနယ်ပါတယ်။ အရသာအပေါ့အငန်ကို မြည်းပြီး လိုအပ်တာထပ်ဖြည့်ပြီး အပေါ်ကနေ ကြက်သွန်မြိတ်လေးနဲ့ တရုတ်နံနံလေး ဖြူးထည့်ပါတယ်။
ကျွန်မက ထမင်းပူပူလေးကို အဲ့ဒီအသုပ်နဲ့ ရေနွေးကြမ်းနဲ့ စားတာကို ကြည့်ပြီး ကျွန်မ အိမ်ရှင် မိသားစုက အသုပ်ကို မြည်းကြည့်ချင်တယ်လို့ ပြောပါတယ်။ မြည်းပါဆိုတော့ သူတို့လည်း ပန်းကန်လေးတွေနဲ့ ထည့်ပြီး မြည်းတယ်၊ပြီးတော့ သူတို့ သိပ်ကြိုက်တယ်လို့ ပြောပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ ပြီးတော့ ဟင်းသီးဟင်းရွက်၊ အသား အစုံအပြည့်အစုံပါပြီး အချိန်ကုန် လည်း သက်သာစေတယ်လို့ ဆိုပါတယ်။ ပြီးတော့ နောက်ရက်ကျရင် ရုံးက လုပ်ဖော်ကိုင်ဖက်တွေကို မြည်းဖို့ သုပ်သွားပါလား လို့လည်း အကြံပေးပါတယ်။ အဲ့ဒါနဲ့ ကျွန်မလည်း နောက်နေ့ ရုံးသွားတော့ နေ့လည်စာအတွက် အသုပ်သုပ်သွားပါတယ်။ အားလုံးက အသုပ်ကို ကြိုက်လို့ဆိုပြီး ၀ိုင်းပြီးအားပေးကြတယ်။ ပြီးတော့ မြန်မာအစားအစာတွေ စားဖူးရအောင် တစ်နေ့လောက် ပါတီလုပ်ရ အောင်ဆိုပြီး ပြောလာတော့ ၂၀-၀၁-၁၀ ရက် (ဗုဒ္ဓဟူးနေ့)မှာ ပါတီလေး လုပ်ဖြစ်ခဲ့တာပါနော်။
မြန်မာအစားအစာစစ်စစ်တော့ မဟုတ်ခဲ့ပေမယ့် သူတို့တောင်းဆိုတဲ့အတိုင်း ကျောက်ပွင့်ပဲကြာဆံ ကြက်သားသုပ်နဲ့အတူ တခြားသောအတွဲအဖက်များနဲ့အတူ အင်ဒိုနီးရှားရောက် မြန်မာအသုပ်သည်လက်သစ် ကျွန်မလုလုရဲ့ လက်ရာလေးတွေနဲ့ တည်ခင်း ဧည့်ခံခဲ့ပါတယ်။ (သူတို့က ကြက်သွန်ဖြူကြက်သွန်နီကို အသုပ်ထဲ ထည့်ရင် အနံ့ပြင်းလို့ဆိုပြီး မစားတတ်လို့ ပါတီနေ့က အသုပ်မှာ မထည့်ဘဲ သုပ်ခဲ့ပါတယ်။) အချိုပွဲကတော့ ပြောင်းဖူးကျောက်ကျောပေါ့။
အသားတွေငါးတွေနဲ့ ဟင်းပွဲကြီး မြိုင်မြိုင်ဆိုင်ဆိုင် မဟုတ်လှပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး diet လုပ်ချင်တဲ့သူတွေ အတွက် အဆင်ပြေစေတယ်လေ။ အခုတော့ ကျွန်မရဲ့ အင်ဒိုနီးရှား အမေအိမ်မှာ နေ့တိုင်း အဲ့ဒီအသုပ်ကို မဖြစ်မနေ သုပ်ပေးနေရ ပါတယ်။ သူတို့ သိပ်ကြိုက်တယ်ဆိုလို့ ကျွန်မလည်း ၀မ်းသာလှပါတယ်။ ကလေးနှစ်ယောက်က ကျွန်မဟင်းချက်ပြီဆို အနားမှာ ရစ်သီရစ်သီလုပ်နေပါတယ်၊ ဘာဟင်းချက်မလဲ စောင့်ကြည့်နေပြီး ကျက်တာနဲ့ စားပါတော့တယ်၊ မြန်မာပြည်က သယ်လာတဲ့ ဘာလချောင်ကြော်လည်း သူတို့က မုန့်လိုပဲ စားကြတော့ ကုန်ပြီနော်။ မနက်ဖြန်တောင် ထပ်ကြော်ပေးရဦးမယ်။
တကယ်တော့ အစားအသောက်ချက်ပြုတ်ကျွေးမွေးရတာလည်း ကုသိုလ်ကောင်းမှုတစ်မျိုးပါပဲလို့ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ပီတိဖြစ်မိရင်း အသက်ရှင်နေသေးသရွေ့ ကျန်းမာရေးနဲ့ ညီညွတ် မျှတအောင် နေထိုင်စားသောက်နိုင်မယ့် ဟင်းလျာလေးတွေကို ကြိုးစားချက်ပြုတ်ပြီး ကျွန်မချစ်သော မောင်နှမများအားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစား မျှဝေပေး သွားပါမယ်လို့ ဆုံးဖြတ်ချက်ချလိုက်မိပါတယ်။ ကျန်းမာမှလည်း လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်မှာ မဟုတ်လားနော်။
ချစ်သောမောင်နှမများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။

အင်ဒိုနီးရှားကို ပြောင်းလာရရင် ကောင်းမလား????
ReplyDeleteမမလုရဲ့ အသုတ်လက်သစ်လေး လာအားပေးသွားတယ်နော်။ ညီမလည်း အသုတ်ကြိုက်လို့ ဘာဖြစ်ဖြစ်သုတ်စားတယ် :)
ReplyDeleteစားချင်စရာလေးးး..
ReplyDeleteနောက်ပြီး..
ကျောက်ပွင့်ဆိုတာ မသိဘူး..မလုလုရေ..
မမလု..ဟင်းချက်ကောင်းပုံများ..အင်ဒိုအထိ နာမည်ကြီးနေပါရောလား...
ReplyDeleteအသုပ်လေးကစားချင်စရာပါ.. မမလုသုပ်တာတော့ စားချင်တယ်..တကယ်
မမိုးချိုရေ့ 
ReplyDeleteအလည်လာပါလားဟင်၊ နော် မ။
စုဗူးလေးရေ့  အမြဲလာအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အသုပ်က ထမင်းမြိန်စေတယ်လေ။ ကရိကထလည်း မများဘူး မဟုတ်လား။
ပေါက်ရေ့  ကျောက်ပွင့်ပုံကို ဓာတ်ပုံရိုက်ပြီး တင်ထားတယ်နော်။ ရေခဲမှိုလို့လည်း ခေါ်ကြပါတယ်နော်။
ကူးလေးရေ့ 
တို့ဘ၀က ချက်နေရရင် ပျော်နေတာပဲလေ။ အိုးသူကြီးဇာတာပါတယ်ထင်ပါရဲ့
နောက်တစ်ခါ ဆုံကြဦးမှာပါ။ ဆုံတဲ့အခါ ထမင်းဟင်း ချက်ကျွေးပါမယ်နော်။
မလု လက်ရာ အသုပ်လေးစားချင်လိုက်တာ။ မလုရဲ့ 
ReplyDeleteမြန်မာပြည်ကသယ်လာတဲ့ အသားအသာတွေလည်း
မှန်းပြီး သွားရေကျသွားပါတယ်။
ွှ့Thomas ကအမြဲပြောတယ်။ ကျမတို့ က ထမင်းကို
တော်တော်စားနိုင်တယ်တဲ့။ ဟုတ်တယ်နော်။
ထမင်းများများစားရမှ..
ချစ်ခင်စွာဖြင့်
ရှင်လေး
စားချင်လိုက်တာ။ ကျောက်ပွင့်က ပုံထဲက ကျောက်ပွင့်အဖြူအပြင် မီးခိုးရောင်မျှင်မျှင်လေးကိုလည်း ကျောက်ပွင့်ခေါ်တယ်နော်။ သူများတွေ စားတာတွေ့ဖူးလို့
ReplyDeleteမမရှင်လေးရေ့
ReplyDeleteဟုတ်တယ်နော်။ ထမင်းကိုတော့ ဗိုက်ဝနေအောင် စားရမှ ကျေနပ်တာ။ မြန်မာနိုင်ငံရဲ့ လူတစ်ဦးတစ်နှစ် ဆန် (ဆန်+မုန့်ဖတ်+ဆန်ကြာဆံ+အခြားသော မြန်မာမုန့်များအပါအ၀င်) စားသုံးမှုနှုန်းက 215 ကီလိုဂရမ်တောင် ရှိတာလေ။ သူများနိုင်ငံထက် အဆပေါင်းများစွာသာတယ်။
SDL ရေ့ ကျောက်ပွင့်က အမျိုးမျိုးရှိတယ်နော်။ လုတို့ မော်လမြိုင်၊ ကျိုက္ခမီ၊ စက်စဲဘက်က ကျောက်ပွင့်တွေဆိုရင် သေးသေးမျှင်မျှင် ညိုရင့်ရောင်လေး၊ ရန်ကုန်ရောက်တော့ တွေ့ဖူးတဲ့ ကျောက်ပွင့်က မီးခိုးရောင်လိုလို၊ ကရင်မ်ရောင်လိုလို မျှင်မျှင်လေးတွေ၊ သင်္ဘောသီးသုပ်ထဲ ထည့်သုပ်ကြ တယ်၊ အခု ကျောက်ပွင့်ကလည်း တစ်မျိုးပေါ့နော်။ လု စိတ်ထင် ဒေသအလိုက် ကျောက်ပွင့်မျိုးတွေလည်း အစုံရှိတယ် ထင်တယ်နော်။
မင်္ဂလာပါ..
ReplyDeleteအသုပ်လေး ၀င်စားသွားတယ်။
စင်ကာပူရောက်ဖြစ်မယ် ဆိုရင်လဲ ပြောအုံးဗျ။ အိမ်လည်လည် ခေါ်ချင်လို့။ အသုပ် သုပ်ခိုင်းဘို့ မဟုတ်ပါဘူး။ အညာက သရက်သီးကုလားတည် လေးနဲ့ ပဲလှော် ရယ် ရေနွေးကြမ်း လေးရယ် နဲ့ ဧည့်ခံချင်လို့ပါ။ :) :)....
ခင်မင်စွာဖြင့်
ကိုမျိုး
ကိုမျိုးရေ့ 
ReplyDeleteစင်ကာပူကိုတော့ ဘယ်တော့ရောက်မလဲ မသိဘူးနော်။ လာဖြစ်ရင် ပြောပါမယ်နော်။ အစ်ကိုတို့ ဧည့်ခံတာလေးတွေလည်း စားချင်ပါတယ်နော်။ ကျေးဇူးပါအစ်ကို
လုလု ရေ လုလုက မမမာရဲ့အမေနဲ့တော်တော်လေးတူတယ်
ReplyDeleteစေတနာရော ချက်တာတွေရော လုလုရေးတာလေးတွေဖတ်ပြီး
အမေ့ကိုအရမ်းသွားတယ်