Thursday, February 25, 2010

တုံယမ်အနှစ်လုပ်နည်းနဲ့ တုံယမ်းဟင်းရည်ချက်သောက်ရအောင်




ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီတစ်ခါတော့ ရာသီဥတုအပြောင်းအလဲလေးမှာ နေမကောင်းဖြစ်ချင် သလိုလို ဖြစ်နေတဲ့ ကျွန်မရဲ့ အင်ဒိုနီးရှားအမေအတွက် ချဉ်ငံစပ်အရသာလေးနဲ့ ချွေးထုတ်ခန်းဝင်စရာမလိုတဲ့ တုံယမ်းဟင်းရည်လေး ချက်ပေးတာကို မောင်နှမများအတွက် မျှဝေပါရစေနော်။

ကျွန်မအမေက ကျွန်မကို မေးပါတယ်။ တုံယမ်အနှစ် ၀ယ်ထားတာ မရှိဘဲ ချက်လို့ရမလားတဲ့။ အမေ့ဆီမှာ မန်ကျည်းသီးမှည့် (Tamarind)၊ စပါးလင် (Lemon grass)၊ ပဒဲကော (Galangal)၊ Red Chilli၊ ရှောက်ရွက်နု (kaffir lime leaf)၊ ခရမ်းချဉ်သီး၊ နံနံပင်အမြစ်၊ ကြက်သွန်ဖြူ၊ ဆား၊ သကြားတို့ရှိရင် တုံယမ်အနှစ်ကို ကိုယ့်ဘာသာကိုယ်လုပ်လို့ရပါတယ်လို့ အမေ့ကို ပြောပြပါတယ်။ အဲ့ဒါနဲ့ပဲ အိမ်ရှိပစ္စည်းများနဲ့ ကျွန်မတို့ သားအမိ တုံယမ်ဟင်းရည်ချက်ကြပါတယ်။

တုံယမ်းအနှစ်ပြုလုပ်နည်း
၁။ မန်ကျည်းသီးမှည့်ကို ရေနွေးနဲ့ စိမ်ပေးပြီး မန်ကျည်းနှစ်တွေကို ခပ်ပျစ်ပျစ် စစ်ယူထားပေးပါနော်။ (လက်ဘက်ရည်ပန်းကန်လုံး တစ်လုံးစာအနှစ်ရအောင်ယူထားပါ

၂။ စပါးလင် (၅-၇ ပင်)၊ နံနံပင်အမြစ် (၅ ပင်)၊ ပဒဲကောမြစ် (လက်သုံးဆစ်)၊ ခရမ်းချဉ်သီး (၇) လုံး၊ ငရုတ်သီးတို့ကို ရေနဲ့ သန့်စင်အောင် ဆေးကြောပြီး အနှစ်ရအောင် ကြိတ်ယူထားပါ။

၃။ အားလုံးအသင့်ဖြစ်တဲ့အခါကျရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီနည်းနည်းထည့်ပါ။

ပြီးတော့ နံပါတ် ၁ နဲ့ ၂ မှာ ဖော်ပြထားတာတွေကို ထည့်ပြီး မီးအပူရှိန်ကို အနွေးဆုံးထားပြီး ဖြည်းဖြည်းချင်း မွှေပေးပါနော်။ ပြီးရင် ရှောက်ရွက်ကိုပါ ထည့်မွှေပေးရင်း ၁၅ မိနစ်လောက် ကြာတဲ့အခါမှာ အရည်တွေခမ်းပြီး ခပ်ပျစ်ပျစ်ဖြစ်လာပါမယ်နော်။ ပြီးရင် ဆား၊ ငံပြာရည်အနည်းငယ်နဲ့ သကြားကို ထည့်ပါနော်။ အရသာက ချိုချဉ်ငံစပ် အရသာနဲ့ ရနံ့က မွှေးကြိုင်နေတဲ့ တုံယမ်းအနှစ်ကို ရမှာဖြစ်တယ်နော်။ ရလာတဲ့ တုံယမ်းအနှစ်ကို ပုလင်းသန့်သန့်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားရင် အကြာကြီးခံတယ်နော်။

တုံယမ်းဟင်းရည် ချက်ကြရအောင်
လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်သားပြုတ်ရည်၊ စပါးလင်၊ ရှောက်ရွက်၊ သံပုရာသီး၊ မှို၊ တိုဟူး၊ ပုစွန်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီအနည်းငယ်တို့ပါနော်။

ပုစွန်ကို အခွံနွှာ၊ ကျောကခွဲပြီး နောက်ချေးကြောင်း ထုတ်ပစ်ပါ။ ခေါင်းမှာ အဆီတွေ ပါနေတာမို့ နှမြောပြီး မဖြုတ်ဘဲထားလိုက်တယ်။ ကျန်တဲ့ ပါဝင်ပစ္စည်းတွေကို သန့်စင်အောင်ဆေးကြောပြီး လှီးချွတ်အသင့်ပြင်ထားလိုက် တယ်နော်။

ကြက်သားပြုတ်ရည်ကို ဒယ်အိုးထဲထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါနော်။ ပြီးရင် စပါးလင်၊ ကြက်သွန်ဖြူနီ၊ ငရုတ်သီးတို့ကို ထည့်ပြီး ပွက်ပွက်ဆူလာရင် တုံယမ်းအနှစ်ကို ထည့်ပါ၊ ပြီးရင် တိုဟူးထည့်၊ ပြီးရင် ပုစွန်တွေကို ထည့်ပါနော်။ ပုစွန်က ခဏလေးနဲ့ကျက်တာမို့လေ တစ်လက်စတည်း မှို၊ ခရမ်းချဉ်သီးနဲ့ မုန်ညင်းထုပ်အဖြူလေးကိုပါ ထည့်ပေးပါနော်။ (တုံယမ်းဟင်းရည်မှာတော့ မုန်ညင်းထုပ်အဖြူ ထည့်ချက်လေ့မရှိပေမယ့် ဟင်းသီးဟင်းရွက် စားဖြစ်ရအောင်လို့ ထည့်ချက်လိုက်ပါတယ်နော်။)

ပြီးရင်တော့ ချိုချဉ်ငံစပ်အရသာကို ကိုယ့်စိတ်ကြိုက်ပြင်ပြီးတော့ သံပုရာရည်မွှေးမွှေးလေးညှစ်၊ နံနံပင်လေး အုပ်ပြီး အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ တုံယမ်းဟင်းရည်လေးကို သုံးဆောင်နိုင်ပါပြီရှင်။

(တုံယမ်းဟင်းချက်တဲ့အခါ ပုစွန်အပြင် ကြက်သား၊ ပြည်ကြီးငါး ကြိုက်နှစ်သက်ရာကို ထည့်ချက်နိုင်သလို အသီးအရွက်များကိုလည်း ကြိုက်တတ်သလို ထည့်ပြီး ချက်စားနိုင်ပါတယ်နော်။)

ကျွန်မအမေကတော့ ကျွန်မချက်တဲ့ တုံယမ်းဟင်းလေးကို စားကောင်းတယ်ပြောလို့ ၀မ်းသာပီတိဖြစ်မိရပါတယ်။ ကျွန်မမောင်နှမတွေလည်း တုံယမ်းအနှစ် ၀ယ်ရတာ အဆင်မပြေခဲ့ဘူးဆိုရင် လုပ်စားလို့ရအောင် မျှဝေလိုက်ပါတယ်နော်။

(တုံယမ်းဟင်းရည်ထဲကို တစ်ချို့က အုန်းနို့ရည်ထည့်ပါတယ်၊ ကြိုက်တတ်ရင် ထည့်လို့ရပါတယ်နော်။ တချို့ကလည်း တုံယမ်းဟင်းရည် ခပ်ပျစ်ပျစ်ချက်ပြီး ခေါက်ဆွဲ၊ ကြာဆံတို့ ထည့်စားတတ်ပါသေးတယ်နော်။)

ချစ်သောမောင်နှမများအားလုံး ပိတ်ရက်မှာ တုံယမ်းဟင်းလေး ချက်ကြည့်ကြပါဦးနော်။

7 comments:

  1. မင်္ဂလာပါ..

    တုံယမ်းဟင်း ကတော့ အသင့်လုပ်ပြီးသား အထုပ်ကလေးတွေ အလွယ်တကူ ၀ယ်ရနေလို့ တစ်ပတ် နှစ်ခါလောက်တော့ စားဖြစ်တယ်လေ။
    အသင့်ထုပ်ကလေးတွေနဲ့ ဟင်းသီးဟင်းရွက် အစုံထည့်ပြီး စားလိုက်တာ...
    တုံယမ်းဟင်း လုပ်နည်းကို ဖတ်ကြည့်တော့ လုပ်ရတာ မလွယ်ဘူးထင်တယ်နော်...
    ဝေမျှတင်ပြပေးတာ ကျေးဇူးပါ..

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  2. တော်လိုက်တဲ့ မလု...တုံယမ်ဟင်းရယ်ဒီမိတ်အထုပ်က စပ်လွန်းလို့ မစားနိုင်ဘူး..ကိုယ့်ဟာကိုယ် ငရုတ်သီးလျှော့ပြီး လုပ်နိုင်ရင် ကာင်းမှာပဲ... ဒါပေမယ့်လုပ်ဖြစ်မယ်မထင်ပါဘူး မလုရယ်...မလုဆီက လုပ်ပြီးသားပဲ ယူလိုက်တော့မယ်နော် :)

    ReplyDelete
  3. ဒါတော့ ကြိုက်ဖူး လုလုရယ်။
    မုန့်စိမ်းပေါင်း စားချင်တယ်။

    မအယ်

    ReplyDelete
  4. အနှစ်လုပ်နည်းလေးသိလိုက်ရတာကျေးဇူး

    ReplyDelete
  5. တုံယမ်ဟင်းမလုပ်တတ်လို့ အနှစ်ဗူးလေးပဲ ၀ယ်စားနေရတာ။ အခုတော့ အတော်ပဲ/လုပ်နည်းသိသွားပြီ။ လုလု.. ကျေးဇူးနော်။ မိုးသီတာနဲ့ အတူတူ လုပ်စားဦးမယ် :D

    ReplyDelete
  6. ကိုမျိုးရေ့ 
    တုံယမ်းဟင်းက ခံတွင်းရှင်းပြီး ထမင်းမြိန်စေတယ်နော်။ ဟင်းအနှစ်လုပ်ရတာလည်း လက်ဝင်တယ်ဆိုပေမယ့် ကိုယ့်ဘာသာကိုယ် လုပ်တတ်သွားတော့လည်း အဆင်ပြေသွားတာပေါ့နော်။
    စူးနွယ်လေးရေ့
    ရော့ တုံယမ်းအနှစ်တစ်ဗူ့း့ 
    မအယ်ရေ့ တုံယမ်းမကြိုက်ရင် မုန့်စိမ်းပေါင်းလုပ်နည်းက အဲ့ဒီမှာ http://lulucooking.blogspot.com/2008/01/blog-post_26.html ရေးဖူးတယ်နော်။
    မရှရွန်ရေ့  လုလုလည်းကျေးဇူးတင်ပါတယ်နော်။
    လသာညရေ့ မမိုးသီတာနဲ့ တုံယမ်းဟင်းချက်ဖြစ်တဲ့နေ့ သံချောင်းခေါက်လိုက်ဦးနော်။

    ReplyDelete
  7. မာလာဟင်းအနှစ် လုပ်နည်းလေးပါသိချင်ပါတယ်။

    ReplyDelete