Thursday, July 31, 2008

နွားနို့ခဲချက်

2 comments


အားလုံးမင်္ဂလာပါ့  ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို နွားနို့ခဲပြုလုပ်နည်းနဲ့ နွားနို့ခဲချက်နည်း လေးကို လက်ဆင့်ကမ်းပါရစေနော်။
(က) နွားနို့ခဲလုပ်နည်း
နွားနို့ခဲလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ နွားနို့ငါးပိဿာရယ်၊ မရိုး (မုရိုး) (သိပ္ပံအမည် Calotropis procera gigantean လို့ခေါ်ပါတယ်) ကိုင်း (ရှေးလူကြီးတွေကပြောကြပါတယ်၊ မရိုးစေးက နို့တွေကို ခဲစေတယ်တဲ့) တစ်ကိုင်းရယ်ပါ။ နွားနို့ကို အိုးကြီးကြီးတစ်လုံးထဲထည့်ပြီး မရိုးကိုင်းက အစေး လေးငါးခြောက်စက်လောက်ထည့်လိုက်ပြီးတော့ အဖုံးဖွင့်ပြီး မီးပြင်းပြင်းနဲ့ကျိုပေးပါ။ မရိုးစေးကြောင့် နွားနို့တွေ အဖတ်လေးတွေဖြစ်လာပြီး တဖြည်းဖြည်းနဲ့ အနယ်ကျလာပါမယ်နော်။ အဲ့ဒီလို နွားနို့တွေအဖတ်လေးတွေဖြစ်လာပြီး အရည်သပ်သပ်၊ အဖတ်သပ်သပ်ဖြစ်လာပြီဆိုရင်တော့ နွားနို့အိုးကို မီးဖိုပေါ်ကနေချ၊ ပိတ်ပါးစနဲ့ နွားနို့ဖတ်တွေစစ်ယူပါနော်။ နွားနို့အဖတ်တွေကို ပိတ်ပါးစနဲ့စစ်ယူပြီး အရည်တွေကိုလည်း သပ်သပ်ဖယ်ထားပေးပါနော်။ အရည်တွေကိုလည်း သောက်လို့ရပါတယ်နော်။ နွားနို့ဖတ်တွေ စစ်ယူထားတဲ့ ပိတ်ပါးစကို အပေါ်ကနေ ကြိုးနဲ့ ချည် ပြီးတော့ ဇလုံတစ်လုံးထဲထည့်ပြီး ပိတ်အိတ်အပေါ်ကနေမှ အလေးအပင် (အုတ်ခဲ၊ ငရုပ်ဆုံ၊ ကျောက်ပျဉ်) တွေ ဖိပေးပါ။ အဲ့ဒီလိုအလေးတုံးတွေရဲ့ ဖိအားကြောင့် နွားနို့အထဲက ရေတွေစစ်သွားပြီး ခဲသွားပါမယ်နော်။ တစ်ညသိပ်ဆိုရင်ကိုပဲ ရေစစ်ပြီး ခဲပါတယ်နော်။ အဲ့ဒီခဲသွားတဲ့ နွားနို့ခဲကိုမှ တစ်ချို့က ရေရှည်ခံအောင် ဒယ်အိုးထဲ ဆီလေးပါလေရုံထည့်ပြီး လှိမ့်ပေးတတ်သလို တချို့ကလည်း ဆီမထည့်ဘဲ အိုးကင်းပူတိုက်ကြပါတယ်။ ကျွန်မအဘွားကတော့ ရလာတဲ့ နွားနို့ခဲကို မီးနွေးနွေးလေးနဲ့ ကင်လိုက်ပါတယ်။ မီးကင်တဲ့အခါ အနံ့လေးက သိပ်မွှေးတာပဲ။ ကျွန်မက ဟင်းမချက်ဘဲ နွားနို့ခဲကို အချပ်လေးတွေ ရအောင်လှီးပြီး မီးကင်ပြီး ဆားလေးနဲ့တို့စားရတာကြိုက်တယ်။ အဲ့ဒါဆိုရင်တော့ အကြာကြီး သိမ်းထားလို့ရတယ်လေ။ နွားနို့ငါးပိဿာကို နွားနို့ခဲလုပ်ရင် လူကြီးလက်သီးဆုပ်လောက်ပဲ ရတယ်နော်။ အဲ့ဒါဆိုရင်တော့ နွားနို့ခဲရပါပြီနော်။

(ခ) နွားနို့ခဲချက်
နွားနို့ခဲချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ နွားနို့ခဲ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ဆား၊ သကြား၊ နနွင်း၊ ငရုတ်သီးအရောင်မှုန့်၊ ပဲငံပြာရည်အကြည်နဲ့ ဆီအနည်းငယ်တို့ပါနော်။
နွားနို့ခဲလေးတွေကို ပဲပြားလေးတွေတုံးသလိုလေး လက်မ၀က်လောက်အရွယ်လေးတွေတုံးပြီးတော့ ဆား၊ ပဲငံပြာရည်အကြည်လေးနဲ့ ခပ်ဖွဖွလေးနယ်ပေးပါနော်။ ခရမ်းချဉ်သီးကိုလည်း ရေဆေးပြီး ခပ်ပါးပါးလှီးပေး ပါ။ ကြက်သွန်ဖြူနဲ့ကြက်သွန်နီတို့ကို အခွံနွှာ၊ ရေဆေးပြီး မထူမပါးလေးလှီးပေးထားပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေးပြီး ထက်ခြမ်းခြမ်းပေးထားပါ။ ပြီးရင် ငရုတ်ဆုံထဲမှာ ကြက်သွန်ဖြူနီကိုထည့်ထောင်းရင်း ငရုတ်သီးအရောင်မှုန့်လေးပါ အတူရောပြီး ထည့်ထောင်းပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ်ဒယ်အိုးတင် ဆီလေးထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေး နည်းနည်းခပ်၊ ပြီးတော့ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်ထည့်ပြီး ဆီသတ်၊ ကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုရင် လှီးထားတဲ့ ခရမ်းချဉ်သီးထည့်ပြီး နွမ်းအောင်တည်၊ ခရမ်းချဉ်သီးတွေနွမ်းပြီဆိုရင် နွားနို့ခဲလေးတွေထည့်ပြီး အသာအယာမွှေပေး၊ ခရမ်းချဉ်သီးက ထွက်လာတဲ့ အရည်ချဉ်ဖြုန်းဖြုန်းအရသာလေး နွားနို့ခဲထဲဝင်အောင် ဒယ်အိုးအဖုံးအုပ်၊ မီးလေးလျှော့ပြီးတည်ပေးပါနော်။ ရေခမ်းပြီး ဟင်းအိုးဖျစ်ဖျစ်မြည်ပြီဆိုရင်တော့ ဆား၊ သကြားအနည်းငယ်၊ အချိုမှုန့်၊ ပဲငံပြာရည်အကြည်ထည့်၊ ရေလေးနည်းနည်းထပ်ထည့်ပြီး ဟင်းအိုးကို ထပ်တည်ပေးပါ။ ဒီတစ်ခါ ရေခမ်းခါနီးရင် ငရုတ်သီးစိမ်းလေးအုပ်ပြီး ဟင်းအိုးချလို့ရပြီ။ ကြိုက်လည်းကြိုက်တတ်မယ်၊ ၀ယ်ထားတာလည်း အသင့်ရှိမယ်ဆိုရင်တော့ နံနံပင်လေး၊ ကြက်သွန်မြိတ်လေးအုပ်လိုက်ဦးနော်။ အဲ့ဒါဆိုရင်တော့ ချိုချဉ်ဆိမ့်စပ် အရသာလေးနဲ့ နွားနို့ခဲချက်လေး ရပါပြီနော်။

Saturday, July 26, 2008

ဝက်အချင်းသုပ်

1 comments


မင်္ဂလာပါရှင့့်  ကျွန်မရဲ့ မောင်နှမတွေကို ၀က်အချင်းသုပ်လေး လုပ်ကျွေးချင်ပါတယ်နော်။ တကယ်တမ်းတော့ ၀က်အချင်းဆိုတာ ၀က်သားတုတ်ထိုးလုပ်စားတဲ့အထဲမှာ ထည့်လုပ်တတ်ကြသလို ပြုတ်ပြီးတော့ မော်လမြိုင်အခေါ် ပဲဆီလို့ခေါ်တဲ့ ကြာညို့နဲ့လည်း တို့စားတတ်ကြပါသေးတယ်။ ဒါ့အပြင် တချို့ကလည်း ၀က်ကလီစာဟင်းချက်တဲ့အထဲထည့်တယ်၊ ၀က်အချင်းကိုချည်းသီးသန့် ခြောက်နေအောင် ကြော်ပြီး မြည်းတတ်ကြပါသေးတယ်။ အဲ့ဒီအထဲက ကျွန်မက အသုပ်ကြိုက်တတ်သူမို့ အသုပ်လေး လုပ်ကျွေးပါ ရစေနော်။

ဝက်အချင်းသုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ၀က်အချင်းတစ်တွဲ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဲငံပြာရည်အကျဲ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ဆီ၊ ရှောက်ရွက်၊ သခွားသီး၊ ငံပြာရည်၊ ဆား၊ သကြား၊ သံပုရာသီးနဲ့ ငရုတ်သီးစိမ်းအနည်းငယ်တို့ပါ။







ဝက်အချင်းကို အတွဲလိုက် ရေစင်အောင်ဆေးပေးပါ။ ပြီးရင် ဆား၊ သကြားအနည်းငယ်၊ ပဲငံပြာရည်အကျဲတို့နဲ့ နယ်ပေးပါ။ ချင်းကို အခွံနွှာ၊ ရေဆေးပြီး ညက်အောင်ထားပြီး ချင်းရည်လုပ်ထားပေးပါ။ ပြီးရင် ပြုတ်မယ့်အိုးထဲထည့်ပြီး လုံးရေလေးထည့်ပြီး မီးဖိုပေါ် တည်ပေးပါ။ လုံးရေ ခမ်းပြီဆိုရင်တော့ ၀က်အချင်းကို ဟိုဘက်ဒီဘက်လှန်ပြီး ရေထပ်ထည့်ပြီး မီးအားကောင်းကောင်းနဲ့ ထပ်တည်ပေးပါ။ ၀က်အချင်းက သိပ်နူးသွားရင်လည်း စားမကောင်းတာကြောင့် ပွက်ပွက်ဆူပြီးတဲ့အခါ ချင်းထောင်းရည်လေးညှစ်ထည့်ပြီး ခဏပေးပွက်လိုက်ပါ။ ပြီးရင်တော့ ၀က်အချင်းကို ဆယ်ယူထားလိုက်ပါနော်။ အဲ့ဒီတော့မှ တအားကြီးနူးမသွားဘဲ ထုပ်ထုပ် ထုပ်ထုပ်နဲ့ စားလို့ကောင်းမှာနော်။


ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာပြီး ကြက်သွန်ဖြူကို မညက်တညက်လေးထောင်းလိုက်ပါ။ ကြက်သွန်နီကို ပါးပါးလှီး၊ ရေဆေးပြီး ရေစစ်ပေးထားပါ။ ရှောက်ရွက်နဲ့ သခွားသီးကိုလည်း ရေဆေးပြီး ပါးပါးလေးလှီးပေးထားပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေးပြီး ခပ်သေးသေးလှီးပေးပါ။


အားလုံးအသင့်ဖြစ်ပြီဆိုရင် ၀က်အချင်းကို မထူမပါးလေးတွေလှီး၊ လှီးထားတဲ့ ကြက်သွန်နီ၊ သခွားသီး၊ ငရုတ်သီးစိမ်းထည့်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူထည့်၊ ငံပြာရည်၊ သံပုရာရည်ညှစ်ထည့်ပြီး နှံ့အောင် နယ်ပေးပါ။ ခပ်သွက်သွက်လေးဖြစ်သွားရအောင် ၀က်အချင်းပြုတ်ရည်လေးပါ ဆမ်းထည့်ပေးပါ။ ပြီးရင် လှီးထားတဲ့ ရှောက်ရွက်လေးရယ်၊ ကြက်သွန်ကြော်လေး ဖြူးပြီး အသင့်သုံးဆောင်နိုင်ပါပြီနော်။ ဒါဆိုရင်တော့ ချဉ်ငံစပ်အရသာလေးနဲ့ ၀ါးရတာ ထုပ်ထုပ်လေးနဲ့ စားလို့ကောင်းတဲ့ ၀က်အချင်းသုပ်လေး ရပါပြီနော်။

Thursday, July 24, 2008

မော်လမြိုင်မုန့်ဟင်းခါး

5 comments
မင်္ဂလာပါရှင့့်  ဒီနေ့တော့ ကျွန်မရဲ့ ချစ်မောင်နှမများကို မော်လမြိုင်ရေစိမ်မုန့်ဟင်းခါးချက်ကျွေး ပါဦးမယ်နော်။ ရေစိမ်မုန့်ဟင်းခါးလို့ခေါ်ရတာက လက်ညှစ်ရေစိမ်မုန့်ဖတ်ကို ငါးပြုတ်မုန့်ဟင်းခါးရည်နဲ့ တွဲဖက်သုံးဆောင်ရတာကြောင့်ပါ။ ကျွန်မတို့မော်လမြိုင်မှာတော့ ရေစိမ်မုန့်ဟင်းခါးဆိုရင် ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်ကြပါတယ်။
မော်လမြိုင်မုန့်ဟင်းခါးအတွက် လိုအပ်တဲ့ပစ္စည်းတွေကို အရင်ပြောပြမယ်နော်။ ကျွန်မက ဟင်းချက်တဲ့အခါ အတိုင်းအဆကို မထည့်ဘဲ ပစ္စည်းနာမည်ကိုတွေကိုသာ ရေးချလေ့ရှိပါတယ်။ အဲ့ဒါဘာလို့လဲ ဆိုတော့ ကျွန်မတို့အိမ်က မိသားစုများတော့ အများကြီးချက်ရပါတယ်၊ ဥပမာ မုန့်ဟင်းခါးဆိုရင် တစ်ရက်စာ (ထမင်းလွတ်စားဖို့) အတွက်ဆိုရင် သုံးပိဿာလောက်ချက်ရတာဆိုတော့ အတိုင်းအဆတွေကို ကျွန်မ ထည့်မပြောဘဲ ဒီအတိုင်းရေးလိုက်တာပါနော်။ ဒီအတိုင်းပဲ အပေါ့အငံကိုလည်း ကိုယ်နှစ်သက်မယ့် အရသာအလိုက် ချိန်ဆပြီး ထည့်လိုက်တာကြောင့်ပါနော်။ ရေစိမ်မုန့်ဖတ်လုပ်နည်းကိုတော့ နောက်တစ်ခါ သီးသန့်လုပ်ပေးပါမယ်နော်။ အခုတော့ မုန့်ဟင်းရည်ချက်နည်းကို အဓိကထားပြီးပြောပါမယ်။ အဲ့ လေရှည်နေပြန်ပြီ့ လိုအပ်တာတွေကတော့ ငါးရွှေ ဒါမှမဟုတ် ငါးခူ၊ ကုလားပဲ၊ ချင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငံပြာရည်၊ ငါးပိစိမ်းစားအနည်းငယ်၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ဆားနဲ့ ဆီအနည်းငယ်တို့ပါနော်။ မုန့်ဟင်းခါးနဲ့ တွဲဖက်စားသုံးမယ့် အကြော် (ပဲကြော်၊ ကြက်သွန်ကြော်၊ ဗူးကြော်၊ ငါးဖယ်ကြော်)၊ ဘဲဥ၊ မုန့်ဟင်းခါးဖတ်၊ နံနံပင်နဲ့ ပဲတောင့်ရှည်တို့လည်း ပါပါတယ်။



ငါးကို သေချာဆေးကြောပြီး ခေါင်းဖြတ်၊ ဗိုက်ခွဲပြီးကလီစာတွေထုတ်ပစ်၊ အရိအရွဲတွေ စင်အောင် ဆေးပစ်၊ ပြီးတော့မှ ငါးကို ဆား၊ နနွင်း၊ ငါးပိစိမ်းစားအနည်းငယ်တို့နဲ့ နယ်ထားပေးပါ။ စပါးလင် အနည်းဆုံး သုံးပင်လောက်ကို အရွက်တွေကို ရေဆေး၊ သေချာဖြတ်ပစ်ပြီးတော့မှ တစ်ပတ်လျှို ထုံးပေးပါ။ စပါးလင်အရင်းပိုင်းကိုလည်း ရေစင်အောင် ရွက်ကျိုရွက်ကြား သေချာဆေးကြောပြီး ဓားနောင့်နဲ့ ခပ်နာနာလေး ထုပေးလိုက်ပါ။ ပြီးတော့မှ ငါးပြုတ်တဲ့အခါ ရောပြုတ်ဖို့ အသင့်ပြင်ပေးထားပါ။ ငါးပြုတ်ဖို့အသင့်ဖြစ်ပြီ ဆိုရင်တော့ မီးဖိုပေါ်မှာ မီးအားပုံမှန်နဲ့ပဲ ငါးပြုတ်အိုးတည်ပေးပါ။ ငါးပြုတ်အိုးထဲကို နယ်ထားတဲ့ငါး၊ စပါးလင်၊ ငံပြာရည်အနည်းငယ်နဲ့ ရေကို အနည်းဆုံး ငါးမြုပ်တဲ့အထိ ထည့်ပြီး ပြုတ်ပေးပါ။ ငါးပြုတ်ကို တစ်ဘက်က ကျက်ပြီဆိုရင် ဟိုဘက်လှန်ပြီး ပြုတ်ပေးပါ။ ငါးပြုတ်ရပြီဆိုရင်တော့ ငါးပြုတ်ရည်ထဲကနေ ငါးကိုဆယ်ယူပြီး အအေးခံထားပါ။
ကုလားပဲကိုတော့ ရေနွေးလေးနဲ့(၃) နာရီလောက်စိမ်ထားပေးပါ။ ငါးပြုတ်အိုး မီးဖိုပေါ်ကနေ ကျပြီဆိုရင်တော့ ကုလားပဲပြုတ်အိုးကို မီးဖိုပေါ်တင်ပေးပါ။ ကုလားပဲပြုတ်အိုး မီးဖိုပေါ် တည်ထားစဉ်မှာ ချင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံသင်ရမှာသင်၊ ရေဆေးရမှာကို ဆေးပြီးရင် စပါးလင်ကို ပါးပါးလှီး၊ ချင်းကိုလည်းအခွံသင်ပြီး မထူမပါးလှီးပေးထားပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုလည်း အခွံသင်ပြီး ဆီချက်ကြော်ဖို့အတွက် ပါးပါးလှီးသင့်တာလှီး၊ ဟင်းအိုးထဲထည့်ဖို့အတွက် ချင်း၊ စပါးလင်နဲ့ ကြက်သွန်ဖြူနီကို အတူရောထောင်းဖို့လည်း ဖယ်သင့်တာဖယ်ပြီးတော့မှ ကြက်သွန်နီဥ ခပ်သေးသေးလေးတွေကို မုန့်ဟင်းရည်ထဲ ထည့်ခပ်ဖို့ အခွံနွှာရေဆေးပြီး သီးသန့်ဖယ်ထားပေးပါ။
မုန့်ဟင်းခါးအိုးထဲထည့်ချက်မယ့် အဆာပလာတွေ ပြင်ထားပြီးရင်တော့ ငါးအရိုးနွှင်ပါနော်။ အသားတွေကို သီးသန့်ဖယ်ထားပြီး ငါးအရိုးတွေကို ငရုတ်ဆုံလေးထဲအသာထည့်ထောင်းပြီး အရိုးတွေကို ရေဇလုံလေးထဲထည့်ပြီး ရေငင်ယူပါနော်။ ပဲပြုတ်တာနူးပြီးဆိုရင်လည်း ပဲကို စကာနဲ့တိုက်၊ ဒါမှမဟုတ် ကြိတ်စက်နဲ့ကြိတ်ပေးပါ။
အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတည် ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေးထည့်၊ ပြီးတော့ ပါးပါးလှီးထားတဲ့ကြက်သွန်ဖြူတွေထည့်ပြီး မီးအသင့်အတင့်နဲ့ ဆီချက်ကြော်ပါ။ ဆီချက်ကြော်နေစဉ်မှာ မွှေရင်းနဲ့ ကြက်သွန်အရောင်လေးရဲလာပြီဆိုရင် မီးပိတ်၊ ဆီချက်အိုး မီးဖိုပေါ်ကချပြီး ဆီအပူရှိန်နဲ့ ဆီချက်ကျက် အောင်ထားလိုက်ပါနော်။ ပြီးတော့မှ ပန်းကန်လုံးလေးထဲ ဆီချက်တွေကို ပြောင်းထည့်ပေးပါ။ ပြီးရင် ဒယ်အိုးထဲကို ဆီလေးနည်းနည်းထပ်ဖြည့်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူနီချင်းစပါးလင်ထဲက သုံးပုံနှစ်ပုံကို အရိုးနွှင်ပြီးသား ငါးသုံးပုံနှစ်ပုံဖြင့်ရောကာ ဆီသတ်ပြီး သီးသန့်ဖယ်ပေးပါနော်။
မုန့်ဟင်းရည်အိုးပြင်ရအောင်နော့့်  အိုးထဲမှာ ငါးပြုတ်ရည်ထည့်ပါ။ ပြီးလျှင်ရေထပ်ထည့်ပါ။ ကုလားပဲနှစ်နှင့် ဆီမသတ်ဘဲ ဖယ်ထားသော ငါးနှင့်စပါးလင်ဂျင်း ကြက်သွန်ဖြူနီတို့ကိုထည့်ပြီးတည်ပေးပါ။ ဆား၊ ငံပြာရည်၊ ဟင်းချိုမှုန့်ထည့်ပါ။ ပွက်ပွက်ဆူလာလျှင် ဆီသတ်ထားသော ငါးများကိုထည့်ပါ။ ဟင်း အပေါ့အငံကို မြည်းကြည့်ပါ။ ကြက်သွန်နီအစိမ်းလေးများကို ထည့်ပါ။ ကြိုက်တတ်ရင် ငရုတ်ကောင်း မှုန့်အနည်းငယ်ထည့်ပါ။ အဲ့ဒါဆိုရင်တော့ မုန့်ဟင်းရည်အိုးရပြီ။
မြန်မာပြည်မှာတော့ မုန့်ဖတ်ဝယ်ရတာ လွယ်တယ်လေ။ ပြည်ပက မောင်နှမများအတွက် မုန့်ဖတ်ပြုတ်ဖို့က ပထမဦးဆုံးအိုးထဲမှာ ရေထည့် ပွက်ပွက်ဆူအောင်တည်ပါ။ မုန့်ဖတ်ရဲ့အပျော့အမာကို မသိသေးတဲ့အတွက် ပထမအကြိမ်တွင် မုန့်ဖတ်အနည်းငယ်သာထည့်ပြုတ်ပါ။ ပြီးလျှင်မုန့်ဖတ်ကိုမွှေပေးပါ။ မမွှေမိရင် မုန့်ဖတ်တွေပူးကပ်သွားပြီး မနပ်ဘဲ စားမရဖြစ်သွားတတ်ပါတယ်။ သတိထားပြီး မုန့်ဖတ်ကိုပြုတ်ပြီး ရေအေးအေးဖြင့် ဆေးပါ။ စကာနဲ့စစ်သည့်အခါ မုန့်ဖတ်အေးနေအောင် ရေဆေးပြီးမှ စစ်ပါ။ မုန့်ဖတ်ကို သတိထားပြုတ်ပါ။မုန့်ဖတ်အေးသည်အထိ ရေဆေးရန်သတိပြုပါ။ အနွေးဓာတ်ကျန်နေပါက မုန့်ဖတ်များ ပူးသွား ပြီး စားမကောင်းဖြစ်တတ်ပါတယ်နော်။
နံနံပင်၊ ကြက်သွန်မြိတ်၊ ပဲသီးတို့ကို ရေစင်အောင်ဆေးကာ အလောတော်လှီးထားပါ။ ကြက်ဥပြုတ်များ လှီးထားပါ။ ငရုတ်သီးအကျက်မှုန့်များပြင်ထားပါ။ ငံပြာရည်ချထားပါ။ သံပုရာသီးများစိတ်ထားပေးပါ။ ကိုယ်နှစ်သက်မယ့်အရသာဖြစ်အောင် ပြင်ဆင်ပြီးစားပေါ့နော်။
မုန့်ပွဲပြင်ဖို့ ပန်းကန်တစ်လုံးယူ၊ မုန့်ဖတ်ထည့်၊ ဟင်းရည်ပူပူလေးထည့်၊ ပြီးတော့မှ အပေါ်ကနေ ဆီချက်ထည့်၊ နံနံပင်၊ ပဲသီး၊ ငရုတ်သီးအကျက်မှုန့်၊ ဘဲဥ၊ ကျွန်မက ကြက်သွန်ကြော် ကြိုက်သူမို့ ကြက်သွန်ကြော်ထည့်၊ ငံပြာရည်လေး နည်းနည်းထည့်၊ သံပုရာရည်လေးညှစ်ထည့်လိုက်ပါတယ်။ အဲ့ဒါဆိုရင်တော့ မော်လမြိုင်မုန့်ဟင်းခါးလေးရပါပြီနော်။ ငါးပြုတ်ဟင်းရည် ချိုချိုလေးနဲ့ မော်လမြိုင်မုန့်ဟင်းခါး ရပါပြီနော်။

Sunday, July 20, 2008

ဆားဘဲဥလုပ်ကြရအောင့့် 

2 comments

အားလုံးမင်္ဂလာပါရှင့့်  ဒီတစ်ခါ လုလုမောင်နှမတွေကို ဘဲဥအငန်ပြုလုပ်နည်းလေး ပြောပြပါရစေဦးနော်။ ကျွန်မတို့ မော်လမြိုင်မှာ ညဘက်ဆိုရင် ဘဲဥဆားနယ်ပြုတ်ဆိုပြီး အော်ကာ လှည့်ရောင်းတတ်တဲ့ ဦးလေးကြီးတစ်ယောက်ရှိတယ်။ ညတိုင်း မုန့်ဖက်ထုပ်ပူပူနွေးနွေးဆိုပြီး အော်ရောင်းတတ်တဲ့ဈေးသည်ရယ်၊ ဘဲဥဆားနယ်ပြုတ်အသည်ရယ် ရှိတယ်။ ကျွန်မ ခပ်ငယ်ငယ်က ဘဲဥဆားနယ်ကို ဘယ်လိုလုပ်ရတယ်ဆိုတာကို မသိပေမယ့် ဘဲဥဆားနယ်ရဲ့အထဲက အနှစ်လေးကို အရမ်းကြိုက်တာ့ အခုထက်ထိ ကြိုက်တယ့့်  ဘဲဥဆားနယ်ရဲ့ အထဲက အနှစ်လေးက လိပ်ဥပြုတ်လေးလိုလို၊ ဂျယ်လီလုံးလေးလိုလိုနဲ့ အရမ်းကို စားကောင်းပါတယ်။ အဲ့ဒါနဲ့ အခု အဲ့ဒီဘဲဥဆားနယ် ဘယ်လို လုပ်ရတယ်ဆိုတာလေးကို မျှဝေပါရစေနော်။
ဘဲဥဆားနယ် (ကြက်ဥ၊ ငုံးဥလည်းရပါတယ်) လုပ်ဖို့အတွက် အဓိက လိုအပ်တာက ဘဲဥ၊ ဆား၊ ရွှံ့စေး၊ ရေ နဲ့ မြေအိုးသို့မဟုတ် အ၀ကျယ်ပုလင်းသန့်သန့်တို့ပါနော်။

ဘဲဥလတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထားပါ။ ပထမတစ်နည်းကတော့ မီးဖိုပေါ်မှာ ရေနွေးအိုးတည်ပြီး ရေနွေးဆူလာအောင် စောင့်ပါ။ ရေနွေးပွက်ပွက်ဆူလာတာနဲ့ ဆားခပ်များများထည့်ပြီး ကျိုပါ။ ဆားအားလုံး အရည်ပျော်သွားပြီဆိုရင် နောက်ထပ် ဆားထပ်ထည့်ပြီး ကျိုပါ။ နောက်ဆုံး ထပ်ထည့်တဲ့ဆား လုံးဝကို မပျော်ဝင် နိုင်တော့တဲ့အထိ ကျိုပါ။ ပြီးရင် ဆားကျိုရည်ကို အအေးခံထားပါ။ အဲ့ဒီအချိန်မှာ ဆားတချို့ဟာ ခြောက်ပြီး အပွင့်လေးတွေ တက်လာတာကို တွေ့ရပါမယ်နော်။ ဆားပျော်ရည်အေးသွားပြီဆိုရင် ပုလင်း ဒါမှမဟုတ် မြေအိုးထဲကို ဘဲဥတွေ ထည့်ပါ။ ပြီးတော့ အပေါ်ကနေ ဆားပျော်ရည်တွေ လောင်းထည့်ပေးပြီး အဖုံးကို ပိတ်ပေးပြီး အေးပြီး အလင်းရောင်တိုက်ရိုက်မရတဲ့နေရာမှာ အနည်းဆုံးနှစ်ပတ်ကနေ တစ်လထိ သိမ်းပေးပါနော်။ ဆားရည်ထဲ စိမ်တဲ့အချိန်ကြာလေလေ ဘဲဥထဲကို ဆားငံဓာတ်များများဝင်လေလေပါပဲ။ ဆားရည်ကျိုတဲ့ အခါမှာလည်း ဆားများများထည့်ဖို့မမေ့နဲ့ဦးနော်။ တစ်လကြာပြီဆိုမှ ဆားရည်အိုးထဲကနေ ဘဲဥတွေကို ဆယ်ယူ၊ ရေဆေး၊ ခြောက်အောင်အ၀တ်နဲ့သုပ်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တာ ထည့်သိမ်း၊ စားမယ်ဆိုရင်လည်း အဆင်သင့်ဖြစ်ပါပြီ။
ဒုတိယနည်းကတော့ ရွှံ့စေးတွေကို ဆားတွေနဲ့ နယ်ပြီး ဘဲဥကို မံပေးရတာပါ။ ရွှံ့စေးတွေနဲ့ နယ်ပြီး ဘဲဥရဲ့ အပေါ်ကနေ ဆားတွေ ပက်ပေးပြီး ဘဲဥတွေကို သစ်သားသေတ္တာအကျဲထဲထည့်ပြီး အလင်းရောင် တိုက်ရိုက်မရဘဲ အေးပြီး ခြောက်သွေ့တဲ့နေရာမှာ နှစ်ပတ်ကနေ တစ်လအထိ သိမ်းပေးပါနော်။ တစ်လကြာရင်တော့ အပေါ်က မံထားတဲ့ ရွှံ့တွေကို ခွာထုတ်၊ ရေဆေးပြီးမှ ချက်စားဖို့အသင့်ဖြစ်တဲ့ ဆားဘဲဥရပါပြီနော်။
ဆားဘဲဥကို ပြုတ်ပြီးတော့ ထမင်းပူပူလေးနဲ့ ဆီလေးဆမ်းပြီး နယ်စားတတ်ကြသလို တချို့ကလည်း ဆန်ပြုတ်နဲ့ စားတတ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကြော်တဲ့အခါမှာလည်း ဆားဘဲဥကို ဖောက်ပြီး ထည့်ကြော် တတ်ပါတယ်။ ၀က်သားပေါင်းပြီးရင်လည်း ဘဲဥအငန်လေးထည့်ပြီး စားတတ်သေးတယ်နော်။ အမျိုးသမီးများနဲ့ ပိုပြီးသင့်တော်တယ်လို့ အဖွားကပြောပါတယ်။ အဲ့ သွေးတိုးရှိတဲ့လူတော့ သိပ်မစားနဲ့နော်။ ကျွန်မကတော့ ဘဲဥအလယ်က ဂျယ်လီလေးလို ဖြစ်နေတဲ့ အနှစ်ကို ပိုကြိုက်တယ့့် 

Saturday, July 19, 2008

ဒိန်ချဉ်ပြုလုပ်နည်း

8 comments
ကျွန်မမောင်နှမများကို ဒီတစ်ခါမှာတော့ ဒိန်ချဉ်လုပ်နည်းလေး လက်ဆင့်ကမ်းပါရစေ။ (ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်ထဲမှ အမတစ်ယောက် အိန္ဒိယနိုင်ငံမှာ ပညာတော်သင်သွားရင်း ရလာခဲ့တဲ့နည်းလေးကို ကျွန်မ တဆင့် ပွားပေးလိုက်တာပါ)။
ဒိန်ချဉ်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ နွားနို့ရယ်၊ သံပုရာရည် (သို့မဟုတ်) ဒိန်ချဉ် လက်ဘက်ရည်ဇွန်းတစ်ဇွန်းတို့ပါနော်။ နောက်ပြီး ဒိန်ချဉ်နဲ့တွဲဖက်သောက်သုံးမယ့် ထန်းလျက်ရည် (သို့မဟုတ်) သကြား၊ ပျားရည် စတာတို့ပေါ့နော်။
ဒိန်ချဉ်လုပ်တဲ့နေရာမှာ အဓိကအရေးကြီးတာကတော့ ဒိန်ချဉ်တည်မယ့် အိုး၊ ဒါမှမဟုတ် အ၀ကျယ်ပုလင်း၊ ဖန်ပန်းကန်စတာတွေကို သန့်စင်အောင် ရေနွေးနဲ့ပြုတ်ပြီး ဆေးရပါတယ်။ အသုံးပြုမယ့် ပစ္စည်းကိရိယာအားလုံးကို တတ်နိုင်ရင် ရေနွေးနဲ့ပြုတ်ဆေးပြီးမှ သုံးပါ။ တခြားဟင်းနံ့တွေနဲ့လည်း မရောစေအောင် သတိထားပြီးမှ လုပ်ပါနော်။
နွားနို့အပြင် တခြားသော နို့ (ဆိတ်နို့၊ ကျွဲနို့) စတာတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ အဆီထုတ်ထားတဲ့နို့ဆိုရင်တော့ ကျန်းမာရေးအတွက် ပိုပြီးသင့်လျော်ပါတယ်။ နွားနို့ (၁) လီတာကို မီးအားပြင်းပြင်းနဲ့ ပွက်ပွက်ဆူအောင်ကျိုပါ။ ပြီးရင် နောက်ထပ်နွားနို့အစိမ်းကို ထပ်ထည့်ပြီး ပွက်ပွက်ဆူအောင် ထပ်ကျိုပေးပါ။ အဲ့ဒီလိုကျိုပေးရင်းနဲ့ မလိုင်ထူထူနဲ့ နွားနို့ဆူဆူလေး ရပါပြီ။ နွားနို့ဆူပြီဆိုတာနဲ့ ဒိန်ချဉ်လုပ်မယ့် မြေအိုး ဒါမှမဟုတ် ခွက်လေးတွေထဲကို နွားနို့ပူပူလေးတွေလောင်းထည့်ပေးပါ။ ထည့်ပြီးသား နွားနို့တွေကို ၂ မိနစ်လောက် ခဏမွှေပေးပြီး အအေးခံထားပေးပါ။ နို့ထည့်ထားတဲ့ ဗူးလေးကို လက်ဝါးလေးကပ်ပြီး အသာစမ်းကြည့်ပါ။ ခပ်နွေးနွေးလေးဖြစ်ပြီဆိုရင် အဲ့ဒီနို့ထဲကို သံပုရာရည်တစ်စက် (ရေစက်ကလေးတစ်စက်) စာလောက်ထည့်ပေးပါ။ ဒါမှမဟုတ်ရင်လည်း အရင်ရက်က လုပ်ထားတဲ့ ဒိန်ချဉ် လက်ဘက်ရည်ဇွန်းတစ်ဇွန်းစာ ထည့်ပေးပြီး အဲ့ဒီအိုး/ပုလင်း/ဗူးကို မလှုပ်မယှက်စေဘဲ (၆) နာရီကြာအောင် အခန်းအပူအချိန်အတိုင်း ထားပေးပါ။ (၆) နာရီနောက်ပိုင်းကျရင်တော့ အဲ့ဒီနို့လေးတွေဟာ ခဲပြီး အပေါ်မှာ အရည်ကြည်လေးတွေ နည်းနည်း တက်နေတာကို တွေ့ရပါမယ်။ အဲ့ဒီအရည်တွေကို တချို့ကလည်း ခပ်ထုပ်ပစ်ကြသလို တချို့ကလည်း ဒီအတိုင်းထားပါတယ်။ ရလာတဲ့ ဒိန်ချဉ်ဗူး/အိုး/ပုလင်းကိုမှ အဖုံးအုပ်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းဆိုရင် အနည်းဆုံး ၃ ရက်ကနေ ၅ ရက် တစ်ပတ်ထိ အထားခံပါတယ်။
ဒိန်ချဉ်နဲ့ တွဲဖက်သောက်သုံးဖို့အတွက် ထန်းလျက်ရည်ကျိုမယ်ဆိုရင်လည်း ထန်းလျက် ၅၀ သားကို ရေတစ်လီတာနဲ့ရောကျိုပြီး အမှိုက်၊ သဲမပါအောင် သေချာစစ်ပြီးမှ ခပ်ပျစ်ပျစ်ရအောင် ကျိုပေးပြီး အအေးခံထားပါနော်။ သကြားနဲ့ဆိုရင်တော့ ဒီအတိုင်းရောပြီး ခပ်စားလိုက်ရုံပါပဲ။ တချို့ကလည်း ပျားရည်နဲ့ တွဲဖက်ပြီး စားသုံးကြပါတယ်နော်။ တချို့ကလည်း ဒိန်ချဉ်ကို ရာသီပေါ်အသီးအနှံတွေထည့်ပြီး စားသုံးတတ်ကြ ပါသေးတယ်။
ကျွန်မအကြိုက်ကတော့ ဒိန်ချဉ်ထဲကို ထန်းလျက်ရည်ချိုချိုပျစ်ပျစ်လေးထည့်ပြီး မွှေစားလိုက်တာပဲ။ ကလေးတွေကတော့ ရေခဲတုံးလေးတွေထည့်ပေးရင် ပိုကြိုက်ကြတယ်။ အမေကတော့ ပျားရည်လေးနဲ့ ပိုကြိုက်တယ်တဲ့။ ကျွန်မရဲ့ မောင်နှမတွေကရော ဘယ်လိုမျိုးများ ကြိုက်ကြလဲဟင့့် 

Tuesday, July 8, 2008

ကြက်သားချဉ်စပ်သုပ်

3 comments

အားလုံးမင်္ဂလာပါနော်။ ကျွန်မ မောင်နှမတွေကို ဒီတစ်ခါမှာတော့ ကြက်သားသုပ်လေး သုပ်ကျွေးပါရစေ။ ကြက်သားကို အမျိုးမျိုးသုပ်စားကြတဲ့အထဲက အခုတစ်ခါမှာတော့ ကျွန်မ ကြက်သားသုပ်ကို ချဉ်ချဉ်စပ်စပ်လေး သုပ်ကျွေးမယ်နော်။
ကြက်သားသုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်သားအသား၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုပ်ကောင်း၊ ကြက်သွန်မြိတ်၊ နံနံပင်၊ သံပုရာသီး၊ ကြက်သွန်ဖြူကြော်၊ ငရုတ်သီးအပုတောင့် အကြမ်းမှုန့်၊ သကြား၊ ဆီ၊ ငံပြာရည်နဲ့ ဟင်းခတ်မှုန့် အနည်းငယ်တို့ပါနော်။
ကြက်သားအသားချည်း (၂၅) ကျပ်သား သီးသန့်ဝယ်၊ ရေသန့်စင်အောင်ဆေးပြီး ဆား၊ ငံပြာရည်၊ သကြား၊ ဟင်းခတ်မှုန့်အနည်းငယ်တို့နဲ့ ခပ်နာနာနယ်နှပ်ထားပေးပါ။ ကြက်သွန်ဖြူ ဥတစ်လုံး ၁၅ လုံး လောက်ကို အခွံနွှာ၊ ရေဆေးပေးထားပါ။ ကြက်သွန်မြိတ်နဲ့ နံနံပင်ကို ရေစင်အောင်ဆေးပြီး လိုတဲ့အရွယ်လောက် လှီးဖြတ်ထားပေးပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေးပြီး အညှာချွေ ထားပါ။ ချင်းကိုလည်း အခွံနွှာ၊ ရေဆေးပြီး မထူမပါးလေးဖြစ်အောင် လှီးပေးထားပါ။


အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ်ဒယ်အိုးတင်ဆီနည်းနည်းထည့် ဆီပူလာရင် ငရုတ်သီး အကြမ်းမှုန့်လေးထည့်၊ ကမန်းကတမ်းမွှေပြီး မီးဖိုပေါ်ကချထားပေးပါ။ နယ်နှပ်ထားတဲ့ ကြက်သားကိုလည်း ချင်းနဲ့ရောပြီး ကျက်အောင် ပြုတ်ပေးပါ။ ကြက်သားပြုတ်နေချိန်မှာ ကြက်သွန်ဖြူ မညက်တညက်ထောင်း၊ ငရုတ်သီးစိမ်းကိုလည်း မညက်တညက်ထောင်းပေးထားပါ။ ကြက်သားပြုတ်ရပြီဆိုရင် ကြက်သားဖတ်လေးတွေ ကို ဆယ်ယူပြီး ပန်းကန်တစ်ချပ်ထဲထည့်ပြီး အအေးခံထားပါ။ အေးသွားရင် ကြက်သားတွေကို အသားမျှင် လေးတွေဖြစ်အောင် မျှင်ပေးပါ။
ပြီးရင် ဇလုံတစ်လုံးထဲမှာ ကြက်သားရယ်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ သံပုရာရည်၊ ငံပြာရည်၊ ငရုတ်သီးအကြမ်းမှုန့်ဆီချက်ရယ်၊ အချိုမှုန့်အနည်းငယ်တို့ကိုထည့်ပြီး နှံ့အောင်နယ်ပေးပါ။ အရသာကတော့ အားလုံး ခပ်ကဲကဲပဲ၊ ချဉ်ငံစပ်ပြဲလန်။ ပြီးတော့မှ အပေါ်ကနေ ကြက်သွန်မြိတ်နဲ့ နံနံပင်ထည့်၊ ကြက်သွန်ဖြူကြော်လေးဖြူး၊ ငရုတ်ကောင်းမှုန့်လေး နည်းနည်းဖြူးပေးပါနော်။ ကြက်ပြုတ်ရည်လေးရယ်၊ ကြက်သားသုပ်ချဉ်ငံစပ်လေးရယ်၊ ထမင်းဖြူပူပူနွေးနွေးလေးနဲ့ဆိုရင်တော့ မျက်ရည်လည်တဲ့အထိ လျှာသွက်သွားမှာနော်။ လက်ကိုင်ပုဝါလေးလည်း ဆောင်ထားဖို့ မမေ့နဲ့ဦးနော်။