Wednesday, March 3, 2010

တိုရှည်လုပ်စားကြရအောင်

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ မောင်နှမများကို တိုရှည်လုပ်နည်းလေး မျှဝေပေးပါဦးမယ်နော်။ အမမိုးချိုက ဒယ်ပြားရှိတယ် တိုရှည်လုပ်နည်းလေး သိရင် မျှပါဦးဆိုတော့။ တိုရှည်လေး လုပ်ကြမယ်နော်။
ကျွန်မတို့ ငယ်ငယ်တုန်းက ကျွန်မတို့ အိမ်ရှေ့မှာ တိုရှည်ရောင်းတဲ့အမကြီး မရှီလာဆိုတာ ရှိတယ်နော်။ ကျွန်မ ငယ်ငယ်လေးကတည်း အခုအချိန်ထိ သူက ကျွန်မတို့ အိမ်ရှေ့မှာ တိုရှည်လာရောင်းနေတာပဲနော်။ သူ့ဆီမှာ တိုရှည်ကိုလေ ပလိန်းစားမလား၊ ကြက်ဥနဲ့လုပ်တာ စားမလား၊ သကြားဖြူးစားမလား၊ တိုရှည်ထဲမှာ ပဲမှုန့်ရယ်၊ ငရုတ်သီးမှုန့်လေးတွေနဲ့ စားမလား၊ ထောပတ်နဲ့ လုပ်တာစားမလား၊ ဒါမှမဟုတ် ပဲပြုတ်လေးတွေ ကြက်သွန်မြိတ်လေးတွေ မာဆလာလေးထည့်ပြီး စားမလား၊ ဟင်းရည်နဲ့ စားမလား မျိုးစုံရတယ်နော်။ ကျွန်မတို့လည်း သူ့ဆီမှာဆို အစ်မတစ်ယောက်လိုပဲ ဂျီကျပြီး ကိုယ်လုပ်ချင်သလို လုပ်နေကျ၊ ချွဲနေကျလေ။ အခုလည်း မရှီလာသို့ အလွမ်းပြေအနေနဲ့ တိုရှည်လုပ်စားကြရအောင်နော်။

တိုရှည်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန် လက်ဖက်ရည်ပန်းကန်လုံးတစ်လုံး၊ မတ်ပဲ (black gram or black bean လို့ ခေါ်ပါတယ်နော်) လက်ဖက်ရည်ပန်းကန်လုံးတစ်ဝက်၊ ပဲနံ့သာစေ့ အနည်းငယ်၊ ဆား၊ ဆီ၊ ကြက်ဥတို့ပါနော်။ (တကယ်လို့ ကိုယ်က ဆီအစား ထောပတ်ကိုသုံးမယ်ဆိုရင်လည်း သုံးလို့ရပါတယ်နော်။)

ဆန်ရယ် မတ်ပဲရယ် ပဲနံ့သာစေ့ရယ်ကို ရေနဲ့သန့်ရှင်းအောင် ဆေးကြောပြီး သုံးနာရီကနေ ငါးနာရီထိ ရေစိမ်ပေးထားပါနော်။ ပြီးရင် ရေတွေကို သွန်ပစ်ပြီး ဆန်နဲ့ ပဲနဲ့ကို မုန့်ကြိတ်ဆံမှာ ကြိတ်ပါ။ ပြည်ပရောက် မောင်နှမများအတွက်ကတော့ (food processor) နဲ့ကြိတ်ပါနော်။ မုန့်ကြိတ်တဲ့အခါ မုန့်သားညက်စေဖို့အတွက် ရေကို နည်းနည်းချင်းထည့်ပြီး ကြိတ်ပေးပါ။ ပြီးတော့ ရလာတဲ့ မုန့်နှစ်တွေကို ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်ရပါမယ်နော်။ ဖျော်ပြီးတဲ့ မုန့်နှစ်ကိုမှ ဆားနည်းနည်းထည့်၊ ပြီးရင် ဗူးသန့်သန့် ဒါမှမဟုတ် ကြွေဇလုံသန့်သန့်ထဲထည့်၊ လေလုံအောင်ပိတ်ပြီးတော့ အလင်းရောင်မရတဲ့နေရာမှာ တစ်ညအိပ်ထားပေးပါနော်။ မုန့်ရည်ကို အချဉ်ဖောက်သလို လုပ်မှာဖြစ်တဲ့အတွက် မုန့်နှစ်ကို ရေခဲသေတ္တာမထည့်ရပါဘူးနော်။ နောက်တစ်နေ့မနက်မှာတော့ တိုရှည်လုပ်ဖို့ အသင့်ဖြစ်နေတဲ့ မုန့်နှစ်ကို ရမှာဖြစ်တယ်နော်။

တိုရှည်လုပ်ဖို့အတွက် အသင့်ပြင်ထားရမှာကတော့ မကပ်တဲ့ဒယ်ပြားဝိုင်း၊ မုန့်ကလော်တံယောက်ပြား၊ ဆီသုတ်လိမ်းရလွယ်မယ့် စုတ်တံ၊ ပိတ်စလေးတွေကို ဖုလုံးလေးလို ထုပ်ထားတဲ့ အ၀တ်စ (မုန့်ဒယ်အိုး သန့်ရှင်းရေးလုပ်ဖို့)တို့ပါနော်။

တိုရှည်လုပ်ဖို့ မီးဖိုပေါ် ဒယ်ပြားဝိုင်းတင်၊ မီးကို အသင့်အတင့်ထား၊ ပြီးရင် ဒယ်အိုးကောင်းကောင်းပူပြီဆိုရင်တော့ ဒယ်ပြားဝိုင်းအနှံ့ စုတ်တံလေးနဲ့ ဆီသုတ်ပေးပါနော်။ ပြီးရင် မုန့်နှစ်ကို ယောက်ချိုဇွန်းနဲ့ ခပ်ပြီး ဒယ်ပြားဝိုင်းပေါ်မှာ အလယ်ကနေပြီး စက်ဝိုင်းပြီးဖြန့်ပြီး ထမင်းစားပန်းကန်အရွယ်အစား လောက်ရောက်အောင် မုန့်နှစ်ကို ဒယ်ပြားဝိုင်းထဲ ထည့်ပေးပါနော်။ ပြီးရင် မုန့်နှုတ်ခမ်းသားပတ်လည်နားတစ်လျှောက်ကို ဆီ ဒါမှမဟုတ် ထောပတ်လေးတွေ လိမ်းပေးပါ။ မုန့်သားအားလုံး ဆီနှံ့သွားအောင် ဒယ်အိုးကိုလည်း လက်ကိုင်ကနေ နည်းနည်း ကိုင်ပြီး ဟိုဘက်ဒီဘက်လှည့် ကစားပေးပါနော်။ ပြီးရင်တော့ မုန့်သားခြောက်ပြီး ရွှေညိုရောင်ပြောင်းလာပြီဆိုရင်တော့ မုန့်ရဲ့ ဘေးနှုတ်ခမ်းသားလေးတွေကနေ မုန့်ကလော်တံ ယောက်ပြားနဲ့ အသားလေး ပတ်ပတ်လည် ကလော်ပေးပြီး မုန့်ကို တစ်ဘက်လှန်ပေးပြီး မုန့်သားကျက်အောင် မိနစ်ဝက်လောက်ထားပြီး ယောက်ပြားလေးနဲ့ အသာဖိပေးပါ။ မုန့်သားကျက်ပြီ ဆိုရင်တော့ မုန့်ကို ခလယ်ကနေ ခေါက်ချိုးချိုးပြီး ပန်ကန်းပြားထဲ ထည့်ပေးလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ တိုရှည်တစ်ခု ရပါပြီနော်။ နောက်ထပ်မုန့်တစ်ခု ထပ်မလုပ်ခင် ဒယ်ပြားဝိုင်းကို အ၀က်ထုပ်လေးနဲ့ သန့်ရှင်းရေးလုပ်ပေးပါနော်။ ပြီးမှ ဒယ်အိုးထဲ ဆီထည့်ပြီး တိုရှည်တွေကို တစ်ခုပြီးတစ်ခု လုပ်သွားရုံပါနော်။ အဲ့ဒါဆို တိုရှည်ရပြီနော်။

တိုရှည်ကို ကြက်ဥနဲ့ စားချင်တယ်ဆိုရင် ကြက်ဥကို မုန့်နှစ်နဲ့အတူ ရောခလောက်ပြီး ထည့်လို့ရသလို ကြက်ဥကို သီးသန့် ခလောက်ထားပြီးမှ မုန့်နှစ်ထည့်ပြီး ကြက်ဥထည့်ပြီး မုန့်လုပ်ကြပါတယ်နော်။ ထောပတ်နဲ့ စားချင်တယ်ဆိုရင်တော့ ဆီအစား ထောပတ်လေးထည့်ပြီး အီအီဆိမ့်ဆိမ့်တိုရှည်လေး လုပ်စားနိုင်ပါတယ်နော်။

တကယ်လို့မှ တိုရှည်ကို အာလူးပဲဟင်းနဲ့ စားချင်တယ်ဆိုရင်တော့ အာလူး၊ ကုးလားပဲ၊ မုန်လာဥနီ (ခရမ်းသီးပေါက်စ၊ ရုံးပတီသီးနု၊ ခရမ်းချဉ်သီး အစရှိတဲ့ ဟင်းသီးဟင်းရွက်တွေ ထည့်လို့ရပါသေးတယ်နော်)၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီး အရောင်မှုန့်၊ ငရုတ်သီးတောင့်လုံးကြော်၊ ကရဝေးရွက်၊ မာဆလာ၊ နနွင်း၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်နဲ့ ဆီတို့ အသင့်ပြင်ထားပေးပါနော်။

ကုလားပဲကို ၆ နာရီလောက် ရေစိမ်ပြီး နူးအောင်ပြုတ်ပေးထားပါနော်။ အာလူး၊ မုန်လာဥနီတို့ကို အခွံနွှာ ရေဆေးပြီး ခပ်သေးသေး တုံးထားပေးပါ။ ကြက်သွန်ဖြူ၊ နီ၊ ချင်းတို့ကို အခွံနွှာရေဆေးပြီး ငရုတ်ရောင်မှုန့်နဲ့ ရောထောင်းပေးထားပါ။ အားလုံး အသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးခပ်၊ ပြီးရင် ငရုတ်ကြက်သွန်တို့ ကို ဆီသတ်ပေးပါနော်။ ဆီသတ်နံ့မွှေးလာပြီဆိုရင်တော့ ကရဝေးရွက်လေးထည့်၊ အာလူးနဲ့ မုန်လာဥနီတို့ကို ထည့်ပြီး ဆီသတ်ပေး၊ ပြီးရင် ကုလားပဲပြုတ်လေးထည့်၊ ဆားနဲ့ ဟင်းခတ်မှုန့်ထည့်၊ ပြီးရင် ရေ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးလောက် ထည့်ပြီးတည်ပေးပါနော်။ အာလူးလည်းနူး၊ ပဲလည်းနူးအိနေပြီဆိုရင် ဟင်းအပေါ့အငန်မြည်း၊ မာဆလာလေး အုပ်၊ ဟင်းရည်ကို အပျစ်အကျဲ ကိုယ်စားချင်တဲ့စိတ်ပေါ် မူတည်ပြီး ရေချန်ပြီး မီးဖိုပေါ်ကနေ ဟင်းအိုးချလိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ တိုရှည်နဲ့ တွဲစားနိုင်မယ့် ပဲအာလူးဟင်းလေးရပါပြီနော်။

ချစ်သော မောင်နှမများအားလုံးလည်း တိုရှည်မုန့်နှစ်တစ်မျိုးတည်းနဲ့ တိုရှည်အမယ်ပေါင်းများစွာကို စိတ်ကြိုက်လုပ်စားနိုင်ပါစေ လို့ ရည်ရွယ်ဆန္ဒပြုမိပါတယ်။

အမမိုးချိုသင်းလည်း ဒယ်ပြားဝိုင်းကြီးအကြောင်းပြုပြီး တိုရှည်ကောင်းမှု ပြုနိုင်ပါစေနော် အဲ့လေ တိုရှည်လုပ်စားနိုင်ပါစေလို့ ပြောတာပါနော်။

တိုရှည်ပုံကို အင်တာနက်ကနေ ရှာဖွေယူပါတယ်နော်။

14 comments:

  1. မမလုကတော့ အကုန်လုပ်တတ်တာဘဲ။ တိုရှည်တောင် လုပ်တတ်တယ် ရှယ်ဘဲ. အာလူးဟင်းလေးနဲ့ စားချင်တယ် :)

    ReplyDelete
  2. တိုရှည်ပုံလေးက အရမ်းသပ်ရပ်ပြီး အလွန်စားချင်စရာကောင်းတာမို. မလုလုကိုယ်တိုင်လုပ်ထားတာများလားလို.။
    အောက်ဆုံးနားက စာကိုဖတ်ကြည်.တော.မှ တိုရှည်ပုံကို အင်တာနက်ကနေရှာဖွေယူပါတယ် ဆိုတော.မှ “အင်” ဆိုပြီးဖြစ်သွားတယ်။

    ReplyDelete
  3. ပဲနံ.သာစေ.ကို အင်္ဂလိပ်လိုဘယ်လိုခေါ်လဲသိရင်ပြောပြပေးပါဦးနော်။

    black bean ကိုရှာရင်ရနိုင်ပေမယ်. ပဲနံ.သာစေ.ကို ကုလားဆိုင်မှာ ဘယ်လိုပြောပြီးမေးရမယ်ဆိုတာမသိလို.ပါ။ ပြီးတော.လဲ ပဲနံ.သာစေ.ဆိုတာကို မြင်တောင်မမြင်ဖူးလို.ပါ။
    ကျေးဇူးပါဘဲနော်။
    တခုခု ချက်ချင်ပြီဆိုရင် မလုလုရဲ.ဆိုက်ဒ်ကို အမြဲလာကြည်.ဖြစ်ပါတယ်။

    ReplyDelete
  4. ကျေးဇူးပါ။ ကြိုးစားကြည့်ရမှာပဲ။ အရင်ကစမ်းလုပ်ကြည့်
    ပေမဲ့မအောင်မြင်ခဲ့ဘူး။

    ReplyDelete
  5. ပဲနံသာစေ့ကို Methi Seeds လို့ ခေါ်သလားလို့ ။
    ဟုတ်လားဟင်!

    ReplyDelete
  6. မလုပ်တတ်ဘူး မလုရေ...ကြိုက်တာတော့ အရမ်းကြိုက်ပါတယ်....ပဲပြုတ်နဲ့ ကြက်သွန်မြိတ်ဟာကို အကြိုက်ဆုံးပဲ

    ReplyDelete
  7. ပဲနသာစေ့ကို Methi Seeds လို့ခေါ်တာ ဟုတ်ပါတယ်
    မုန့်နှစ်ကိုကြိတ်တဲ့အခါ ထမင်းကြမ်းလက်တဆုပ်ထည့်
    ကြိတ်ရပါတယ် ....မနက်မုန့်ကြော်ခါနီးလေး ရေနွေးကို
    ဖန်ခွက်လေးထဲမှာ လက်နှစ်လုံးစာလေထည့်ပြီး ဆော်ဒါ
    အနည်းငယ်နဲ့သကြား လက်ဖက်ရည်ဇွန်းတဇွန်းစာရောဖျော်ပြီးထည့်ရင်မုန့်နှစ်တွေပွတက်လာမှာဖြစ်ပါတယ် မမလုလုပ်တာက တခြားနည်းနေမှာနော် ရုံလေး တို့လုပ်တာက တခြားနည်းတခုထင်တယ် ဘာပဲဖြစ်ဖြစ် စာရဖို့
    အရေးကြီးတယ်နော့မမ


    ခင်မင်စွာဖြင့်
    ရုံလေး

    ReplyDelete
  8. ဟာ..ပဲမှုန့်ကို ရေဖျော်ပြီး ဒယ်အိုးထဲ ပစ်ထည့်လိုက်ရင် ရပြီ ထင်နေတာ.. အခုဟာက တယ်ခက်ပါလား။
    လုရေ.. ညီမလုပ်တာကို ကြည့်ပြီးတော့ပဲ ...။
    ဂလု..ဂလု..

    ReplyDelete
  9. စုဗူးရေ့ 
    အမြဲအလည်လာပြီး အားပေးတဲ့အတွက် ကျေးဇူးပါနော်။ မမလုလည်း တိုရှည်ကို အာလူးဟင်းရည်ရွှဲရွှဲလေးနဲ့ ဆမ်းစားရတာကို ကြိုက်တယ်နော်။
    အမည်မသိရေ့  လုလုက အခုအလုပ်တစ်ဖက်ရယ် ပြည်ပရောက်နေတာ (ကာလတို) မို့ တိုရှည်လုပ်ဖို့ အိုးလည်းရှာမ၀ယ်နိုင်လို့ပါနော်။ အင်တာနက်က ပုံကို သုံးမိတာ နားလည်ပေးပါနော်။
    အမည်မသိနဲ့ မမရှင်လေးရေ ပဲနံ့သာစေ့ကို Fenugreek seed လို့လည်း ခေါ်ပါတယ်နော်။ menthi seed လို့လည်းခေါ်ပါတယ်နော်။ ရှာဝယ်လို့ရပါတယ်နော်။ မမရှင်လေးက အိန္ဒိယအစားအစာတွေ လုပ်တာကျွမ်းကျင်တယ်နော်။ ဖြစ်မှာပါ စိတ်ချနော်။
    စူးနွယ်လေးရေ့  ပဲပြုတ်နဲ့ ကြက်သွန်မြိတ်က အိမ်က တူတော်မောင်အကြိုက်လေ့ 
    ရုံလေးရေ့  ဘယ်ပျောက်နေတာလဲ နှမတော်လေးရေ့  တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုပေါ့နော့့်  တစ်ယောက်နဲ့တစ်ယောက် ချက်နည်းလေးတွေ ဖလှယ်ကြရတာပေါ့နော်။ ရုံလေးပြောတဲ့နည်းက ပိုလွယ်မယ်ထင်တယ်နော်။
    အမမိုးချိုရေ့  ဟိဟိ့  လက်ဝင်တယ်မထင်ပါနဲ့ မ ရယ့့် တချို့ကတော့ အချဉ်မဖောက်ဘဲ အချိုလည်း လုပ်ကြတယ် မ့  ကိုယ်ကြိုက်တတ်သလိုလုပ်စားလို့ရတယ်နော်။

    ReplyDelete
  10. လုလု..
    ပဲနံသာစေ့ဆိုတာ ဘယ်လိုဟာလဲဟင် .. ပြောပါဦး
    မသိဘူး..
    ဟော.. ရေးပြီးမှ အပေါ်က ကွန်မန့်တွေ ဖတ်မိတယ်..
    ကျေးဇူးနော် လုလု.. တိုရှည်မုန့်လေး လာငမ်းသွားတယ် :D

    ReplyDelete
  11. You can buy ready mix do sai powder in mustafa and other indian shops if you are in Singapore.I have tried it and the taste was exactly the same like the one from indian restraurants.

    ReplyDelete
  12. thank alot for sharing recipes, lulu yay. wanna see your more post.
    myat lay pan

    ReplyDelete
  13.ုလုလုတို့ကတော့ သူများသွားရည်ကျအောင် အမျိုးမျိုးလုပ်တတ်တယ်... လူဆိုး( နောက်တာနော်... တိုရှည်အရမ်းကြိုက်တယ်)

    ReplyDelete
  14. မလု.pdf လဲ ဒေါင်းသွားပြီ...
    ရေးထားသလို လိုက်လုပ်နေတာတွေလဲ..များနေပြီ...
    ခု...တိုရှည်...လုပ်ကြည့်ဦးမယ်..မလု.
    ကျေးဇူးတွေတင်တယ်

    ReplyDelete