Friday, June 26, 2009

စိမ်းပြာခရု (သို့မဟုတ်) မရွတ်ရခိုင်သုပ်



ချစ်မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ကျွန်မရဲ့ မောင်နှမတွေကို ဒီနေ့မှာတော့ ရခိုင်အစားအစာ တစ်မျိုးဖြစ်တဲ့ မရွတ်လို့ ခေါ်တဲ့ စိမ်းပြာခရုသုပ်လေး သုပ်ကျွေးပါဦးမယ်နော်။

ကျွန်မတို့အိမ်နားမှာ ရခိုင်မိသားစုလေးရှိပါတယ်။ သူတို့က ရခိုင်ပြည်နယ်ထွက် အစားအစာများကို မကြာခဏ ရောင်းချလေ့ရှိတာမို့ ကျွန်မတို့လည်း လတ်ဆတ်လှတဲ့ ကင်းပုစွန်၊ ဂဏန်း၊ ခရု၊ ငါးလိပ်ကျောက်၊ ကင်းမွန်၊ ရခိုင်ငါးပိစိမ်းစား၊ ငံပြာရည် အစရှိတာတွေကို စားရပါတယ်။ သူတို့ဆီက ရခိုင်လိုခေါ်တာကတော့ မရွတ်လို့ ခေါ်တဲ့ ခရုလေး။ ခရု ကန်တော့ပုံလေးပေါ့။ အထဲက ခရုအသားက အခု သုပ်ထားတာ မြင်ရတဲ့အတိုင်း စိမ်းပြာရောင်လေး။ သူတို့အိမ်ကို ရခိုင်က တစ်လတစ်ကြိမ် စားကုန်တွေ ပို့တိုင်း ကျွန်မတို့အိမ်ကို လာရောင်းနေကျ။ ကျွန်မ အစ်ကိုကလည်း ဟိုစပ်စပ် ဒီစပ်စပ်ဆိုတော့ သူမသိတာမရှိ၊ သူပဲ ကျွန်မတို့ကို အစားအသောက် အဆန်းလေးတွေကို လုပ်ကျွေးနေကျပေမယ့် မရွတ်ကိုတော့ စစချင်းမှာ ကျွန်မ မစားရဲပါဘူး။ စိမ်းပြာရောင်ကြီးဆိုတော့ ရေညှိစော်များ နံနေမလားဆိုတာကိုလည်း တွေးပူမိခဲ့သေးတယ်။ တစ်နေ့ကျတော့ အစ်ကိုက အဲ့ဒီခရုတွေကို ဘရှပ်လေးနဲ့ သေသေချာချာ ပွတ်တိုက်ဆေးပြီး အိုးတစ်လုံးထဲ ထည့်ပြီး ပြုတ်ကျွေးတာ။ အဲ့ဒီခရုရဲ့ အောက်ဘက်က အ၀ိုင်းကို ငရုတ်ကျည်ပွေ့နဲ့ ထု၊ အဲ့ဒီလို ထုလိုက်ရင် လေပေါက်လေး ပွင့်သွားရော၊ အဲ့ဒီအပေါက်လေးကို နှုတ်ခမ်းလေးကနေ အားနဲ့ စုပ်ယူလိုက်ရင် အထဲက ခရုအသားတွေ တထွေးလုံးပါလာရော၊ အဲ့ဒါကိုမှ စားရတာ။ ကျွန်မက စစချင်းမှာ နည်းမကျတော့ ခရုက ပါမလာဘဲ လေပဲ ကုန်နေတော့တာ။ နောက်တော့မှ သူ့နည်းသူ့ဟန်နဲ့ ဟုတ်သွားတော့တာပဲ။ အခု အဲ့ဒီခရုကို ခရိုင်သုပ် သုပ်ကျွေးပါရစေနော်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ စိမ်းပြာခရု အကောင် (၁၀၀)၊ ကြက်သွန်ဖြူဥတစ်လုံး (၁၀) ဥ၊ ငရုတ်သီးစိမ်း (အစပ်စားနိုင်သလောက်)၊ ငါးပိစိမ်းစား ကွမ်းလုံးလုံးခန့်၊ သံပုရာသီး၊ ငရုတ်ကောင်းစေ့၊ ဆား၊ အချိုမှုန့်အနည်းငယ်တို့ပါနော်။

စိမ်းပြာခရုရဲ့ အခွံပေါ်မှာ ကပ်နေတဲ့ ရွံ့တွေကို ရေနဲ့ စင်အောင်ဆေးပြီး ဘရှပ်နုနုနဲ့ တိုက်ဆေးပေးပါ။ ခရုသန့်သွားပြီဆိုရင် အိုးတစ်လုံးထဲကို ခရုတွေထည့်၊ ခရုမြုပ်အောင် ရေထည့်ပြီး တည်ပေးပါ။ ခရုပြုတ်အိုး ဆူလာတဲ့အခါ အပေါ်ကို တက်လာတဲ့ အမြုပ်တွေကို ခပ်ထုပ်ပစ်ပြီး သုံးမိနစ်လောက် ဆက်တည်ပေးပါ။ ပြီးရင်တော့ ခရုပြုတ်အိုးထဲက ရေတွေ သွန်ပစ်၊ ရေအေးအေးနဲ့ ဆေးပြီး ဇကာနဲ့ စစ်ပေးထားပါ။ ငရုတ်သီးစိမ်းကိုလည်း အညှာချွေ၊ ရေဆေးပြီး ဒယ်အိုးထဲထည့်ပြီး မီးအသင့်အတင့်နဲ့ လှော်ပေးပါ။ ကြက်သွန်ဖြူ ကို အခွံနွှာ၊ ရေဆေးပေးထားပါ။ ငရုတ်ကောင်းစေ့ကိုလည်း လှော်ပေးထားပါ။ ငါးပိစိမ်းစားကိုလည်း မီးကင်ပေးထားပါ။

ပြီးရင် ခရုတွေကို ငရုတ်ကျည်ပွေ့နဲ့ ထုပြီး အခွံတွေ ဖယ်ပြီး အထဲက အသားတွေကို ပန်းကန်တစ်ချပ်ထဲ ထည့်ပေးထားပါ။ ပြီးရင် ငရုတ်ဆုံထဲကို လှော်ထားတဲ့ ငရုတ်ကောင်းစေ့တွေ ထည့်ထောင်းပါ။ ငရုတ်ကောင်းညက်ပြီဆိုရင် လှော်ထားတဲ့ ငရုတ်သီးစိမ်းတွေ ထည့်ပြီးထောင်း၊ ပြီးရင် ကြက်သွန်ဖြူတွေ ထည့်ထောင်းပါနော်။ သံပုရာသီးကိုလည်း အစိပ်တွေ စိပ်တွေထားပါ။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို ခရုရယ်၊ ခုနက ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်ဖြူ ငရုတ်ကောင်းတွေရယ်၊ မီးကင်ထားတဲ့ ငါးပိစိမ်းစားရယ်၊ ဆားလေးအနည်းငယ်၊ အချိုမှုန့် အနည်းငယ်၊ သံပုရာရည်တွေရယ်ထည့်ပြီး အားလုံးကို သမအောင် နယ်ပေးပါ။ ချဉ်ငံစပ်လေးပေါ့။ ရခိုင်သုပ်ဆိုတော့ စပ်မှာတော့ မပူနဲ့။ လျှာလည်ထွက်သွားမယ်။ ဗိုက်မနာအောင်တော့ ငရုတ်ကောင်း ထည့်ပေးထားတယ်။ အဲ့ဒါဆိုရင်တော့ စိမ်းပြာခရု ရခိုင်သုပ်လေး ရပါပြီနော်။ ကျွန်မတို့ကတော့ အဲ့ဒီခရုပ်သုပ်နဲ့အတူ ဆတ်လတ်ရွက်၊ ကန်ဇွန်းရွက်၊ မြင်းခွာရွက်၊ ဂေါ်ဖီလေးတွေကို ကိုက်စားပါတယ်။ ရေနွေးကြမ်းလေးပေါ့။ ထမင်းဖြူလေးလည်း ထည့်လိုက်ဦးနော်။ စိမ်းပြာခရုမှ မဟုတ်ပါဘူးနော်၊ တခြားခရုတွေကိုလည်း အဲ့ဒီလိုပဲ သုပ်စားလို့ ရပါတယ်နော်။

8 comments:

  1. အမရေ
    မရွတ်ကို နော်တို့အရမ်းကြိုက်ပဲဗျ။ ပြုတ်ပြီး ပါးစပ်ထဲ ရှလွှတ်ဆို စုပ်ယူလိုက်ရတာရော။ သုပ်စားတာရော ကြိုက်တယ်ဗျာ။

    ReplyDelete
  2. အဟင့်

    ခုမှနေကောင်းကာစဆိုတော့ အသုတ်လေးသုတ်ကျွေးတာ ကျေးဇူးဘဲ။ အကုန်စားသွားပြီ
း)

    ReplyDelete
  3. အိုး ။။ ဒီလို အရောင် လှလှလေးနဲ့ ခရု လေးတွေ
    ခုမှ မြင်ဖူးတယ် ။
    ကြည့်ရတာ အသည်းယားစရာ နော် ။
    သုတ်လိုက်တော့လည်း ချဉ် ငံ စပ် အရသာ လေးစုံ ပြီး
    စားကောင်းမဲ့ ပုံပါဘဲ
    သွားရည်တောင် ကျသွားတယ်။
    အဟင့် ..ပန်းကန်ထဲ ကို .. ဘယ်သူမှ မမြင်ခင်
    အမြန် စား ပြီး လစ်ပြီ
    ကျေးဇူး ပါ မလု ရေ..

    ခင်တဲ့ 
    ကိကီ

    ReplyDelete
  4. ပုလုကွေး တို့ အိမ်မှာတော့ ခနခန မရွ ကိုစားကြတယ်။ ဖေဖေက ရခိုင်လေ။ ပုလုကွေးက မစားဘူး။ အိမ်ကလူတွေကတော့ အရမ်းကြိုက်ကြတယ်ဗျာ...

    ReplyDelete
  5. မြူးလေးJune 27, 2009 at 1:57 AM

    မရေးးးးးးးး
    တခါမှမစားဖူးဘူးရယ်လေ
    စားကောင်းလားဟင်မမ

    ReplyDelete
  6. အမည်မသိရေ့ 
    မရွတ်သုပ်ထားတာ ကြိုက်တယ်ဆိုလို့ အကြိုက်ချင်းတူတယ်နော်။
    ကျောပိုးအိတ်လေးရေ့ 
    နေမကောင်းဘူးလား။ အခု သက်သာပြီလား။ ကျန်းမာရေး ဂရုစိုက်ပါနော်။
    ကိကိလေးရေ့ 
    ကြိုက်တယ်ဆိုလို့ ၀မ်းသာတယ်။ ပန်းကန်လေးတော့ ချန်ထားနော်။ နောက်ဟင်းပွဲတွေ ထည့်ရအောင်လို့။ :P
    ပုလုကွေးရေ့
    မရွကို ဘာလို့မစားတာလဲဟင်။ မကြိုက်ဘူးလား။ ဒါမှမဟုတ် ခရုကို စုပ်ရတာ လေကုန်လို့လားဟင်။ အလည်လာတဲ့အတွက် ကျေးဇူးပါနော်။
    မြူးလေးရေ့ 
    အရမ်းကို စားကောင်းတာသိလား။ ကြုံရင် ခေါ်ကျွေးပါဦးမယ်နော်။

    ReplyDelete
  7. အစိမ်းရောင် မမြင်ဖူးဘူး..
    စားဖူးချင်တယ်..
    ရခိုင်လိုသုတ်တာလဲ မစားဖူးဘူး..

    မလုရေ..ပုဇွန်ကို ရေလုံပြုပ်တာပိုကြိုက်တယ်
    ဆောင်းတွင်းဆို..ဆန်အရက်နဲ့ ချက်တာလဲ
    ကြိုက်တယ်..

    ReplyDelete
  8. ဒေါ်လေးလုစ်
    ကျနော်က ခရုတော့ စားရဲဘူးဗျ။ ဒါပေမယ့် ဒေါ်လေး ချက်တာကိုတော့ မြည်းသွားတယ်။ အဟဲ။ =)

    ReplyDelete