Thursday, September 24, 2009

အသွင်ပြောင်းအသုပ်နှင့် ဒန့်သလွန်ရွက်ဟင်းခါး

   

အားလုံးသော ချစ်မောင်နှမများ မင်္ဂလာပါရှင်။ ကျွန်မ မောင်နှမတွေဆီကို မအားလပ်လို့ မလာနိုင် သေးကြောင်း ခွင့်ပန်ထားပေမယ့် အစားကောင်းစားရတော့ ချစ်တဲ့သူတွေကို သတိရတယ်ဆိုသလိုပဲ ကျွန်မ လည်း မုန့်ဖတ်သုပ် သုပ်စားနေတော့ မောင်နှမတွေကို ကျွေးချင်တဲ့ဆန္ဒလေးက ဖြစ်လာပြန်ပါတယ်နော်။
ကျွန်မတို့အိမ်ရှင်မတွေ မီးဖိုချောင်မှာ ဟင်းချက်လို့ တစ်ခါတလေ ဟင်းတွေ မကုန်ဘူး၊ နောက်ရက် ကျရင်လည်း အဲ့ဒီဟင်းတွေကို မစားချင်တော့ဘူးဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတာ အတွေးရ ကြပ်တတ်ပါတယ်။ လွှင့်ပစ်လိုက်ရအောင်လည်း ချက်ထားပြုတ်ထားတာတွေ နှမြောစရာ၊ စားချင်သေးလားဆိုတော့လည်း မစား ချင်၊ အဲ့ဒီတော့ အလေအလွင့်လည်း မဖြစ်ရအောင်၊ အပြောင်းအလဲလေးအဖြစ်လည်း စားနိုင်အောင်လို့ စီစဉ် ရပါတယ်နော်။ ကျွန်မ ဒီနေ့ အိမ်ကနေ ငါးခူကို အသားလေးတွေချည်းလွှာပြီးတော့ စပါးလင်၊ ကြက်သွန်နီဥ လေးတွေနဲ့ ငါးမွှေချက်လေးလို ချက်ပါတယ်နော်။ ဟင်းတွေက အများကြီးထည့်လာတော့ ညနေဘက် အချိန်ပို ဆင်းတဲ့အခါ ဗိုက်ဆာလာတော့ အဲ့ဒီဟင်းကို မစားချင်တော့ဘူးလေနော်။ ဆီချက်နဲ့ အခြားလိုအပ်တာတွေ အကုန်လုံးလည်း ကျွန်မမှာ အသင့်ရှိနေတော့ အသွင်ပြောင်းတဲ့အနေနဲ့ မုန့်ဖတ်သုပ်စားမယ်လို့ စီစဉ်လိုက် တယ်နော်။



လိုအပ်တဲ့ပစ္စည်းတွေကတော့ မုန့်ဖတ်၊ ငါးမွှေချက် (လက်ကျန်ရှင်းမယ့်ဟာ)၊ ကြက်သွန်နီ၊ နံနံပင်၊ ဆီချက်၊ ပဲမှုန့်အကျက်၊ ငရုတ်သီးမှုန့်အကျက်၊ ငံပြာရည်၊ မန်ကျည်းသီးမှည့်အနှစ်၊ ဟင်းခတ်မှုန့် အနည်းငယ် တို့ပါနော်။


မုန့်ဖတ်သုပ်ဖို့အတွက် ဇလုံကြီးကြီးတစ်ခုထဲကို မုန့်ဖတ်ထည့်၊ ကြက်သွန်နီကို မထူမပါးလေး လှီးပြီး ထည့်၊ ပြီးတော့ မန်ကျည်းရည်ပျစ်ပျစ်လေး ဖျော်ထားတာလေးထည့်၊ ငံပြာရည်၊ ထမင်းချိုင့်ထဲက ကျန်တဲ့ ငါးမွှေ ချက်တွေကိုထည့်၊ နံနံပင်၊ ငရုတ်သီးအကျက်မှုန့်၊ ပဲမှုန့်အကျက်၊ ဟင်းခတ်မှုန့်အနည်းငယ်၊ ဆီချက်တွေ ထည့်ပြီး အားလုံးသမအောင် နယ်ပါတယ်။ အရသာကိုတော့ ကိုယ့်စိတ်ကြိုက် ချဉ်ငံစပ်လေးပေါ့နော်။ ထမင်းဖြူ ပူပူလေးနဲ့ စားရင်တော့ အရမ်းကိုကောင်းတဲ့ မုန့်ဖတ်သုပ်လေးပေါ့နော်။


ဟင်းခါးအတွက်ကတော့ ဒန့်သလွန်ရွက်၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။
ဒန့်သလွန်ရွက်တွေကို ရေဆေးပြီးတော့မှ အရွက်လေးတွေကို သင်ပေးထားပါ။ ကြက်သွန်ဖြူကို အခွံနွှာပြီး ငရုတ်ကောင်းစေ့နဲ့ မညက်တညက်လေး ထောင်းပေးထားပါ။ ပုစွန်ခြောက်ကိုလည်း မညက်တညက် လေး ထောင်းပေးထားပါနော်။


အိုးတစ်လုံးထဲ ရေအနေတော်ထည့်၊ ပုစွန်ခြောက်၊ ဆား၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်း ငယ်တို့ ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။ ဟင်းရည် ပွက်ပွက်ဆူပါက ထောင်းတားတဲ့ ကြက်သွန်ဖြူ ငရုတ်ကောင်းတို့ကိုထည့်ပြီး ဟင်းရည်ကျအောင် နည်းနည်းကြာကြာတည်ပေးပါ။ ဟင်းရည်လည်း ကျပြီ၊ ငရုတ် ကောင်းကြက်သွန်ဖြူနံ့လေး သင်းလာပြီဆိုရင်တော့ ဒန့်သလွန်ရွက်လေးတွေ ဟင်းရည်အိုးထဲ ထည့်လိုက်ပါ နော်။ ပြီးရင် ပွက်ပွက်ဆူအောင် တည်ပေးပါ။ ပွက်ပွက်ဆူပြီဆိုရင်တော့ အပေါ့အငံအရသာကိုမြည်း ပြီး ဟင်းအိုးချလိုက်ရုံပါပဲနော်။


အဲ့ဒါဆိုရင်တော့ အိမ်ရှင်မများအတွက် ငွေချွေတာရာလည်း ရောက်တဲ့အပြင် အရသာလည်း ရှိလှတဲ့ အသွင်ပြောင်းထားတဲ့ ချဉ်ငံစပ်မုန့်ဖတ်သုပ်လေးရယ်၊ ဒန့်သလွန်ရွက် ဟင်းခါးပူပူလေး ရပါပြီနော်။ ရုံးမှာ အချိန်ပိုဆင်းရင်း အဆာပြေစားဖို့ လုပ်ရင်း တင်လိုက်တဲ့ပို့စ်လေးပါနော်။ မောင်နှမများလည်း အတူလာစား လှည့်ဖို့ ဖိတ်ခေါ်ပါတယ်နော်။

- ကြက်သားဆီပြန်ဟင်း ချက်ထားပြီး ကျန်ရင် အုန်းနို့ခေါက်ဆွဲ၊ ရွှေတောင်ခေါက်ဆွဲ လုပ်စားလို့ ရသလို၊ နန်းကြီး၊ နန်းပြားသုပ်၊ ခေါက်ဆွဲသုပ် လုပ်စားလို့ ရပါတယ်။

- ငါးဟင်း၊ ပုစွန်ဟင်းကို ဆီပြန်ဟင်းတစ်ရက်ချက်စားပြီးလို့ နောက်ရက်မစားချင်ရင် ချဉ်ရည်ဟင်းအဖြစ် အသွင်ပြောင်းနိုင်ပါတယ်။

- ၀က်သားဟင်းလေး ချက်ထားတာ ကျန်ခဲ့ရင်တော့ ခရမ်းသီးနှပ်၊ ချဉ်ပေါင်၊ မျှစ်၊ ရုံးပတီသီးတို့နဲ့အတူ ရောနှပ်၊ ဗုံလုံသီးနှပ်၊ အစရှိသဖြင့် အသွင်ပြောင်းဟင်းလျာများ ချက်စားနိုင်ပါတယ်နော်။

16 comments:

  1. မုန့်တီသုတ် တအားကြိုက်တယ် ဒန့်သလွန်ရွက် ဟင်းချိုတော့ သောက်ဘူးဘူး ကျန်တဲ့ဟင်းရှိရင် နောက်ချက်စားလို့ရမယ့်ဟင်းလေးတွေပါပြောပြပေးလို့ကျေးဇူးတင်ပါတယ် မှတ်ထားတယ်နော် မမလုလု

    ထောထော

    ReplyDelete
  2. မမရေ

    မုန့် ဖက်သုတ်လေးနဲ့ ဟင်းခါးလေး လာစားသွားတယ်။
    နောက်ရက်မှာ ကျန်တဲ့ဟင်းတွေ ဘယ်လိုစားရမလဲ ဘယ်လိုအသုံးဝင်သေးတယ်ဆိုတာ သိရလို့ သေချာလေးမှတ်သွားတယ်။

    သမီးကလေ ချက်ပြီးသွန်တာများနေတယ်။ မမပြောသလို ပြန်လုပ်ကြည့်ဦးမယ်နော်။

    ReplyDelete
  3. ခုနေသာ တကယ်စားလိုက်ရရင် ... ရှလွတ်..!!!

    ReplyDelete
  4. စားချင်ထှာ

    ReplyDelete
  5. ဟား ဟား ကျေးဇူးပဲ မမလုရေ... ဟင်းကတော့ တစ်ခါစားပြီးနောက်တစ်ခါမစားချင်တာ အမှန်ပဲ အဲ့ဒီတော့ အမြဲတမ်းလွှင့်ပစ်ရတယ် ခုမှသိတယ်... ဒီလိုအသွင်ပြောင်းလို့ရတယ်မှန်း... စပါယ်ရှယ် ကျေးဇူးနော်...

    ReplyDelete
  6. ဗိုက်ဆာနေတုန်းရောက်လာပါတယ် ။ သွားရည်ကျပြီး ပြန်သွားပါပြီနော် :))

    ReplyDelete
  7. လုရေ လေ့လာသွားတယ်။

    ReplyDelete
  8. မမလုလုရဲ့မုန့် တီကိုတွေ့ ရတော့ အမေ့ကိုသတိရတယ်။ သဇင်က ဟင်းသိပ်ချေးများတော့ ဟင်းမကြိုက်တဲ့နေ့ ဆို အမေအမြဲသုပ်ကျွေးနေကျ။ အမေ့အိမ်ရောက်မှ သုပ်ကျွေးခိုင်းရဦးမယ်။

    ReplyDelete
  9. လုလုရေ မြင်တာနဲ့စားချင်လာပြီ..

    ReplyDelete
  10. ချမ်းချမ်းSeptember 25, 2009 at 2:24 PM

    မမလုလု.........ပဲပြုတ်လုပ်တဲ့ စားတော်ပဲကို ဘယ်လိုခေါ်လဲသိလားဟင်......

    ReplyDelete
  11. နှိုက်စားသွားပြီ.း))))

    ReplyDelete
  12. စားတော်ပဲကို yellow pea လို့ ခေါ်ကြသလို garden pea လို့လည်း ခေါ်ပါတယ်။

    ReplyDelete
  13. ထောလေးနဲ့ ကျောလေးရေ့  ဟင်းတွေကို မရိုးအောင် ချက်စားနိုင်ပါစေနော်။
    စုဗူးလေးရေ့  အ၀စားသွားပါနော်။
    မမရှင်လေးရေ့  အလည်လာလို့ ကျေးဇူးပါနော်။
    သဇင်ရေ့  မေမေ့ကို အိမ်ရောက်ရင် သုပ်ကျွေးခိုင်းဦးနော်။
    မမိုးရေ့  အားရင်မုန့်ဖတ်သုပ်စားကြည့်ပါနော်။
    ချမ်းချမ်းရေ့  စားတော်ပဲအဖြေကို အမည်မသိဖြေပေးထားတယ်နော်။ မမလုဖြေမယ့်အဖြေနဲ့ အတူတူပဲနော်။
    နှင်းဆီလေးရေ့  နှိုက်စားသွားပါနော်။

    ReplyDelete
  14. ဦးနော်ရေ့  တကယ်ကြီး စားသွားနော်။
    မမစင်ရေ့  စားချင်ရင် အ၀သာ စားနော်။
    စိမ်းရေ့  နောက်တစ်ခါကျ အသွင်ပြောင်းဟင်းချက်ပြီးရင် ခေါ်ဦးနော်။

    ReplyDelete
  15. အိမ်မှာ ငါးသလောက်ပေါင်း ကျန်နေတာနဲ့ အတော်ပဲ။ အလဟသ လဲ မဖြစ်၊ ကိုယ်လဲ အသုတ်ဆို သိပ်ကြိုက်။ အဆင်ပြေလိုက်တာ ညီမရေ.. ကျေးဇူးပါပဲ။

    ReplyDelete
  16. မရေ.....
    အသွင်ပြောင်းလေး လာစားသွားတယ်သိလား
    ပြီးတော့ လုပ်နည်းလေးသိရလို့  ကျေးဇူးနော်

    ခင်တဲ့
    မြူးလေး

    ReplyDelete