
အားလုံးသော မောင်နှမများ မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ရာသီစာ တညင်းသီးကို ပြုတ် ထောင်းပြီး အုန်းဆီချက်နဲ့ ဆမ်းထားတာလေး လုပ်ကျွေးပါဦးမယ်နော်။ တညင်းသီး မကြိုက်တတ်တဲ့ မောင်နှမများနဲ့ တညင်းသီးကြိုက်ပေမယ့် ၀ယ်လို့မရနိုင်တဲ့ မောင်နှမများ ဒီတစ်ခါ ခွင့်လွှတ်ပါနော်။
ကျွန်မတို့ မိသားစုထဲမှာ တညင်းသီးမကြိုက်တဲ့သူ တစ်ယောက်မှ မရှိပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အကြိုက်တော့ မတူကြပါဘူး။ ကျွန်မရယ်၊ အမေရယ်၊ ကျွန်မအစ်ကိုရယ်က တညင်းသီးနုနု (အရည်တည်) လေးတွေကို ချဉ်ပေါင်ဟင်း ပျစ်ပျစ်လေးနဲ့ ငါးပိရည်ကို ငရုတ်သီးစိမ်းနဲ့ ဖျော်ထားတာနဲ့ နယ်ပြီး တို့စားရတာ ကြိုက်သလို တညင်းသီး ဆားရည်စိမ်ကိုလည်း အရမ်းကြိုက်ပါတယ်။ ကျွန်မညီမလေး၊ မောင်လေးနဲ့ တူ၊ တူမလေးတွေကျတော့ တညင်းသီးကို ပြုတ်ပြီးတော့ ဆီပြန်ဟင်းထဲထည့်ချက်မလား၊ တာလပေါဟင်းချက်မလား၊ လက်ဘက်ထဲ ထည့်နှပ်မလား၊ ဒီအတိုင်း ဆီနဲ့ဆားနဲ့ တို့စားမလား၊ အခုလို တညင်းသီးပြုတ်ပြီး ထောင်း၊ အုန်းနို့ဆီချက်ပြီးတော့ စားမလား အလွန်ကြိုက်ကြပါတယ်။ အဲ့ဒီတော့ မဲခွဲလိုက်တော့ မဲသာတဲ့ဘက်အတိုင်းပဲ ကျွန်မ စေးတဲ့ တညင်းသီးကို ၀ယ်ပြီး အကောင်အထည်ဖော်ရပါ တော့တယ်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ တညင်းသီး အလုံး (၂၅)၊ အုန်းသီး တစ်လုံး၊ ထန်းလျက် (၅) လုံးနဲ့ ဆားအနည်းငယ်တို့ပါနော်။
တညင်းသီးအစေးမျိုး အလုံးခပ်ကြီးကြီးကို ရေစင်အောင်ဆေး၊ ပြီးရင် အိုးတစ်လုံးထဲထည့်၊ ရေကို ခပ်များများထည့်ပြီး တည်ပေးပါ။ ပထမအကြိမ် တညင်းသီးအိုးတည်တဲ့အခါ ပွက်ပွက်ဆူအောင် မီးပြင်းပြင်းနဲ့ တည်နိုင်ပါတယ်။ ပြုတ်အိုးတည်ထားတဲ့အချိန်မှာ အုန်းသီးခြစ်ပြီး အုန်းနို့ရည်ညှစ်ပေးထားပါ။ အုန်းနို့ရည်ညှစ်တဲ့အခါ ရေသိပ်မထည့်ဘဲ အားစိုက်ပြီး အုန်းနို့ချည်းသီးသန့်ရအောင် ညှစ်ပေးထားပါနော်။ အုန်းနို့ညှစ်ပြီးတဲ့အချိန်နဲ့ တညင်းသီးပြုတ်အိုးဆူမယ့်အချိန်က အံကိုက်ပါပဲနော်။
ပထမတစ်ရည်ဆူသွားပြီဆိုရင် အဲ့ဒီရေတွေကို သွန်ပစ်၊ ရေအသစ်ထည့်ပြီး ဒုတိယအကြိမ် ပြုတ်အိုးတည်ပေးပါ။ ဒုတိယအကြိမ် ဆူပြီးဆိုရင်လည်း ပထမအကြိမ်အတိုင်းပဲ ပြုတ်ရည်တွေကို သွန်ပစ်ပါ။ အဲ့ဒီအချိန်မှာ တညင်းသီးတွေက အခွံတွေ ကြွပ်စပြုနေပြီဖြစ်တာမို့ အခွံတွေ ချွတ်ပစ်လိုက်ပါ။ ပြီးရင် တညင်းသီးကို ထက်ခြမ်းခွဲလိုက်ပြီး အလယ်မှာ ရှိတဲ့ အညှာလေးကို ဖယ်ပစ်လိုက်ပါ။ (တညင်းသီးအညှာကို ဖယ်လိုက်ခြင်းဖြင့် အကြောတက်တာ သက်သာစေတယ်လို့ အဖွားက ပြောပါတယ်)
ပြီးရင် တညင်းသီးခြမ်းလေးတွေကို ဒယ်အိုးထဲထည့်၊ ဆားလေး လက်ဘက်စားဇွန်းတစ်ဝက်လောက်ထည့်၊ ထန်းလျက်ငါးလုံးထည့်၊ ရေကိုတော့ တညင်းသီးမြုပ်ရုံထည့်ပြီး မီးနွေးနွေးနဲ့ တည်ပေးပါ။ တညင်းသီးအိုး တည်ထားစဉ်မှာ နောက် မီးဖိုတစ်လုံးမှာ အုန်းနို့ရည်ကို ဆားလေး အနည်းငယ်ခပ်ပြီး ကျိုပေးပါ။ အုန်းနို့ရည်က ကျိုရင်းနဲ့ နောက်ဆုံး အုန်းဆီနံ့လေးသင်း၊ ရေခမ်း၊ အုန်းနို့ဥတွေ တက်လာပြီး အုန်းနို့ဆီဖြစ်လာရင် မီးဖိုပေါ်က ချလိုက်ပါနော်။ တညင်းသီးအိုးလည်း ရေခမ်းတဲ့အခါကျရင် မီးဖိုပေါ်ကချပြီး အအေးခံထားပါနော်။
တညင်းသီးတွေ လက်နဲ့ကိုင်နိုင်လောက်တဲ့ အပူဒဏ်ရှိပြီဆိုရင် တညင်းသီးတွေကို တစ်ခြမ်းချင်းယူပြီး ငရုတ်ဆုံထဲထည့်ပြီး အ၀ိုင်းမပျက်ဘဲ စေးပိုင်ပိုင်လေးဖြစ်အောင် ထုထောင်းပေးပါ။ ထောင်းပြီးသား တညင်းသီးတွေကို အုန်းနို့ဆီအိုးထဲထည့်ပြီး နှစ်လိုက်၊ ပြီးတော့မှ ပန်းကန်ထဲကို စီစီရီရီနဲ့ ထည့်ပေးလိုက်ပါ နော်။ အဲ့ဒါဆိုရင်တော့ ခပ်ဆိမ့်ဆိမ့်အရသာလေးနဲ့ တညင်းသီး အုန်းဆီဆမ်းရပါပြီနော်။ အကြောမတက်ရလေအောင် မြင်းခွာရွက်ခြောက်ကို လက်ဘက်ခြောက်အစားခပ်ထားတဲ့ ရေနွေးကြမ်းလေးနဲ့ တွဲဘက် သုံးဆောင်ပါနော်။
(တညင်းသီးစားပြီးရင်တော့ ခံတွင်းမနံရလေအောင် ဆန်ကို နည်းနည်းဝါးစားလိုက်ပါ။ ဒါမှမဟုတ် သကြား စားပေးပါ။ အိမ်သာသုံးပြီးရင်တော့ ရေများများသုံးပေးပါ။)
နာနတ်သီးနဲ့ ရောစားရင် အအီပြေတယ် အမရေ
ReplyDeleteအဟင့်
ReplyDeleteနောက်တစ်ကြိမ်ပြန်လာတော့ အမက နောက်ဆစ်ခုတင်ပြန်ပြီ။
ဘယ်လိုဘဲပြောပြော ဒညင်းသီးလေးစားချင်ပါတယ်။ အရမ်းအရမ်းကိုကြိုက်ပါတယ်။
း)
ဒညင်းသီးအုန်းနို့စမ်းပိုကြိုက်ပါတယ်..
ReplyDeleteဒညငိးသီးဆားရည်စိမ်မစားဖူးပါဘူး..
ဒညင်းသီးပြုပ်နဲ့ ငန်ပြာရည်ချက်တို့စားချင်ပါတယ်
ဒညင်းသီးမစားရတာ..နှစ်တော်တော်ကြာပါပြီ..
အဟင့်..လွမ်းတယ်..
ဓညင်းသီး အုန်းနို့ဆီဆမ်းလဲ ကြိုက်တယ်။
ReplyDeleteဓညင်းသီးနဲ့ ၀က်သားဟင်းတော့ အကြိုက်ဆုံးပဲ။
ဒီမှာ ဓညင်းသီးရတာနဲ့ ၀က်သားနဲ့ ချက်စားပစ်တာပဲ။
အရင်တုန်းကတညင်းသီးဆိဘယ်လိုပဲလုပ်လုပ်ကြိုက်တယ်။
ReplyDeleteအခုတော့ မစားရတာကြာတော့ မကြိုက်တောဘူး။
တညင်းဝက်လေး တော့ တခါတခါ ကြော်စားချင်တယ်။
မမရယ်... စားချင်လိုက်တာ
ReplyDeleteငယ်ငယ်တုန်းကလဲ ဒညင်းသီး အုန်းနို့ဆမ်းအရမ်းကြိုက်..
တညင်းသီး အရမ်းကြိုက်တယ် မမလု။ အိမ်မှာ ပြုတ်ပြီး ဆီနဲ့ဆားနဲ့တို့စားတယ်။ ၀က်သားနဲ့ချက်တယ်။ ဆားရေစိမ်ကို အပြုတ်လောက် သိပ်မကြိုက်ဘူး။ တညင်းဝက်ကိုတော့ ရန်ကုန်ရောက်မှ စားဖူးတာ။
ReplyDeleteအမေ့အိမ်ပြန်ရင် စားမယ့်စာရင်းထဲ တညင်းသီးလဲပါတယ်။
ကြိုက်ပေမဲ့ သိပ်မစားရဲဘူး။ ခေါင်းကိုက်တတ်တယ်
ReplyDeleteအမည်မသိရေ့ 
ReplyDeleteနာနာတ်သီးနဲ့တစ်ခါမှ တွဲမစားမိဘူး။ စားကြည့်ဦးမယ်သိလား။ ကျေးဇူးနော် အခုလိုအကြံပေးတဲ့အတွက်။ အလည်လာတဲ့အတွက်လည်း ကျေးဇူးပါနော်။
ကျောပိုးအိတ်လေးရေ့ 
အလည်လာတဲ့အတွက် ကျေးဇူးပါနော်။ တညင်းသီးကြိုက်တယ်ဆိုလို့ ၀မ်းသာပါတယ်နော်။
ပေါက်ကလေးရေ့ 
အလည်လာတဲ့အတွက်လည်း ကျေးဇူးပါနော်။ ပေါက် မြန်မာပြည်လာရင် မှာလိုက်နော်။
မမိုးချိုရေ့ 
တညင်းသီးနဲ့ဝက်သားကတော့ အရမ်းကိုလိုက်ဖက်တဲ့အတွဲပါနော်။ အအီပြေအောင် ချဉ်ပေါင်ရွက်ကို မျှစ်နုနုလေးရယ် ရုံးပတီသီးလေးရယ် ပုစွန်ဆိတ်လေးတွေရယ်နဲ့ စပ်ချဉ်ချက်လေးနဲ့ တွဲစားရရင်တော့ ဆွေမျိုးမေ့သွားမှာနော်။
ရှင်လေးရေ့ 
တညင်းဝက်လည်း ကောင်းတာပဲ။ သင်းသင်းလေးရယ်။ မီးဖုတ်ပြီး ငါးပိရည်ဖျော်လေးနဲ့ တို့စား အရမ်းကောင်း။ ကြော်စားလည်းကောင်းတယ်။ ရှောက်သီးသုပ်လေးနဲ့ စား။ ကောင်းမှကောင်းပဲနော်။
မီးငယ်ရေ့ 
စားပါနော်။ အားမနာနဲ့နော်။ စိတ်ကြိုက်စားနော်။
မိုးကောင်းသူရေ့ 
တညင်းသီးဆားရေစိမ်ကတော့ အနံ့ပြင်းတယ်လို့ ပြောကြတယ်နော်။ တညင်းဝက်ကို မမလုလည်း ကြိုက်တယ်။ အိမ်ပြန်ရင်တော့ အ၀စားနော်။
စုဗူးလေးရေ့ 
ခေါင်းကိုက်တတ်ရင် သိပ်မစားနဲ့နော်။ မြည်းရုံလေးပဲ မြည်းနော်။
အလည်လာတဲ့မောင်နှမများအားလုံးကို အထူးကျေးဇူးတင်ပါတယ်နော်။
ရန်ကုန်က ဒညင်းသီးပို့လိုက်တာ ခုပြုတ်နေပြီ မမလုရေ .. ဟီး ... စားရတော့မယ် ... ^^
ReplyDeleteညီမလေး ဝေမီရေ့ 
ReplyDeleteဒညင်းသီးအုန်းနို့ဆမ်း အဆင်ပြေလားနော်