Wednesday, March 10, 2010

ကြံမဆိုင်နဲ့ ဆက်စပ်ဟင်းလျာများ

          ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမများကို ကြံမဆိုင်လုပ်နည်းနဲ့ ကြံမဆိုင်နဲ့ ဆက်စပ်ဟင်းလျာများချက်ပြုတ်နည်းကို မျှဝေပေးပါရစေနော်။ ကျွန်မရဲ့ ဘလော့ဂ်မှာ ကိုဒူကဘာ မေးထားတဲ့ မုန်ညင်းချဉ်ဆိုတာ ဒါကိုများ ပြောသလားလို့လည်း စိတ်ထဲတွေးမိပြီး ကိုဒူကဘာအပေါ် ကျွန်မ အကြွေးတင်နေတာ တော်တော်ကြီးကို ကြာနေပြီမို့ ဒီကနေ အကြွေးဆပ်လိုက်ပါ တယ်နော်။

ကြံမဆိုင်လို့ ကျွန်မတို့ မော်လမြိုင်ဘက်က အခေါ်ရှိပေမယ့် တခြားဒေသမှာ ဘယ်လိုခေါ်လဲ ကျွန်မ သေသေချာချာ မသိပါဘူးနော်။ ကြံမဆိုင်ခေါ် မုန်ညင်းချဉ်လို့ သုံးနှုန်းပြန်ရင်လည်း ကျွန်မမျက်စိထဲ မုန်ညင်းချဉ်ဆိုရင် ရှမ်းခေါက်ဆွဲ တို့နဲ့စားတဲ့ ရှမ်းချဉ်ကို ပြေးမြင်မိပြန်ရော။ ခက်တော့တာပဲ၊ ကြံမဆိုင်ဆိုရင်လည်း ကြံပင်ကြီးများ ပြေးမြင်နေကြ မလားလို့ စိုးရိမ်မိသေးတယ်။ ဒါနဲ့ ကျွန်မသူငယ်ချင်း တီး ကို မေးကြည့်တော့ ကြံမဆိုင်လို့ပဲ ရေးပါတဲ့။ မုန်ညင်းချဉ်ဆိုရင် အကုန်ရောကုန်မှာစိုးလို့တဲ့၊ ပြီးတော့မှ ကြံမဆိုင် definition ကို ဖွင့်ပေါ့တဲ့။ ခက်တာက ကြံမဆိုင်ဆိုတာကို မောင်နှမတွေ မျက်လုံးထဲ မြင်အောင် ဘယ်လိုပြောရမလဲလို့ စဉ်းစားရခက်နေတာပါ။

            တကယ်တော့ ကြံမဆိုင်ဆိုတာ မုန်ညင်းစိမ်းအပင်ဖားဖားကြီးတွေကို ရေဆေး၊ တစ်ရက် နေရောင်ပြးပြီးတော့ အချဉ်တည်ပြီး ရလာတာကို ကြံမဆိုင်လို့ ခေါ်တယ်လို့ ကျွန်မသိတာပါ။ ကျွန်မတို့အိမ်က လုပ်တဲ့နည်းပါနော်။ တခြားမောင်နှမများအနေနဲ့ တခြားနည်းနဲ့ တခြားအခေါ်အဝေါ်များရှိခဲ့သိခဲ့ရင်လည်း ကျွန်မကို ကော်မန့်မှာ ရေးခဲ့ပေးပါဦးနော်။ အားလုံးမျှဝေလို့ရအောင်ပါနော်။

            ကြံမဆိုင်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ မုန်ညင်းစိမ်းအပင်ကြီး၊ ဆား၊ ထမင်း (သို့မဟုတ်) ဆန်ဆေးရည်၊ ရေ တို့ပါနော်။

            မုန်ညင်းတွေကို တစ်ပင်ချင်း အမြစ်ဖြတ်ပြီးတော့ ရေများများနဲ့ စင်အောင်ဆေးပေးပါနော်။ မုန်ညင်းရွက်တစ်ရွက်ချင်းမှာ ကပ်နေတတ်တဲ့ ပိုးကောင်လေးတွေနဲ့ အညစ်အကြေးတွေ အားလုံးစင်အောင် ဂရုတစိုက်နဲ့ သန့်ရှင်းရေး လုပ်ပေးပါနော်။ ပြီးရင် မုန်ညင်းပင်တွေကို တစ်ပင်ချင်း ကြိုးတန်းပေါ်ချိတ်ပြီး ရေစစ်ပေးရင်း တစ်နေလှန်းလိုက်ပါနော်။ အဲ့ဒါဆိုရင် မုန်ညင်းရွက်လေးတွေက ညှိုးသွားပါလိမ့်မယ်နော်။

နှစ်ပေါက်အောင်ထားနိုင်တဲ့နည်း
            အချဉ်တည်ဖို့အတွက် ရေနွေးပွက်ပွက်ဆူအောင် ကျိုပေးပါနော်၊ ပြီးရင် အဲ့ဒီရေနွေးထဲကို ဆန် သို့မဟုတ် ကောက်ညှင်း နည်းနည်းထည့်ပြီး ဆန်ပြုတ်ကျိုသလို ခပ်ကျဲကျဲ ကျိုပေးပါ။  ပြီးရင် ဆား (မုန်ညင်းပင်အနည်းအများပေါ် မူတည်ပြီး ဆားထည့်ရပါ မယ်နော်။ ဆားသိပ်နည်းလွန်းရင် မချဉ်ဘဲ ပျက်တတ်ပါတယ်နော်)ထည့်ပါနော်။ ပြီးရင် ဆန်တွေအကုန်ကျေသွားပြီဆိုရင်တော့ အဲ့ဒီဆန်ကျိုထားတာကို အအေးခံပေးပါ။ အေးသွားပြီဆိုရင်တော့ အချဉ်သိပ်မယ့် ပုလင်းထဲကို မုန်ညင်းတစ်ပင်ထည့်၊ ဆန်ကျိုထားတာယောက်ချိုဇွန်းနဲ့ တစ်ဇွန်းထည့်၊ ပြီးရင် မုန်ညင်းပင်ထည့်လိုက်၊ ဆန်ကျိုထည့်လိုက်နဲ့ ထည့်ပေးပါနော်။ ပုလင်းကို လေလုံအောင် ပိတ်ပြီး မုန်ညင်းနဲ့ ဆန်ကျိုတွေ အကုန်သမသွားအောင် ပုလင်းကို  နည်းနည်းလှုပ်ပေးလိုက်ပါနော်။ ပြီးရင်တော့ နွေးတဲ့ရာသီဥတုရှိတဲ့ နိုင်ငံတွေဆိုရင် ၅ ရက်လောက်ဆို ကောင်းကောင်းချဉ်ပြီး အေးတဲ့နိုင်ငံမှာတော့ အနည်းဆုံး တစ်ပတ်၊ ၁၀ ရက်လောက်ကျမှ ကောင်းကောင်း ချဉ်မှာပါနော်။

            ကျွန်မတို့အိမ်မှာက ကြံမဆိုင်ကို နှစ်ပေါက်စားလို့ရအောင် သိမ်းကြတယ်၊  ခုက ချဉ်ပြီးတဲ့ ကြံမဆိုင်တွေကို ပုလင်း ထဲကနေ တစ်ပင်ချင်း ပြန်ဆယ်ယူပါတယ်၊ ပြီးရင် တစ်ပင်ချင်းကို ရေနွေးကြက်သီးနွေးထဲမှာ ကပ်နေတဲ့ ဆန်တွေ မရှိတော့အောင် ဆေးပြီး ရေစစ်ပေးပါတယ်။ ရေစစ်ပြီဆိုရင် တစ်ပင်ချင်းကို ပုလင်းထဲထည့်ပြီး တစ်နေ့လှန်းပြီးတော့မှ အဲ့ဒီပုလင်းတွေကို အေးပြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းထားပါတယ် (အဲ့ဒါက ကျွန်မတို့ငယ်ငယ်တုန်းက ရေခဲသေတ္တာမရှိတဲ့ခေတ်တုန်းက လုပ်ခဲ့တာပေါ့ ကွယ်)။  အခုခေတ်မှာတော့ နှစ်ပေါက်ထားချင်လည်း ကြံမဆိုင်ချဉ်ပြီဆိုရင် ပုလင်းလိုက် ရေခဲသေတ္တာထဲ ထည့်သိမ်းလို့ရသလို ချဉ်ပြီးသားတွေကို သန့်စင်အောင်လုပ်ပြီး ပုလင်းသန့်သန့် ဒါမှမဟုတ် ပလတ်စတစ်အိတ်လေးတွေနဲ့ တစ်ပင်ချင်းစီဖြစ်ဖြစ် ထည့်ပြီး လေလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး နှစ်ပေါက်အောင် စားလို့ရပါတယ်နော်။

ကြံမဆိုင်ချဉ် အလွယ်တည်နည်း
          ကြံမဆိုင် မြန်မြန်ချဉ် မြန်မြန်စားတစ်ခါတလေလောက်ပဲ စားချင်မှ လိုသလောက်တည်ချင်တဲ့သူတွေ အတွက်ကတော့ မုန်ညင်းစိမ်း၊ ဆား၊ ဆန်ဆေးရည်တို့ လိုအပ်ပါတယ်နော်။ မုန်ညင်းစိမ်းကို သန့်စင်အောင် ရေဆေး၊ ပြီးရင် ရေစစ်၊ တစ်နေပြပြီးရင် ညနေဘက်ကျရင် အချဉ်တည်မယ့် ပုလင်းထဲ ဒါမှမဟုတ် ပလတ်စတစ် ဗူးထဲကို ဆားရယ်၊ ဆန်ဆေးရည်ရယ်ထည့်ပြီး ဖျော်ပေးပါ။ ပြီးရင် မုန်ညင်းတွေကို တစ်ပင်ချင်းထည့်ပေးပါ။ ပြီးရင် လေလုံအောင်ပိတ်ပြီး နည်းနည်းလှုပ်၊ တစ်ပတ်ကနေ ၁၀ ရက် လောက်ကျရင် ကောင်းကောင်းချဉ်နေပြီ ဖြစ်တဲ့ ကြံမဆိုင်ချဉ်ကို ရမှာဖြစ်ပါတယ်နော်။

ကြံမဆိုင်ချဉ်အရောင်ပြောင်းချိန်ကို ကြည့်ရအောင်
            အချဉ်တည်ပြီး စစချင်းရက်မှာ မုန်ညင်းက အစိမ်းရောင်ပါပဲနော်။ နောက် နှစ်ရက်လောက်ဆိုရင် အရွက်တွေက တဖြည်းဖြည်း ၀ါလာရာကနေ နောက်ဆုံး အစိမ်းရောင်ပျောက်ပြီး အညိုလုရောင်ဘက် ပြောင်းသွားပါတယ်နော်။

ကြံမဆိုင်ချက်ကြရအောင်
            ကျွန်မတို့ မိသားစုမှာ ကြံမဆိုင်ကို များသောအားဖြင့် ၀က်နံရိုးနဲ့ ဟင်းရည်ချက်လေ့ရှိသလို ၀က်သား သုံးထပ်သား၊ အခြားအသားတွေနဲ့ ကြော်လေ့ရှိပါတယ်။ တစ်ခါတလေမှာတော့ တိုဟူး (ပဲပြား)နဲ့ သတ်သတ်လွတ်ကြော်လေ့ရှိပါတယ်နော်။

ကြံမဆိုင်ဟင်းရည်သောက်
            အခု ကျွန်မက ၀က်သားရှာမရတဲ့နေရာကို ခဏရောက်နေတာမို့ ကြံမဆိုင်ကို ၀က်သားနဲ့ မဟုတ်ဘဲ ကြက်သားနဲ့ ချက်ပြီး ရုံးကမိတ်ဆွေတွေကို ချက်ကျွေးဖြစ်ခဲ့ပါတယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြံမဆိုင်၊ အရိုးရောအသားရော ပါရအောင်လို့ ကြက်ပေါင်ကို ရွေးလိုက်ပါတယ်နော်။ ပြီးတော့ ပဲပြား၊ ခရမ်းချဉ်သီး၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နှမ်းဆီမွှေး၊ ဆား၊ ပဲငံပြာရည်အကျဲနဲ့ ဟင်းခတ်မှုန့်တို့ပါနော်။

            ကြက်သားကို သန့်စင်အောင် ရေဆေးပြီးတဲ့အခါကျရင် ဆား၊ ပဲငံပြာရည်အကျဲ၊ ချင်းကြိတ်ရည်တိုနဲ့ နယ်နှပ်ထား ပါတယ်နော်။ ကြံမဆိုင်ကို မထူမပါးလှီး၊ အချဉ်အရသာကိုမြည်း၊ သိပ်ချဉ်မှာစိုးရင် တစ်ရေဆေးပြီး အရည်တွေ ညှစ်ထုတ်ပစ်ပြီး အဆင်သင့်ပြင်ထား၊ ခရမ်းချဉ်သီးကို လေးစိတ်ထိုး၊ ပဲပြားကိုအရွယ်တော် အတုံးလေးတွေတုံး၊ ကြက်သွန်ဖြူကို ဓားပြားရိုက်၊ ငရုတ်သီးစိမ်းကို မညက်တညက်လေးထောင်း၊ ငရုတ်သီးတောင့်အနီကို မထူမပါးစွေစွေလေးလှီးထား၊ ချင်းကို အခွံနွှာရေဆေးပြီး အပြားလိုက်လေးတွေရအောင် လှီးပေးထားပါနော်။

            အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် အိုးတင်၊ နှမ်းဆီမွှေးလေး (ထမင်းစားဇွန်းတစ်ဇွန်း) ထည့်၊ ပူလာပြီဆိုရင် ကြက်သား ကိုထည့်ပြီး လှိမ့်၊ ကြက်သားထဲက ထွက်လာတဲ့ အရည်တွေ ကုန်တဲ့အထိ လှိမ့်ပေး၊ ပြီးရင် ချင်းကြက်သွန်ဖြူ ငရုတ်သီးအနီကို ထည့်ပြီး မွှေ၊ ကြက်သွန်ဖြူ နွမ်းတာနဲ့ လှီးထားတဲ့ ကြံမဆိုင်တွေထည့်မွှေ၊ ပြီးရင် ကြံမဆိုင်မြုပ်တဲ့အထိ ရေထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပေးပါနော်။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ရေထပ်ဖြည့်ပြီး ကြံမဆိုင်ထဲက အချဉ်အရသာ ကြက်သားထဲ ရောက်အောင်တည်ပေးပါနော်။  ဟင်းအိုး ထပ်ဆူလာတဲ့အခါ ကြက်သားနူး/မနူးကြည့်ပြီး အနူးလိုသေးရင် ရေထပ်ဖြည့်ပြီး တည်ပေး၊ နူးပြီဆိုရင်တော့ ပဲပြားထည့်၊ မညက်တညက်ထောင်းထားတဲ့ ငရုတ်သီးစိမ်းတွေကို ထည့်၊ ပြီးရင်တော့ ခရမ်းချဉ်သီးထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါနော်။ ပြီးရင်တော့ အပေါ့အငံအရသာကိုမြည်းပြီး ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်အကျဲ စိတ်ကြိုက်ဖြည့်ပြင်ပေးပါနော်။ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ်ကနေ ချပြီး ဟင်းပွဲပြင်ပြီး အသင့်သုံးဆောင်နိုင်ပါပြီနော်။ ကြိုက်တတ်ရင် ငုံးဥ၊ ကြက်အမြစ်၊ တရုတ်နံနံနဲ့ ကြက်သွန်မြိတ်လေးပါ အုပ်ပေါ့နော်။ အဲ့ဒါဆိုရင်တော့ ချဉ်စပ်အရသာလေးနဲ့ ကြက်သားကြံမဆိုင်ဟင်းရည်သောက်လေး ရပါပြီနော်။

            တကယ်လို့ ၀က်နံရိုးနဲ့ချက်မယ်ဆိုရင်လည်း ကြက်သားနေရာမှာ ၀က်နံရိုးကိုထည့်ပြီးတည်ပါ၊ နံရိုးနူးအိလေ ပိုစား ကောင်းလေး ဖြစ်ပြီး ၀က်နံရိုးနဲ့ ကြံမဆိုင်က အလွန်လိုက်ဖက်လှတဲ့အတွဲဖြစ်ပါတယ်နော်။
(ကျွန်မက ရုံးကမိတ်ဆွေတွေအတွက် သယ်သွားမှာဖြစ်တဲ့အတွက် ပန်းကန်ထဲ ထည့်ပြီး မရိုက်ဖြစ်ခဲ့ပါဘူး၊ ခွင့်လွှတ်ကြပါကုန်)။

ကြံမဆိုင်ပဲပြားသတ်သတ်လွတ်ကြော်
            ကြံမဆိုင်ကို ၀က်သား၊ ကြက်သား၊ ပုစွန်အစရှိသဖြင့် ကိုယ်နှစ်သက်ရာ အသားတွေနဲ့ ကြော်လို့ရသလို သတ်သတ်လွတ်အနေနဲ့ ပဲပြားနဲ့ ကြော်စားလို့လည်းရပါတယ်နော်။ ကျွန်မတို့ငယ်ငယ်တုန်းက ထမင်းပူပူထဲကို ကြံမဆိုင်ဝက်သား သုံးထပ်သားနဲ့ ငရုတ်သီးစိမ်းနဲ့ကြော်ထားတာကိုထည့်ပြီး စားရရင် သိပ်ကြိုက်ခဲ့တာပါ။ အခုတော့သတ်သတ်လွတ်ကြော်လေးနဲ့ပဲ နှစ်ပါးသွားရအောင်နော်။

            လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြံမဆိုင်၊ ပဲပြား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအနီတောင့်၊ ငရုတ်သီးစိမ်း၊ ဆီ၊ ပဲငံပြာရည်အကျဲ၊ ဆီနဲ့ သကြားအနည်းငယ်တို့ပါ နော်။

            ကြံမဆိုင်ကို မထူမပါးလှီးထားပေးပြီး သိပ်ချဉ်မှာစိုးရင် အရည်ညှစ်ထုတ်ပစ်ထားပါ၊ ပဲပြားကို မထူမပါး လှီးပေးထားပါ၊ ကြက်သွန်ဖြူ ဓားပြားရိုက်၊ ကြက်သွန်နီမထူမပါးလှီးပေးထားပါ။ ငရုတ်သီးအနီတောင့် မထူမပါး လှီးပေးထားပါ။ ငရုတ်သီးစိမ်း မညက်တညက်ထောင်းပေးထားပါ။

            အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူနီတို့ကို ထည့်ပြီး ဆီသတ်၊ ကြက်သွန် နွမ်းပြီဆိုရင် ငရုတ်သီးအနီထည့်မွှေ၊ ပြီးရင် ထောင်းထားတဲ့ ငရုတ်သီးစိမ်းတွေကိုထည့်မွှေ၊ ပြီးရင် ပဲပြားနဲ့ ပဲငံပြာရည်အကျဲကို ထည့်ကြော်ပေးပါ။ ပဲပြားအပေါ်ကြော တင်းလာပြီးဆိုရင်တော့ ကြံမဆိုင်ကို ထည့်ပြီး အားလုံးသမအောင်မွှေကြော် ပေးပါနော်။ ပြီးရင် ရေနွေးနည်းနည်းထည့်၊ ဒယ်အိုးအဖုံးအုပ်ပြီး ခဏထားပေးပါ။ ပြီးရင်တော့ အပေါ့အငံကိုမြည်း၊ လိုအပ်တဲ့အရသာထပ်ဖြည့်ပြီး ဟင်းအိုးချလို့ရပါပြီနော်။ အဲ့ဒါဆိုရင်တော့ သတ်သတ်လွတ်ပဲပြားကြံမဆိုင်ကြော်လေး ရပါပြီနော်။

            ကြံမဆိုင်ကို ပဲပြားမပါ သတ်သတ်လွတ်ကြော်ပြီး ဆန်ပြုတ်ထဲလည်း ထည့်စားလေ့ရှိပါသေးတယ်နော်။ ကျွန်မလည်း ရုံးက မိတ်ဆွေတစ်ယောက်က အိမ်လည်ဖိတ်တော့ သူ့အိမ်မှာ ဟောင်ကောင်စတိုင်လ် ဆန်ပြုတ် ဆိုပြီး စားခဲ့ဖူးတာပါ။ အရမ်းကို စားကောင်းလွန်းလို့ ၂ ပန်းကန်စားခဲ့တာပါ။ သူတို့ဆီကလည်း ဟင်းချက်နည်း တွေ သင်ခဲ့ပါသေးတယ်နော်။

            ချစ်သောမောင်နှမများအားလုံးလည်း ကြံမဆိုင်ချဉ်လုပ်တာ အဆင်ပြေကြပါစေနော်။ ကြံမဆိုင်ချဉ်ကိုလည်း ကိုယ်နှစ်သက်သလို စိတ်ကြိုက်ချက်စားနိုင်ကြပါစေနော်။

11 comments:

  1. သီရိ လုပ်တာက ဆန်ပြုတ်အရည်ကျဲကျဲလေးနဲ့ မမလု ..ကျန်တာ က မမနဲ့အကုန်တူတယ် ..

    ReplyDelete
  2. မမလု ကျေးဇူးတင်ပါတယ်
    ညီမလေးလုပ်တာက ဆန်ဆေးရည်နဲ့ စိမ်တာလုပ်ဖူးတယ်။

    ReplyDelete
  3.ုကံမဆိုင် လုပ်နည်း နဲ. ချက်နည်းတွေ သိရလို. ကျေးဇူးနော် လုရေ

ူမတ်လေးပန်း

    ReplyDelete
  4. မမလုရေ.. ကြံမဆိုင်နဲ့ မုန်ညှင်းချဉ်ဘယ်လို ကွာလဲမသိနော်... ကြံမဆိုင်က နှစ်ချို့လား..
    ဟုတ်တယ်..ကူးလဲအရင်က ကြံမဆိုင်ဆိုတာ ကြံရွက်အနုတွေကနေလုပ်တယ်ထင်နေတာ.. ဟီးးးး

    ReplyDelete
  5. ကြံမဆိုင်ဝက်သား သုံးထပ်သားနဲ့ ငရုတ်သီးစိမ်းနဲ့ကြော်ထားတာကို ရန်ကုန်က သူငယ်ချင်းလုပ်ကျွေးတာ စားဖူးတယ်..။ တော်တော်စားကောင်းတယ်။

    လုလု.ရေ. ဂျပန်မှာရောင်းတဲ့ မုန်ညင်းချဉ်လိုဟာကို ကြံမဆိုင်လို့ခေါ်လို့ရလားဟင်။ အဲဒါကိုရော အခုလို ၀က်သား သုံးထပ်သားနဲ့ ငရုတ်သီးစိမ်းနဲ့ကြော်ထားစားရင် ကောင်းမယ်ထင်တယ်နော်။ မစားဖူးသေးဘူး။

    ReplyDelete
  6. ကြံမဆိုင်ကို ၀က်သားနဲ့ ကြော်၊ တို့ဟူးနွေးထဲ ထည့်စား။ ဆန်ပြုတ်နဲ့ သောက်၊ ပဲဟင်းနဲ့ စား အကုန်ကောင်း။

    ဒူကဘာကြီး ၀ယ်လို့ ရဘူးလား သနားဒယ်။:))

    မအယ်

    ReplyDelete
  7. ဘဲပေါင်းကြံမဆိုင် ကြိုက်တယ်။

    ReplyDelete
  8. မလုလုရေ..
    သိသလောက်ပြောရရင်တော့..
    မုန်ညှင်းချဉ်ဆိုတာ..ယူနန်တရုတ်နဲ့..ရှမ်းတွေစားကြတာများပါတယ်..
    ယူနန်စကားနဲ့ပြောမယ်ဆိုရင်..
    မုန်ညှင်းချဉ်=醃菜(ယန်းချိုက်)၊...


ိမလုလုတို့သိထားတဲ့..ကြံမဆိုင်ဆိုတာ..
    ချောင်းကျုံးတရုတ်..မင်နန်တရုတ်တွေရဲ
    ရိုးရာ鹹菜(ရှန်ချိုက်)၊=ကြံမဆိုင်..
    သူတို့အခေါ်ကတော့..ကြမ်မ်ချိုင်ဖြစ်ပါလိမ့်မယ်..
    ကြမ်မ်ချိုင်ကိုမြန်မာမှုပြုပြီးခေါ်ကြတော့..
    ကြံမဆိုင်..ဖြစ်သွားတာနေမယ်..


    မုန့်ညှင်းချဉ်နဲ့..ကြံမဆိုင်..အနံ့အရသာ
    မတူကြပါဘူး..
    အသုံးပြုပုံချင်းလဲကွဲပြားမှာပါ..



    ကျနော်ကတော့..လတ်တလောလက်လှမ်းမှီသလောက်..ရရှိနိုင်တာ..ကြံမဆိုင်ပဲဖြစ်တာမို့..ကြံမဆိုင်ကို
    မုန်ညှင်းချဉ်အသွင်ပြောင်းပြီးစားပါတယ်..
    ဝယ်လာတဲ့ကြံမဆိုင်ကိုအရင်ဆေးပါတယ်..
    ပြီးရင်ရေစင်အောင်ညစ်ပြီး..အတုံးသေးသေးတုံးပါတယ်..ကျိုပြီးအအေးခံထားတဲ့သကြားရည်နဲနဲ..
    ငြုပ်သီးအကြမ်းမှုန့်နဲ့..တရုတ်မဆလာနဲနဲ..နဲ့နယ်ပြီး
    ဘူးတစ်ခုထဲထည့်..အလုံပိတ်ထားပြီးနောက်
    တစ်ရက်..နှစ်ရက်နေရင်မုန်ညှင်းချဉ်ဖြစ်ပါပြီ..
    .............
    အဟီးး..အာလူးများသွားတယ်နော်..
    ထင်တာတွေပြောတာနော်..
    ချင့်ယုံ..




    ပေါက်

    ReplyDelete
  9. မလုလုရေ..
    သိသလောက်ပြောရရင်တော့..
    မုန်ညှင်းချဉ်ဆိုတာ..ယူနန်တရုတ်နဲ့..ရှမ်းတွေစားကြတာများပါတယ်..
    ယူနန်စကားနဲ့ပြောမယ်ဆိုရင်..
    မုန်ညှင်းချဉ်=醃菜(ယန်းချိုက်)၊...


ိမလုလုတို့သိထားတဲ့..ကြံမဆိုင်ဆိုတာ..
    ချောင်းကျုံးတရုတ်..မင်နန်တရုတ်တွေရဲ
    ရိုးရာ鹹菜(ရှန်ချိုက်)၊=ကြံမဆိုင်..
    သူတို့အခေါ်ကတော့..ကြမ်မ်ချိုင်ဖြစ်ပါလိမ့်မယ်..
    ကြမ်မ်ချိုင်ကိုမြန်မာမှုပြုပြီးခေါ်ကြတော့..
    ကြံမဆိုင်..ဖြစ်သွားတာနေမယ်..


    မုန့်ညှင်းချဉ်နဲ့..ကြံမဆိုင်..အနံ့အရသာ
    မတူကြပါဘူး..
    အသုံးပြုပုံချင်းလဲကွဲပြားမှာပါ..



    ကျနော်ကတော့..လတ်တလောလက်လှမ်းမှီသလောက်..ရရှိနိုင်တာ..ကြံမဆိုင်ပဲဖြစ်တာမို့..ကြံမဆိုင်ကို
    မုန်ညှင်းချဉ်အသွင်ပြောင်းပြီးစားပါတယ်..
    ဝယ်လာတဲ့ကြံမဆိုင်ကိုအရင်ဆေးပါတယ်..
    ပြီးရင်ရေစင်အောင်ညစ်ပြီး..အတုံးသေးသေးတုံးပါတယ်..ကျိုပြီးအအေးခံထားတဲ့သကြားရည်နဲနဲ..
    ငြုပ်သီးအကြမ်းမှုန့်နဲ့..တရုတ်မဆလာနဲနဲ..နဲ့နယ်ပြီး
    ဘူးတစ်ခုထဲထည့်..အလုံပိတ်ထားပြီးနောက်
    တစ်ရက်..နှစ်ရက်နေရင်မုန်ညှင်းချဉ်ဖြစ်ပါပြီ..
    .............
    အဟီးး..အာလူးများသွားတယ်နော်..
    ထင်တာတွေပြောတာနော်..
    ချင့်ယုံ..




    ပေါက်

    ReplyDelete
  10. နှမတော် သိလိလေးလုပ်တဲ့ ကြံမဆိုင်လုပ်နည်းလည်း မှတ်ထားမယ်နော်။
    မမြတ်လေးပန်းရေ့ လုလုလည်း ကျေးဇူးတင်ပါတယ်နော်။
    ကူးကူးရေ့ ကြံမဆိုင်နဲ့ မုန်ညင်းချဉ် အောက်မှာ ပေါက်ရှင်းပြထားတာကို ဖတ်ပြီး မမလုလည်း သိရတာပါ။
    လသာညရေ့ ဂျပန်မှာရောင်းတဲ့ မုန်ညင်းချဉ်ကို လုလုကတော့ အစုံလုပ်စားတယ်။ လှီးပြီးအသားနဲ့ကြော်သလို လှီးပြီး သုပ်စားတယ်၊ ရှမ်းချဉ်ပြန်လုပ်သေးတယ်။ ကြိုက်သလိုသာလုပ်စား။
    မအယ် မီးလည်း မုန်ညင်းချဉ်ဆို အကုန်ကြိုက်။
    မမရှင်လေးရေ့  ဘဲပေါင်းကြံမဆိုင့့်  ဂလု
    ပေါက်ရေ့  ခုလို စိတ်ရှည်လက်ရှည် မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။ သိတာလေးတွေရှိရင် ပြောပြဦးနော်။ ဒီလိုပဲ အသိချင်း ဖလှယ်လို့ရတာပေါ့နော်။

    ReplyDelete
  11. မမလုလု လုပ်ထားတဲ့ အချဉ်ကို အစိမ်းချဉ်လို့ခေါ်ပါတယ် .. မုန်ညင်းချည်းသက်သက်လေ .. ဟို ဂျူးတို့ ငရုတ်သီးတို့ ပါတဲ့ မမလုလုတို့ ရှမ်းချဉ်လို့ခေါ်တဲ့ အနီရောင်ဟာကတော့ မုန်ညင်းချဉ်တဲ့

    ReplyDelete