Friday, March 12, 2010

ဂဏန်းပေါင်း


             ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမများကို  ကဏန်းပေါင်း လေး လုပ်ကျွေးပါရစေဦးနော်။ 

            ကဏန်းပေါင်းလုပ်ရတာ အရမ်းကို လွယ်ကူလှပြီး စားလို့ကောင်းတာမို့ မောင်နှမတွေကို လက်ဆင့်ကမ်း မျှဝေလိုက်တာပါနော်။

            လိုအပ်တဲ့ပစ္စည်းတွေကတော့ ကဏန်း၊ အချဉ်လုပ်ဖို့အတွက် တရုပ်နံနံ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပဲငံပြာရည်အနည်းငယ်၊ ဆား၊ သကြားအနည်းငယ်နဲ့ သံပရာသီးတို့ပါနော်။

            ကဏန်းကို ဘရှပ်နဲ့ တိုက်ချွတ်ပြီး ရေနဲ့သန့်စင်အောင်ဆေးကြောပါတယ်။ ပြီးရင် ခြေချောင်းလေး တွေရဲ့ အဖျားပိုင်းတွေကို ဖယ်ပစ်ပါတယ်။ ပြီးတော့ ကဏန်းကို ပက်လက်လှန်လိုက်ပြီး  တြိဂံပုံလေးလိုဖြစ်နေတဲ့ အပိုင်းကို ဖယ်ရှားပစ်လိုက်ပါတယ်နော်။ ပြီးရင် ဂဏန်းရဲ့ အခွံမာကို ခွာပစ်ပြီး ပါးဟက်လိုဟာတွေကို ဖယ်ရှားပစ်ပါတယ်။ ပြီးတော့မှ သန့်စင်အောင် ရေနဲ့ ပြန်ဆေးပါတယ်နော်။

            ကဏန်းပေါင်းဖို့အတွက် ပေါင်းအိုးထဲ ရေထည့်ပါတယ်။ ပြီးတော့မှ အပေါ်ကနေ ဇကာလေး တင်ပြီး ကဏန်းတွေကို စီစီရီရီထည့်ပါနော်။ ပြီးရင် အဖုံးအုပ်ပြီး စပေါင်းပါတယ်။ ၁၅ မိနစ်လောက်ကြာရင် ကဏန်းတွေ နီရဲလာတာကို တွေ့ရပါမယ်နော်။ အဲ့ဒီအချိန်ကျရင် ကဏန်းတွေကို ဟိုဘက်ဒီဘက် လှန်ပေးလိုက်ပါတယ်နော်။ ပြီးတော့ ၁၀ မိနစ် ထပ်ပေါင်းပါတယ်နော်။ ၁၀ မိနစ်ပြီးရင်တော့ ကောင်းမွန်စွာ ကျက်နေပြီဖြစ်တဲ့ ကဏန်းပေါင်းကို ရရှိမှာ ဖြစ်ပါတယ်နော်။ 

            အချဉ်အတွက် တရုတ်နံနံရယ်၊ ကြက်သွန်ဖြူရယ်၊ ငရုတ်သီးစိမ်းရယ်ကို သန့်စင်အောင် ရေဆေးပြီးတော့ ပါးပါးလေးတွေ ရအောင်လှီးပါတယ်။ ရလာတာကို ပဲငံပြာရည်အနည်းငယ်၊ ဆားနဲ့ သကြားအနည်းငယ်စီ ထည့်ပါတယ်နော်။ ပြီးရင် သံပရာရည်ကို ထည့်ပြီး ကောင်းမွန်စွာ သမအောင် ရောမွေပေး ပါတယ်နော်။ တကယ်လို့ တရုတ်နံနံ အနံ့ကို မကြိုက်တဲ့သူဆိုရင်တော့ နံနံပင်ထည့်လို့ရသလို၊ မကြိုက်ရင်လည်း ငရုတ်သီးစိမ်း ကြက်သွန်ဖြူနဲ့ပဲ လုပ်လည်းရပါတယ်နော်။

            အချဉ်လည်း အသင့်ဖြစ်ပြီဆိုရင်တော့ ကဏန်းပေါင်း ပူပူနွေးနွေးလေးကို ချဉ်ငံစပ်အရသာလေးနဲ့ မွှေးကြိုင်လှတဲ့ အချဉ်လေးနဲ့ အသင့်သုံးဆောင်နိုင်ပါပြီနော်။

            ပုံလေးကတော့ အင်ဒိုနီးရှားအမေကို မနေ့ညက လုပ်ကျွေးခဲ့တဲ့ ဂဏန်းပေါင်းလေးပါနော်။ ကဏန်းအပြင် ပင်လယ်စာကြိုက်တတ်တဲ့သူများအနေနဲ့ ပုစွန်၊ ခရု စတာတွေကိုလည်းအခုလိုပဲ ပေါင်းစားရင် သိပ်ပြီး အရသာရှိလှပါတယ်နော်။ 

            ပင်လယ်စာကြိုက်တတ်တဲ့ မောင်နှမများ၊ ပင်လယ်စာနဲ့ တည့်တဲ့မောင်နှမများ တစ်ခါတလေ အပျင်းပြေ ကဏန်းပေါင်းလေး လုပ်စားကြည့်ပါဦးနော်။

7 comments:

  1. မမလုရေ...
    ဂဏန်းပေါင်းကြိုက်တယ်...စားချင်တယ်...

    ReplyDelete
  2. မင်္ဂလာပါ..

    အင်း..ဒီလို ဖော်ပြထားတော့လဲ ဂဏန်းပေါင်းက အလွယ်သား။ ခုတ်ရ..ထစ်ရတာတော့ လုပ်ချင်ဘူးဗျ... ခုတ်ပြီးသားလေးတွေ ၀ယ်လို့ရရင် ကောင်းမှာ...

    စမ်းကြည့်အုန်းမှ... ဂဏန်းပေါင်း စားချင်နေတာ အတော်ကြာပြီ..

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  3. ဒါလေးက အစာပလာ သိပ်မလိုဘူးနော်..။ လူစုံရင် လုပ်စားရမယ်.. လာလည်နော် :D

    ReplyDelete
  4. သွားရေကျအောင်လုပ်နေပြန်ပြီ။
    လူစုံမှလုပ်စားမယ်။ တစ်ယောက်ထဲ မကုန်ဘူး။

    ReplyDelete
  5. မိုက်တယ်... ဂဏန်းပေါင်းအရမ်းကြိုက်တာ... သွားရည်တွေကျလာပြီ... ဂလုဂလု

    ReplyDelete
  6. ဂဏန်းပေါင်း လို့ကြား ၀င်စားမလားဆိုပီး ရောက်လာတယ်။ အင်း ... ဒီရောက်မှ စားစရာတွေကအများကြီး.. ဗိုက်ဆာတိုင်း လာစားတော့မယ်။

    ReplyDelete
  7. မိုးမိုးရေ့ 
    ကဏန်းပေါင်းကြိုက်ရင် လုပ်စားကြည့်ပါနော် လွယ်တယ်နော်။
    ကိုမျိုးရေ့ 
    တချို့ဆိုင်တွေမှာ ခုတ်ထစ်ပြီးသား ကဏန်းတွေ အလွယ်တကူဝယ်လို့ရပါတယ်နော်။
    လသာညနဲ့ မမရှင်လေးရေ့ 
    လူစုံလို့ လုပ်စားဖြစ်ရင် လက်တို့ပါဦးနော်။
    snow of roses ရေ့  ကဏန်းပေါင်းကြိုက်ရင် စားသွားပါနော်။
    ပေါ့ဆိမ့်ရေ့  ဗိုက်ဆာတိုင်းလာပါနော်။ ကြိုဆိုလျက်ပါနော်။

    ReplyDelete