Wednesday, December 9, 2009

ကင်မ်ချီလုပ်ကြရအောင်




ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ အခုလိုအေးတဲ့ရာသီမှာ မုန်ညင်းဖြူထုပ်တွေကလည်း သိပ်ပေါတယ်လေ၊ အဲ့ဒီတော့ ကျွန်မတို့မောင်နှမတွေ စုပြီး တပျော်တပါး ကင်မ်ချီလုပ်ကြရအောင်နော်။ အရင်တုန်းကလည်း ကင်မ်ချီလုပ်နည်းကို http://lulucooking.blogspot.com/2007/09/kimchi.html အဲ့ဒီမှာ ရေးခဲ့ဖူးပြီးပါပြီ၊ အခုတစ်ခါ နည်းသစ်လေး တစ်မျိုးနဲ့ လုပ်ကြည့်ရအောင်နော်။

ကင်မ်ချီလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ မုန်ညင်းအဖြူထုပ် (၇) ထုပ်၊ ပန်းသီး (၃) လုံး၊ မုန်လာဥ အဖြူအသေး (၅)လုံး (ဒီမှာက အသေးပဲရတယ်နော်၊ အကြီးဆိုရင်တော့ (၂) လုံးလောက်ဆို ရပြီနော်)၊ မုန်လာဥနီ (၅) တောင့်၊ ကြက်သွန်ဖြူ (၁၅) မွှာ၊ ချင်း (၅) ကျပ်သား၊ ကောက်ညင်းမှုန့် ထမင်းစားဇွန်း (၅) ဇွန်း + ရေ လက်ဘက်ရည် ပန်းကန်လုံး (၂) လုံး ၊ ငရုတ်သီး အပုပွတောင့် (၂၅) တောင့်၊ အရှည်တောင့် (၁၅) တောင့် (မြန်မာမှာက ကိုရီးယားငရုတ်သီးမှုန့်ကို အလွယ်တကူ ၀ယ်ယူရခက်လို့ ငရုတ်သီးတောင့်ကို ကိုယ့်ဘာသာ ကိုယ်ထောင်းပါတယ်နော်)၊ ဆား၊ သကြား၊ အချိုမှုန့်တို့ပါနော်။

(၁) မုန်ညင်းဖြူထုပ်များကို သန့်စင်အောင် ရေနဲ့ဆေးကြောပေးပါနော်။ ပြီးရင် မုန်ညင်းဖတ်တွေကြားထဲကို ဆားဝင်အောင် ပက်ပြီးတော့ မုန်ညင်းထုပ်တွေကို ဇလုံထဲထည့်ပြီး ဆားရည်နဲ့ (၇) နာရီကြာ စိမ်ပေးထားပါနော်။ (လုလုကတော့ ညမအိပ်ခင် မုန်ညင်းတွေကို စိမ်ထားလိုက်ပြီး မနက်ကျတော့မှပဲ ရေဆေးတာ လုပ်ပါတယ်)

(၂) ပြီးရင်တော့ အဲ့ဒီမုန်ညင်းတွေကို ရေနဲ့ ဆေးပြီးတော့ ကြိုးတန်းလေးမှာ စစ်ပေးထားပါ။ (လုလုကတော့ မုန်ညင်းရေစစ်တာကို လေးနာရီလောက် ထားပါတယ်။ မုန်ညင်းတွေ ရေလုံးဝ စစ်သွားရင် ကင်မ်ချီလုပ်တဲ့အခါမှာ အရည်ထွက်တာနည်းပြီးတော့ ရေရှည်လည်း အထားခံပါတယ်)

(၃) မုန်လာဥနီ၊ မုန်လာဥဖြူနဲ့ ပန်းသီးတို့ကို အခွံနွှာ ရေဆေးပြီး အထူ ၁ စင်တီမီတာလောက်၊ အရှည် တစ်လက်မလောက် ထားပြီး လှီးပါတယ်၊ ပြီးရင် ခြောက်နာရီလောက် လေသလပ်ခံထားလိုက်ပါတယ်။

(၄) ငရုတ်သီးအပုတောင့် (အရောင်လှစေဖို့) အရှည်တောင့် (အစပ်အရသာရစေဖို့) နှစ်မျိုးစလုံးကို ကပ်ကျေးနဲ့ ညှပ်ပြီး ရေနွေးပွက်ပွက်ဆူမှာ စိမ်ပါတယ်၊ ပြီးတော့မှ ရေစစ်ပြီးတော့ ကြိတ်စက်နဲ့ အရင်ကြိတ်ပါတယ်၊ ရလာတဲ့ ခွဲခြမ်းဖတ်ကိုမှ ငရုတ်ဆုံမှာ ထည့်ပြီး ထောင်းပြီး သီးသန့်ပုံပေးထားပါ။

(၅) ချင်းနဲ့ ကြက်သွန်ဖြူကို အခွံနွှာထားပါတယ်၊ ပြီးရင်တော့ ကြိတ်စက်လေးနဲ့ ထည့်ကြိတ်လိုက်ပြီး သီးသန့် တစ်ပုံ ပုံပေးထားပါနော်။

(၆) ကောက်ညှင်းမှုန့်ကို ရေနဲ့ ရောဖျော်ပြီး သမအောင် မွှေပါ။ ပြီးရင် မီးဖိုပေါ်မှာ ကျိုပေးပါ။ ကောက်ညှင်းမှုန့် ကျိုနေတဲ့အချိန်မှာ တရစပ် ဖြေးဖြေးချင်း မွှေပေးနေဖို့ မမေ့ပါနဲ့နော်။ နောက်မဟုတ်ရင် ကောက်ညှင်းကျိုတာ အကျက်မညီဘဲ ဖြစ်ရင် ခဲတဲ့နေရာက ခဲ၊ ကျဲတဲ့နေရာက ကျဲဖြစ်သွားမှာ စိုးလို့ပါနော်။ ကျိုတဲ့နေရင်းနဲ့ ကောက်ညှင်းနံ့ သင်းသင်းလေးဖြစ်လာတဲ့အခါ မီးလျှော့ပြီး အကျက်ညီအောင်ကျိုပေးပါ။ ပြီးမှ မီးဖိုပေါ်ကနေ ချလိုက်ပြီး အေးသွားအောင် အအေးခံထားပေးပါနော်။

(၇) အားလုံးအသင့်ဖြစ်တဲ့အခါကျရင် လက်မှာ လက်အိတ်စွပ်ပါ။ ဇလုံကြီးကြီးတစ်လုံးထဲကို အမှတ်စဉ် (၃) ကနေ (၆) အထိ လုပ်ထားတဲ့ အဆာပလာတွေကိုထည့်ပါ။ ဆား၊ သကြား၊ အချိုမှုန့် ထည့်ပြီး အားလုံး သမအောင် ရောနယ်ပေးပါ။ ပြီးတော့မှ မုန်ညင်းထုပ်တစ်ထုပ်ချင်းစီကိုယူပြီးတော့ မုန်ညင်းဖတ် တစ်လွှာချင်းကို ခွာယူပြီး အနှစ်တွေကို သေချာနှံ့အောင်ထည့်ပေးပါနော်။ တစ်လွှာချင်းစီထည့်ပြီးရင် မုန်ညင်းတစ်ထုပ်လုံးကို အနှစ်တွေနဲ့ သေချာနှံ့အောင်ထုပ်ပြီးတော့ ဗူးသန့်သန့်ထဲကို စီစီရီရီထည့်ပေးပါနော်။ ပြီးတော့မှ လေလုံအောင် ပိတ်ထားပေးပြီး တစ်ရက်ထားပါ။ နောက်တစ်ရက်ကျရင် ကင်မ်ချီဗူးကို ဖွင့်ပြီး မုန်ညင်းထုပ်တွေကို အထက်အောက် လှန်ပေးပါနော်။ ပြီးတော့မှ နောက်တစ်ရက်ထပ်ထားပါ။ အခုလို အေးတဲ့ရာသီမှာ (၃) ရက် လောက်ထား လိုက်ပြီဆိုရင်တော့ အနံ့ရော အရသာပါပြည့်စုံလှတဲ့ ကင်မ်ချီရပါပြီ။ အသားကင်၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်တို့နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်နော်။

အခု လုပ်နည်းလေးမှာ ပန်းသီးနဲ့ မုန်လာဥနီကိုထည့်ထားတဲ့အတွက် အနံ့ရော အရသာပါ ပိုပြီး ကောင်းမွန်စေတယ်လို့ ထင်မိပါတယ်။ နောက်ပြီး မုန်ညင်းကို အချိန်ယူပြီး ရေစစ်ထားတဲ့အတွက်ရယ်၊ မုန်လာဥဖြူ၊နီ၊ ပန်းသီး စတာတွေကို လေသလပ်ခံပြီးမှ ထည့်တဲ့အတွက် အဲ့ဒီအဖတ်လေးကို စားလိုက်တဲ့အခါမှာ လည်း ကြွတ်ကြွတ်လေးနဲ့ ပိုပြီး စားလို့ကောင်းပါတယ်နော်။ ပြီးတော့ ကျွန်မက ကြက်သွန်မြိတ်ကို တစ်ခါတည်း ထည့်ပြီး မတည်ပါဘူး၊ ဘာလို့လဲဆိုတော့ ကြက်သွန်မြိတ်က နည်းနည်းအနံ့ပြင်းတယ်လို့ ထင်လို့ပါ (ကျွန်မရဲ့စိတ်ကြောင့် ဖြစ်နိုင်ပါတယ်)။ ကင်မ်ချီဗူးကို ကျွန်မက နှစ်ရက်မြောက်တဲ့နေ့မှာ စပြီး ဖောက်ပါတယ်၊ မုန်ညင်းတွေ အထုပ်လိုက်ကို နှပ်ထားတာဖြစ်တဲ့အတွက် စစချင်း စားမယ့်အထုပ်တွေကို ကျွန်မ တစ်လက်မခွဲ အရှည်လောက်ထားပြီး အကွင်းလိုက် လှီးပြီးတော့ လက်တလော စားလို့ရအောင် ဗူးတစ်ခုထဲကို သီးသန့် ခွဲထည့်ထားပါတယ်။ ကျန်တဲ့ မုန်ညင်းထုပ်တွေကိုလည်း တစ်ထုပ်ချင်းကို အကွင်းလိုက် လှီးပြီး မူရင်းဗူးထဲမှာ ပြန်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားလိုက်တယ်နော်။ အဲ့ဒါဆို ရေရှည်လည်း ထားလို့ရတယ်လေ။ နောက်ထပ် အချဉ်ကိုလည်း ထပ်ပြီး ထိမ်းသွားတာပေါ့နော်။ ရက်ကြာကြာထားတဲ့ ကင်မ်ချီကိုတော့ ကင်မ်ချီ ဟင်းရည် ချက်စားကြတာပေါ့နော်။

ချစ်သော မောင်နှမများအားလုံး အချိန်ရတဲ့အခါ ကင်မ်ချီလုပ်ကြည့်ကြပါဦးနော်။

11 comments:

  1. ကျေးဇူး မမလု။ ဟိုတစ်နေ့က Korea စာသွားစားပြီး ကင်မ်ချီလုပ်စားမယ်စိတ်ကူးနေတာ။ အားတဲ့ရက်မှ စမ်းကြည့်ဦးမယ် :D

    ReplyDelete
  2. ကင်မ်ချီတော့ကြိုက်တယ်.. လုပ်ရမှာက များလွန်းတယ်.. တခါမှလည်း အဲဒါမျိုးတွေလုပ်တတ်တာ မဟုတ်တော့ကာ.. မမလုလုနဲ့ မစုဗူးအိမ် လုပ်ပီးရင် လာကျွေးပါဗျိုး..

    ReplyDelete
  3. အဲလိုသာလုပ်စားရမယ်ဆို......တစ်ပတ်လောက်ကြာမလားမသိဘူး။ မမရယ်..လွယ်ကောင်းမြန် နည်းတွေပေးပါ။
    ဒီက ပျင်းပျင်းစိန်က.. ဒီလောက်စိတ်ရှည်လက်ရှည် လုပ်စားလို့ဖြစ်မယ်မထင်ဘူး။
း(
    mm

    ReplyDelete
  4. ဦးစံရှားDecember 9, 2009 at 3:11 PM

    ပျင်းပျင်းစိန် ဆိုတာ မဟုတ်မှလွဲရော နန်းညီပဲဖြစ်ရမယ်။
    သူဟိုတလောက ပျင်း.ပျင်းတား.ပျင်းတက်စ် ပိုစ့်တင်ထားတယ်...
    မမလုရေ အမြဲကျေးဇူးတင်လျှက်နော်..ဒါပေမဲ့ ကင်ချီက လုပ်ရတာ လက်ဝင်တယ်အမ..ဆိုင်မှာပဲ ဘူးခပ်သေးသေးတဗူးဆို ၆ဒေါ်လာလောက်ပေးရတာ ၀ယ်စားတော့မယ်အမရယ်။ ဗူးသေးပေမဲ့ အစားသိပ်မစားနိုင်တော့ ၃ခါလောက်ခွဲစားဖြစ်တယ်လေ။

    ReplyDelete
  5. ကင်မ်ချီအရမ်းကြိုက်တယ်... အချိန်ရရင် လုပ်စားဦးမယ်

    ReplyDelete
  6. ကင်မ်ချီ ချဉ်စပ် အနံ့ စူးစူးလေးကို စားရတာ တော့ ကြိုက်ပါတယ် ။
    လုပ်ရတာ လက်ဝင် .. အဲ... ( ပျင်းတာ .. လို့ ပြောမလို့  ) ..
    ကြည့်ရင်း နဲ့တော့ သွားရည် တမြားမြား ကျသွားပါကြောင်း မလုလု ရေ ...

    ReplyDelete
  7. မလုရေ ဒီနေ့ လုပ်လိုက်ပြီ။ ထပ်ပြောမယ်။
    ဖြစ်မဖြစ်ကို

    ReplyDelete
  8. ကင်မ်ချီ မလုပ်စားဖူးသေးဘူး ကိုယ်ဘာသာ ၀ယ်စားတာများတယ် တကြိမ်လောက်လုပ်ကြည့်ဦးမယ် နည်းမှတ်သွားတယ် မမလုလု ကျေးဇူး :)

    ReplyDelete
  9. မမလုရေ.. ကင်မ်ချီတော့ သိပ်မစားတတ်ဘူး.. ကိုရီးယားတောင်း သွားရင်တော့ အလကား အလကား ပေးမြည်းတာတွေ အကုန် လျှောက်စားကြည့်တယ်.. စားလို့ကောင်းတယ်.. :D

    ဒါပေမယ့် ရှမ်းမုန့်ညင်းချဉ်တော့ စမ်းလုပ်ကြည့်တာ မအောင်မြင်သေးဘူး မလုရေ.. :(

    ReplyDelete
  10. မလုရေ ကမ်းချိလုပ်ထားတာ ကောင်းတယ်။
    ဒီနည်းက ပိုစားလို့ ကောင်းတယ်။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  11. ma lu, i also wanna know how to make ရှမ်းမုန့်ညင်းချဉ်. thx

    ReplyDelete