Monday, January 25, 2010

ကြက်သားအာလူး၊ ဘာလချောင်၊ ဆီးသီးလက်ပံပွင့်ဟင်းရည်

ဘာလချောင်ဒယ်အိုးလူး
ဆီးသီးလက်ပံပွင့်ဟင်းရည်
ဘာလချောင်ကြော်
ကြက်သားအာလူးဟင်း
ချစ်သော မောင်နှမများ အားလုံး မင်္ဂလာပါရှင်။ ထွန်းအိန္ဒြာဗိုကတော့ ``မချစ်ရင် မနေနိုင်တာကလွဲလို့´´ပေါ့။ ကျွန်မကတော့ ``မချက်ရင် မနေနိုင်တာကလွဲလို့´´ ဆိုသလို ဖြစ်နေပြီ မောင်နှမ တို့ရေ။

ကျွန်မ မြန်မာပြည်က ပါလာတဲ့ ဘာလချောင်ကြော်ဗူးက တက်တက်ပြောင်သွားပြီမို့ မနေ့က (တနင်္ဂနွေနေ့)မနက် အိမ်ရှင်အမေနဲ့ အတူ ဈေးသွားပြီး ဘာလချောင်ကြော်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ ၀ယ်ပါတယ်။ ပြီးတော့ တစ်လက်စတည်းပဲ မြန်မာအစားအစာတွေချည်းဖြစ်သွားရအောင်လို့ အာလူးနဲ့ ကြက်သားဟင်း ချက်ပေးမယ်၊ ဟင်းရည်သောက်လေး ချက်ပေးမယ်လို့ စိတ်ကူးလိုက်တယ်လေ။ အဲ့ဒီ Set လိုက်ကိုပဲ ကျွန်မရဲ့ မောင်နှမများကို မျှဝေပေးပါရစေဦးနော်။

ဒီတစ်ခေါက်ချက်တဲ့ ကြက်သားအာလူးဟင်းက ပုံစံတစ်မျိုးနဲ့ ချက်ထားတာပါနော်။ ကျွန်မကတော့လေ အစားအသောက် ဘယ်လောက်ခုံမင်တယ်မသိဘူး၊ အိပ်မက်ထဲတောင် ဟင်းချက်တာ၊ အခု အိပ်မက်ထဲက ချက်တဲ့အတိုင်း ချက်မယ့် အာလူးကြက်သားဟင်းနော်။ မရီကြနဲ့။ ကြက်သားအာလူးဟင်းချက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်သား၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ ဆား၊ ဟင်းခတ်မှုန့်၊ သကြား၊ နနွင်းမှုန့်နဲ့ ဆီတို့ပါနော်။

ကြက်သားကို သန့်စင်အောင် ဆေးကြောပြီးတော့ ဆား၊ သကြား၊ ဟင်းခတ်မှုန့် အနည်းငယ်တို့နဲ့ နယ်ပါတယ်။ ပြီးတော့ ချင်းအ၀ိုင်းလိုက်လေးတွေ လှီးထည့်ပြီး ကြက်သားကို ဒယ်အိုးထဲထည့်ပြီး အသားထဲက ထွက်တဲ့ရေနဲ့ ခမ်းအောင် အရင်တည်ပါတယ်။ အသားထဲက ထွက်တဲ့ရေ ကုန်တဲ့အခါမှာတော့ လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးစာလောက် ရေထပ်ထည့်ပြီး အဖုံးအုပ်ပြီး ထပ်တည်ပါတယ်။ အဲ့ဒီတစ်ရေခမ်းတဲ့အခါမှာတော့ ကြက်သားတွေကို အအေးခံပြီး အေးတဲ့အခါ အရိုးနွင်ပေးထားပါတယ်။

အာလူးတွေကို အခွံနွှာပြီး အတုံးကို သေးနိုင်သမျှ သေးအောင် တုံးပါတယ်၊ ပြီးတော့မှ ဆားနဲ့ နယ်ဆေးပါတယ်။ ကြက်သွန် ဖြူ၊ နီ၊ ချင်းတို့ကို အခွံနွှာရေဆေးပြီး မညက်တညက်လေး ထောင်းပါတယ်။ ငရုတ်သီးစိမ်းကို အညှာခြွေရေဆေးပြီး ထက်ခြမ်းခွဲထားပါတယ်။ ပင်စိမ်းရွက်ကို သန့်စင်အောင်ဆေးပေးထားပါတယ်။

အားလုံးအသင့်ဖြစ်တဲ့အခါ ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေး အနည်းငယ် ခပ်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူနီချင်းတို့ ကို ဆီသတ်ပါတယ်။ ကြက်သွန်ဖြူနီ နွမ်းပြီဆိုရင် အာလူးတွေကို ထည့်ပြီး ဆီသတ်၊ ပြီးရင် ကြက်သားတွေရော ထည့်ပြီး အားလုံး သမအောင်မွှေ၊ ရေအနည်းထည့်၊ အဖုံးအုပ်ပြီး တည်ပေးပါနော်။ အာလူးနူးပြီး အနှစ်ဖတ်လေးတွေ ရလာတဲ့အထိ လိုအပ်သလို ရေထည့်လိုက်၊ တည်လိုက် လုပ်ပေးပါနော်။ အာလူးတွေ အားလုံး ကြေပြီး အနှစ်လေးတွေလို ဖြစ်ပြီဆိုရင်တော့ အရသာ အပေါ့အငံကို မြည်းပြီး လိုတာထပ်ဖြည့် ငရုတ်သီးစိမ်းလေးနဲ့ ပင်စိမ်းလေး အုပ်ပြီး ဟင်းအိုးချလိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ ပင်စိမ်းနံ့မွှေးမွှေး၊ ငရုတ်သီးကြောင့် စပ်ရှိန်းရှိန်း၊ အာလူးအနှစ် များများနဲ့ ကြက်သားအာလူးဟင်းလေး ရပါပြီနော်။

ဘာလချောင်ကြော်လို့လည်းခေါ်တဲ့ ငပိကြော်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ငါးနီတူ၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ၊ နီ၊ အနီရောင်ငရုတ်သီး (အခြောက်ဖြစ်စေ၊ အစိုဖြစ်စေ)၊ ငံပြာရည်၊ မန်ကျည်းသီးနှစ်၊ သကြား၊ ဆား၊ နနွင်းမှုန့်နဲ့ ဆီ တို့ပါနော်။ ဒီမှာလည်း http://lulucooking.blogspot.com/2007/08/blog-post_8843.html တစ်ခါ ရေးဖူးပါတယ်နော်။ ဒါပေမယ့် အခုတစ်ခေါက် အစားခံရအောင် ငါးနီတူလေးပါ ထည့်လိုက်ကြရအောင်နော်။

ငါးနီတူနဲ့ ပုဇွန်ခြောက်လေးကို မထောင်းခင်မှာ ရေနဲ့ သန့်စင်အောင် ဆေးကြောပြီး စကာနဲ့ စစ်ပြီး နေပူထဲ ခဏထား လိုက်ပါတယ်နော်။ အဲ့ဒီအချိန်မှာ ကြက်သွန်အဖြူအနီတို့ကို အခွံနွှာထားနော်။ ဒီမှာကတော့ ငရုတ်သီးအခြောက်တောင့် ၀ယ်လို့မရတာနဲ့ ငရုတ်သီးအနီအပွတောင့်တွေကို ၀ယ်ပါတယ်နော်။ အဲ့ဒါကို အညှာခြွေ၊ ရေဆေး ပြီးတော့မှ ကပ်ကြေး လေးနဲ့ တစ်လက်မအရွယ်လောက်လေးတွေ ဖြတ်ပြီး လေသလပ်ခံ ထားပါတယ်။ ပြီးရင် မန်ကျည်းသီးမှည့်ကို ရေနွေး ပူပူလေးနဲ့ စိမ်ထားလိုက်ပါနော်။

ပြီးရင် ကြက်သွန်ဖြူနီကို chopper နဲ့ ကြိတ်လိုက်ပါတယ်။ ပြီးတော့ ငရုတ်သီးကိုလည်း ကြိတ်ပါတယ်။ နောက်ဆုံး ပုစွန်ခြောက်ကို ကြိတ်ပါတယ်။ အားလုံး အသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီကို ၅ ကျပ်သားလောက်ထည့်ပြီး ငါးနီတူတွေကို အရင်ကြော်ပါတယ်။ ကြော်တဲ့အခါမှာ အရမ်းကြွပ်ရွသွားအောင် ကြော်တာမျိုးမဟုတ်ဘဲ မကြွပ်တကြွပ် အချိန်မှာ ဆီအိုးထဲကနေ ဆယ်ယူပြီး ဇကာထဲ ထည့်ထားပါတယ်။ ပြီးရင် ကြိတ်ထားတဲ့ ကြက်သွန်ဖြူနီတွေကို ကြော်ပေးပါ။ စစချင်းမှာ မီးအားအများဆုံးနဲ့ ကြော်ပေးပြီး နောက်ပိုင်းကျ ကြက်သွန်တွေထဲက အရည်စစ်သွားလို့ မွှေလို့ သွက်လာတဲ့အခါ မီးအားလျော့ပြီး မီးနွေးနွေးလေးနဲ့ ရွှေညိုရောင်လေးဖြစ်လာအောင်ထိ ကြော်ပေးပါနော်။ ရွှေအိုရောင် ပြောင်းလို့ အနံ့လေးကလည်း သင်းလာပြီဆိုရင်တော့ ဆီစစ်စကာပါတဲ့ ယောက်မလေးနဲ့ ဆယ်ယူပြီး စကာထဲထည့်ပြီး ဆီစစ်ထားပေးပါနော်။ ပြီးရင် ကြိတ်ထားတဲ့ ငရုတ်သီးတွေကို ထည့်ပြီးကြော်ပေးပါ။ ငရုတ်သီးက အစိုမို့လို့ အချိန်ယူပြီး နည်းနည်းခြောက်အောင် ကြော်ရပါတယ်။ ငရုတ်သီးထည့်ပြီး ဆား၊ သကြား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်တို့ကိုပါ ထည့်ပြီး ကြော်ပေးပြီး နောက်ပိုင်းမှာ ကြိတ်ထားတဲ့ ပုစွန်ခြောက်ကို ဆက်တိုက်ထည့်ပေးပါနော်။ မီးအသင့်အတင့်လောက်နဲ့ထားပြီး ကြော်ပေးရင်းနဲ့ ပုစွန်ခြောက်လေးရော ငရုတ်သီးလေးရော အညိုရောင်ဘက်လုလာပြီဆိုရင် မီးကို တတ်နိုင်သလောက် လျှော့ပြီး မန်ကျည်းသီးအနှစ်တွေကို ထည့်လိုက်ပြီး မွှေပေးပါ။ မီးအေးအေးနဲ့ ခုနက ငံပြာရည်ရယ်၊ မန်ကျည်းနှစ်ရယ်ကို ခမ်းအောင် ထားပါ။ အိုးမကပ်အောင်လဲ သတိထားပြီး မွှေပေးနော်။ ပြီးရင် ငါးနီတူခြောက်ကြော်နဲ့ ကြက်သွန်ဖြူနီကြော် တွေ ရောထည့်ပေးပါ။ တဖြည်းဖြည်းနဲ့ အရည်တွေခမ်းလာတဲ့အခါမှာ အနီရောင် ဆီလေးတွေက အပေါ်ကို ဝေ့တက်လာ ပါလာလိမ့်မယ်နော်။ အပေါ့အငံကို မြည်းနော်။ အရသာကို ဘယ်ဟာကိုမှ မကဲစေနဲ့။ မြည်းလိုက်တဲ့အခါမှ မန်ကျည်းသီးမှည့် အချဉ်လေးလျှာထဲ စိမ့်သွားသလို ငရုတ်သီးရဲ့အစပ်ကလဲ သွားရည်ယိုစေပါတယ်၊ ရေခမ်း လောက်ပြီဆိုရင် မီးဖိုပေါ်ကနေ ချပြီး အအေးခံထားလိုက်နော်။ အေးသွားပြီဆိုရင် ခုနက ဖယ်ထားတဲ့ ကြက်သွန်ဖြူနီကြော်တစ်ဝက်ထည့်ပြီးတော့ ရောမွှေလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ဘာလချောင်ကြော်ရပါပြီနော်။

အရည်သောက်အတွက် အစ်ကို့အိမ်က ထွက်တဲ့ ဆီးသီးခြောက်နဲ့ အညာက မိတ်ဆွေတစ်ယောက် ပေးလိုက်တဲ့ လက်ပံပွင့်ခြောက်လေး ချက်ပါမယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆီးသီးခြောက် လက်တစ်ဆုပ်၊ လက်ပံပွင့်ခြောက် (၁၀) ပွင့်၊ ကြက်သွန်ဖြူ၊ ငပိစိမ်းစား လက်တစ်ဆစ်၊ ပုစွန်ခြောက် အနည်းငယ်၊ ဆား၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်တို့ပါနော်။

ဆီးသီးခြောက်နဲ့ လက်ပံပွင့်ခြောက်တို့ကို ရေစိမ်ပေးထားပါ။ ပြီးရင် အိုးတစ်လုံးထဲမှာ ပုစွန်ခြောက်၊ ငပိ စိမ်းစား၊ ဆား၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး မီးဖိုပေါ် တည်ပေးပါ။ ပွက်ပွက်ဆူလာပြီ ဆိုရင်တော့ ကြက်သွန်ဖြူလေး ဓားပြားရိုက်ပြီးထည့်ပေးပြီး ဆက်တည်ပေးပါနော်။ ပြီးရင် ရေစိမ်ထားလို့ ဆီးသီး ခြောက်လေးတွေကို အသာလေးလက်နဲ့ အသားဖတ်လေးတွေ ဖဲ့ပေးပါနော်။ ပြီးတော့မှ ဆီးသီးခြောက်နဲ့ လက်ပံပွင့်ခြောက်တို့ ထည့်ပြီး တည်ပေးပါနော်။ တည်ပေး ရင်းနဲ့ ဆီးသီးထဲကနေ ချိုချဉ်အရသာလေး ထွက်လာ သလို လက်ပံပွင့်လေးကနေလည်း ခပ်ချွဲချွဲလေး ဖြစ်လာပါမယ်နော်။ ပြီးရင်တော့ အရသာ အပေါ့အငန်မြည်းပြီးတော့ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ ဟင်းအိုးချလို့ရပါပြီနော်။ ချိုချဉ်အရသာ လေးနဲ့ ခံတွင်းရှင်းစေတဲ့ ဆီးသီး လက်ပံပွင့်ဟင်းရည်သောက်လေး ရပါပြီနော်။

နောက်ဆုံးမှာတော့ ဘာလချောင်ကြော်တွေကို ပုလင်းသန့်သန့်ထဲ ထည့်သိမ်းပြီး ဒယ်အိုးထဲမှာ ကျန်တဲ့ အဆီအနှစ်တွေကို ထမင်းလေးနဲ့ လူးနယ်လိုက်ပါတယ်နော်။ အဲ့ဒါဆိုရင်တော့ ဘာလချောင်ထမင်းနယ် လေး ရပါပြီနော်။

ချစ်သောမောင်နှမများအားလုံးလည်း အဆင်ပြေရင် ချက်စားကြည့်ကြပါဦးနော်။

8 comments:

  1. မမရေ..လက်ပံပွင့်ခြောက် တွေ့ဖူးချင်လိုက်တာ..
    စားလဲစားဖူးချင်တယ်...
    ငယ်ငယ်ကကြားဖူးတဲ့သီချင်းလို လက်ပံပွင့်ကောက်အရောက်လာမယ်.... အဲလိုမျိုး... ဘလချောင်ကြော်ဒယ်အိုးလူးကလဲ လှလိုက်တာ..

    ReplyDelete
  2. ဒယ်အိုးလူးလေးပိုကြိုက်တယ် မမရေ..
    အားရပါးရ ဝါးသွားပြီ..
    မမဆီလာရင် အကုန်သရေ ကျစရာ ..
    ခင်မင်လေးစားစွာဖြင့်..

    ReplyDelete
  3. မင်္ဂလာပါ..

    ဘာလချောင်ဒယ်အိုးလူး လေးကတော့ အကြိုက်ဆုံး ဖြစ်မှာပါ။ ဗိုက်စာလိုက်တာနော်။ တကယ့် ထမင်းစာချိန်တွေ မှာ ဒီဆိုဒ်ကို ၀င်ပြီး ကြည့်မိပြန်တယ်။ တံတွေးမျိုချပြီး ပြန်သွားတယ်.. :) ::)..

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  4. ကူးကူးရေ့  နောက်ရက်ကျ လက်ပံပွင့်ခြောက် ဓာတ်ပုံရိုက်ပြီး တင်ပေးပါမယ်နော်။ လက်ပံပွင့်ကောက် သီချင်းကို မမလည်း သိပ်ကြိုက်တာ။
    မြတ်မွန်လေးရေ့  အလည်လာလို့လည်းကျေးဇူးတင်ပါတယ်။ အားရပါးရ၀ါးသွားပါနော်။
    ကိုမျိုးရေ့ 
    အကြိုက်ချင်းတူနေလိုက်ကြတဲ့ မောင်နှမတွေကို နောက်ရက်ကျ ဘာလချောင်ဒယ်အိုးလူးပဲ ကျွေးရ ကောင်းမလား၊ :P
    ချစ်ခင်စွာဖြင့်
    လုလု

    ReplyDelete
  5. ဘာလချောင်ဒယ်အိုးလူးလေးကို ဆီသီးလက်ပံပွင့်ဟင်းရည်သောက်လေးနဲ့ စားချင်တယ်...

    ReplyDelete
  6. ဟင်းစပ်ကောင်းလိုက်တာ........ စားချင်စိတ်တွေပေါက်လာတယ်..........

    ReplyDelete
  7. မြန်မာပြည်မှာတော့ ဈေးကြီလို့ မစားနိုင်ကြဘူး။ဒီမှာစားရင်းနဲ့ မြန် မာပြည်ကလူတွေကို သိပ်သတိရတာဘဲ။ဘာလချောင်ကိုစမ်းကြည့်မယ်နော် တူမလေး (ကြီး)လုလုကိုယ် စိတ်နှစ်ဖျာချမ်းသာပါစေ။

    ReplyDelete