Sunday, March 29, 2009

ကျွန်မ၊ ၀က်ကလီစာဟင်းနှင့် ရှောက်သီးသုပ်

12 comments


အားလုံးသော မောင်နှမများ မင်္ဂလာပါနော်။ ဒီဘက်မှာ အင်တာနက်ပြန်လည်ပြုပြင်စစ်ဆေးနေတာမို့ စစချင်းမှာ မတ်လ (၂၅) ရက်နေ့အထိ အင်တာနက်ကွန်နက်ရှင်တွေ နှေးနေမယ်လို့ ပြောပေမယ့် အခုတော့ ပြင်ဆင်နေတာ မပြီးသေးတာမို့ ဧပြီလ (၁) ရက်နေ့ထိ ကြာမြင့်မယ်လို့ ထပ်မံသတိပေးထားပါတယ်။ အင်တာနက်ကွန်နက်ရှင်ကြောင့် ဘလော့ဂ်ကို လုံးဝ ဖွင့်မရပေမယ့် ၀ိုင်းတော်သားတွေက ဘလော့ဂ်ကို တာဝန်ယူပြီး ရှိပေးနေကြပါတယ်။ ဒါကြောင့်မို့လည်း ကျွန်မ အင်တာနက်မကောင်းသော်ငြားလည်း ၀ိုင်းတော်သားများ၏ အကူအညီနဲ့ ဟင်းအသစ်လေးတစ်ပွဲ မျှဝေပေးလိုက်ပါတယ်နော်။

ကျွန်မ စတုတ္ထတန်းမှာ ပတ်တီးအဖွေးသားနဲ့ ဇာတ်ထဲက မင်းသားဖြစ်ခဲ့တဲ့အကြောင်းကို ပဲကြာဇံသုပ် ပို့စ်လေးထဲ ရေးပြီးပါပြီ။ အခုတစ်ခါမှာတော့ စတုတ္ထတန်း ကျောင်းပိတ်ခါနီးမှာ ဖြစ်ခဲ့တဲ့အကြောင်းလေးကို ပြောပြပါရစေဦးနော်။ ကျွန်မ စတုတ္ထတန်းတက်နေတုန်း စာမေးပွဲတွေ နီးတော့ ကျွန်မတို့ အချိန်ပိုတက်ရကြတယ်လေ။ အဲ့ဒီတုန်းက လေးတန်းဆိုတာ အစိုးရစစ် (မြို့နယ်စစ်) မို့လို့ ဆရာ/ဆရာမတွေက ကျောင်းသားတွေကို ပိတ်ရက်မှာ အချိန်ပိုခေါ်ပြီး ကျောင်းသားတွေကို စာဖိသင်ပေးပါတယ်။ မူလတန်းကျောင်းလေးမို့ လေးတန်းဆိုတာ အဲ့ဒီကျောင်းမှာ အကြီးဆုံးအတန်း၊ ဆရာ/ဆရာမတွေကလည်း စိတ်အပူဆုံး၊ အောင်ချက် ကောင်းအောင်လည်း လုပ်ကြရတာမို့လေ ကျွန်မတို့ကို အချိန်ပိုစာသင်ပေးပါတယ်။

အဲ့ဒီနေ့က စနေနေ့။ ကျွန်မ အချိန်ပိုကျောင်းတက်ရမှာမို့ အိမ်ကနေ ထမင်းချိုင့်ထည့်ပေးလိုက်ပါ တယ်။ ကြုံလို့ ထမင်းချိုင့်အကြောင်း လျှာရှည်ပါဦးမယ်နော်။ ငယ်တုန်းက ထမင်းချိုင့်လေးတွေက သတ္တုချိုင့်လေ၊ လေးထောင့်အပြားလေးတွေ၊ ဟင်းထည့်တဲ့အံက ခပ်ကြီးကြီး တစ်ခုတည်းပါတာရှိသလို၊ ခပ်သေးသေး နှစ်ခုပါတာလည်းရှိတယ်။ ကျွန်မချိုင့်က အဲ့ဒီနေ့က ဟင်းနှစ်မျိုးမို့လို့ ဟင်းချိုင့်နှစ်ခုနဲ့ဟာ။ ပုံမှန်ဆိုရင် ထမင်းချိုင့်ထည့်ပြီးတိုင်း လက်သုပ်ပုဝါလေးနဲ့ ထုပ်ပြီးမှ ကျောင်းကို ယူလာရတာ။ ဒါပေမယ့် အဲ့ဒီနေ့က ကိုယ့်ဘာသာကိုယ် စတန့်ထွင်လာတာ၊ ထမင်းချိုင့်ကို လက်သုပ်ဝတ်နဲ့ မထုပ်ဘဲနဲ့ ထမင်းချိုင့် သပ်သပ်၊ လက်သုပ်ဝတ်သပ်သပ် သယ်လာတယ်။ ထည့်ပေးလိုက်တဲ့ ဟင်းကလည်း ၀က်ကလီစာဟင်းနဲ့ ရှောက်သီးသုပ်။  ကြိုက်လွန်းလို့ မနက်ကတည်းက နေ့လည်ကျရင် ရှယ်စားပစ်လိုက်မယ်လို့ စိတ်ထဲ တေးထားတာ။ ဒီလိုနဲ့ မနက်ကျောင်းခေါင်းလောင်းလည်း ထိုးရော ကျွန်မတို့တတွေ လှေကားထစ်ကနေအပေါ် ကို အလုအယက် အပြေးအလွှားတက်ကြပါတယ်။

လှေကားပေါ်အတက်မှာ ကျွန်မလက်ကို ဘယ်သူတိုက်လိုက်မိလဲ မသိပါဘူး၊ ဂလုံ့  ဂလွမ် ဆိုတဲ့ အသံနဲ့အတူ ကျွန်မလက်ထဲက လွတ်ကျသွားတဲ့ ထမင်းချိုင့်လေးက တမံသလင်းပေါ်မှာ့  စားမယ်လို့ စိတ်ထဲကနေ အားခဲထားတဲ့ ၀က်ကလီစာဟင်းလေးရယ်၊ ရှောက်သီးသုပ်လေးရယ်၊ ထမင်းတွေရယ်က တစ်စစီ၊ ချိုင့်ကလည်း အဖုံးတခြား၊ ဟင်းထည့်တဲ့ အံခွက်လေးတွေက တခြား။ မြင်ရတဲ့ မြင်ကွင်းလေးက စိတ်မချမ်းသာ စရာ၊ စားရမှာလည်း သဲတရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီတ၀င်းဝင်းဆိုတာ ဒါမျိုးထင်ပါရဲ့လို့ စိတ်ထဲက တွေးမိတယ်။ မစားလိုက်ရတဲ့ ထမင်းဟင်းလေးကို လှေကားပေါ်ကနေလှမ်းကြည့်ရင်း နှမြောလွန်းလို့ မျက်ရည်လည်မိသလို ဘယ်သူ့ကြောင့် ထမင်းချိုင့်လွတ်ကျသွားရတာလဲဆိုတာကို အပြေးအလွှား တရားခံရှာမိပါတယ်။

လှေကားအတက် ကျွန်မနောက်က ကပ်လျက်လိုက်ပါလာတာ ကျော်ခိုင်။ စိတ်ထဲက တွေးလိုက်တယ့့်  သင်းကြောင့်ပဲဖြစ်ရမယ်လို့လေ့   တကယ်တမ်း ထမင်းချိုင့်လွတ်ကျသွားတာ သူ့ကြောင့် ဟုတ်၊ မဟုတ် မသိပေမယ့် နောက်က ကပ်ပါလာသူလည်းဖြစ်၊ ကိုယ်တိုင်လည်း နေ့လည်စာ ထမင်းငတ်တော့မှာပဲဆိုတဲ့ အတွေးလေးကလည်းရှိနေ၊ သူငယ်ချင်းတွေကလည်း တစ်ယောက် တစ်မျိုး လှမ်းအော်နေတာမို့ ရှက်ရှက်နဲ့ပဲ ကျော်ခိုင်ကို ရန်ရှာပါတော့တယ်။ ကျော်ခိုင့့်  နင့်ကြောင့်မို့ ငါ့ ထမင်းချိုင့်တော့ သွားပြီ့  ငါ့ကို နေ့လည်စာ စားဖို့ နင်ပြန်လျော်ပေးလို့  ပြောလည်းပြော၊ နင့်အမေနဲ့ ငါ သွားတိုင်မှာလို့ ပြောလည်း ပြော၊ ငိုလည်း ငိုရင်း လှေကားထစ်ကနေ အပြေးအလွှား ဆင်းရင်းနဲ့ မှောက်ကျသွားတဲ့ ထမင်းဟင်းတွေကို နှမြောတသကြီးမားစွာနဲ့ တံမြက်စည်းလှည်း၊ ထမင်းချိုင့်ကိုကောက်သိမ်းရင်းနေခဲ့ပါတယ်။

နောက် ၁၀ မိနစ်လောက်နေတော့ အတန်းပိုင်ဆရာမနဲ့ ဆရာမကြီးလည်း ကျွန်မ ထမင်းဘူး မှောက်သွားတဲ့အကြောင်းလည်း သိသွားပါပြီ။ ကျော်ခိုင့်အမေလည်း ကျောင်းကို ရောက်လာပြီး ဆရာမများထံ ခွင့်ပန်ပြီး ကျွန်မကို နေ့လည်စာ သူတို့အိမ်မှာ ကျွေးခွင့်တောင်းသလို ကျွန်မကိုလည်း သမီးလေး ဘာမှ စိတ်မညစ်နဲ့နော်၊ စာမေးပွဲကြီးနီးနေပြီ၊ ဒီနေ့သမီးထမင်းချိုင့်မှောက်သွားတာအတွက် စိတ်မကောင်းလည်း မဖြစ်နဲ့၊ အန်တီတို့အိမ်မှာ သမီးကို နေ့လည်စာကျွေးပါမယ်နော်တဲ့။ စိတ်ထဲက ပျော်သွားပေမယ့် အန်တီတို့ အိမ်က သမီးထမင်းချိုင့်ထဲကလို ၀က်ကလီစာဟင်းနဲ့ ရှောက်သီးသုပ်တော့ ဘယ်ဟုတ်ပါ့မလဲနော်လို့ မေးချင် ပေမယ့် မမေးရဲခဲ့ပါ။ (ကျော်ခိုင်တို့အိမ်က ကျောင်းနဲ့ ကပ်လျက်ရှိပါတယ်)။

အဲ့ဒီတုန်းက မစားခဲ့ရတဲ့ ၀က်ကလီစာဟင်းနဲ့ ရှောက်သီးသုပ် အလွမ်းပြေလေး ဒီနေ့ ချက်စားတာလေး ကို မျှဝေပေးလိုက်ပါတယ်နော်။

ဝက်ကလီစာချက်ဖို့အတွက် လိုအပ်တာတွေကတော့ အူချို၊ အချင်း၊ နှလုံး၊ အသည်းနဲ့ ၀ယ်လို့ရတဲ့ ကလီစာလေးအစုံရယ်၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအပွတောင့်၊ တရုတ်မာဆလာအနည်းငယ်၊ ဆား၊ သကြား၊ ပဲဆီလို့ ကျွန်မတို့မော်လမြိုင်ကခေါ်တဲ့ ပဲငံပြာရည်အပျစ်၊ ဟင်းခတ်မှုန့်အနည်းငယ်နဲ့ ဆီတို့ပါနော်။

ဝက်အူချိုနဲ့ အချင်းကို သန့်ရှင်းရေးလုပ်ပြီး တစ်လက်မခွဲအရှည်လောက်လေးတွေရအောင် ဖြတ်ပေးပါ၊ နှလုံး၊ အသည်းတို့ကို သန့်စင်အောင် ရေဆေးပြီး အတုံးသားလေးတွေရအောင် လှီးပေးထားပါ။ ပြီးရင် ကလီစာတွေကို ဇလုံတစ်လုံးထဲထည့်၊ ဆား၊ သကြား၊ ပဲငံပြာရည်အပျစ်တို့ထည့်ပြီး အားလုံး သမအောင် နယ်ပေးထားပါ။

ကြက်သွန်ဖြူနဲ့ ချင်းကိုလည်း အခွံနွှာပေးထားပါ။ ငရုတ်သီး အပုတောင့်ကို အညှာခြွေ၊ အစေ့ထုတ်ပြီး ရေစိမ်ပေးပါ။ ပြီးရင်တော့ ငရုတ်သီးနဲ့ ကြက်သွန်ဖြူချင်းတို့ကိုအခွံနွှာ၊ ရေဆေးပေးထားပါ။ ပြီးရင်တော့ ငရုတ်ဆုံထဲမှာ ငရုတ်သီးကို အရင်ထည့်ထောင်း၊ ငရုတ်သီးညက်ရင် ချင်းထောင်း၊ ပြီးရင် ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ကို ထောင်းပေးထားပါ။

အားလုံးအသင့်ဖြစ်သွားတဲ့အခါ မီးဖိုပေါ် ဆီအိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်ခပ်ပြီး ငရုတ်သီးကြက်သွန်တွေကိုထည့်ပြီး ဆီသတ်ပါ။ ဆီသတ် ပြီးတဲ့အခါ  ကလီစာထဲက အသည်းနဲ့ နှလုံးကို ဖယ်ပြီး ကျန်တဲ့ ကလီစာတွေကို ထည့်လိုက်ပြီး ငရုတ်သီးကြက်သွန်အနှစ်တွေနဲ့ သမအောင် အသာအယာမွှေပေးပြီး အဖုံးအုပ်လိုက်ပါ။  အသားထဲက ထွက်လာတဲ့ရေနဲ့ တစ်ရည်ခမ်းအောင်တည်ပြီးရင်တော့  အိုးအဖုံးဖွင့်၊ နှလုံးနဲ့ အသည်းတို့ကိုထည့်၊ ငရုတ်ဆုံဆေးရည်လေးထည့်၊ ဒယ်အိုးအဖုံးအုပ်ပြီး ထပ်တည်ပေးပါ။ ဆီပြန်ကြိုက်ရင် ဆီပြန်တဲ့အထိ တည်ပေးနိုင်ပြီး အရည်ဆမ်းစားချင်ရင်တော့ ဆီကျန်ရေကျန် အချိန်မှာ အပေါ့အငံမြည်း၊ မာဆလာလေးအုပ်၊ လိုတာဖြည့်ပြီး ဟင်းအိုးချပေးပါနော်။ အဲ့ဒါဆိုရင်တော့ ၀က်ကလီစာဟင်းလေး တစ်ခွက်ရပါပြီနော်။

အအီပြေအောင်အတွက် ရှောက်သီးသုပ်လေးနဲ့ တွဲစားရအောင်နော်။

ရှောက်သီးသုပ်လုပ်နည်းလေးကို တစ်ခါက ဖော်ပြပေးခဲ့ဖူးပါတယ်နော်။ အခုလည်း မောင်နှမတွေ ရှာရခက်နေမှာစိုးလို့ ထပ်ထည့်ပေးလိုက်ပါတယ်။

လိုအပ်တာတွေကတော့ ရှောက်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မြေပဲဆံအလှော်၊ ပုဇွန်ခြောက်၊ ပဲမှုန့်အလှော်မှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ငါးပိစိမ်းစား၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူဆီချက်နဲ့ အချိုမှုန့်နဲ့ ငံပြာရည်အနည်းငယ်တို့ပါနော်။ ဂေါ်ဖီထုပ်ကြိုက်ရင်လည်း ထည့်လို့ရပါတယ်နော်။

ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ပါးပါးလှီးပါနော်။ ပြီးရင် ကြက်သွန်နီအခိုးတွေ သက်သာရအောင်လို့ ရေဆေးပြီး သေချာညှစ်ပစ်ပါနော်။ မြေပဲဆံအလှော်ကိုလည်း မညက်တညက်လေးထောင်းထားပေးပါ။ ပြီးရင် ပုဇွန်ခြောက်ကိုလည်း မညက်တညက်လေး ထောင်းထားပေးပါနော်။ ကြက်သွန်ဖြူကို ခပ်ပါးပါးလေးလှီးပြီးတော့ ဆီချက်ကြော်ထားပါ။ ဆီချက်ကြော်ပြီးရင်တော့ ပန်းကန်လုံးထဲထည့်ပြီး ဒယ်အိုးထဲမှာကျန်တဲ့ဆီလေး နည်းနည်းနဲ့ ငါးပိစိမ်းစားလေးကို လှိမ့်ပေးပါနော်။ ငါးပိစိမ်းစားမီးကင်ရင် အနံ့အရမ်းပြင်းမှာစိုးရင် အဲ့ဒီနည်းနဲ့ပဲ လုပ်လိုက်ပါနော်။ နောက်ဆုံး ရှောက်သီးကို အခွံသင်၊ ပြီးတော့ အတွင်းက အခွံကို အလယ်ကနေ ခွဲပြီးတော့ ရှောက်သီးအသားတွေကို ယူပါပြီး ဆားနည်းနည်းထည့်ထားတဲ့ရေထဲ ထည့်စိမ်ပါနော်။  နောက်ပြီးတော့မှ ရှောက်သီးအသားတွေကို ရေထဲကနေ ဆယ်ယူပြီး ရေနည်းနည်းညှစ်ပေးလိုက်ပါနော်။

အားလုံးအသင့်ဖြစ်ပြီးတော့မှ ပန်းကန်တစ်ချပ်ထဲမှာ ရှောက်သီးထည့်၊ ကြက်သွန်နီထည့်၊ မညက်တညက်ထောင်း ထားတဲ့ ပုဇွန်ခြောက်မှုန့်၊ မြေပဲမှုန့်၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူဆီချက်၊ အချိုမှုန့်တို့ကို ထည့်ပြီး သေသေချာချာ နှံ့အောင်နယ်ပါနော်။ တချို့ကတော့ ဗိုက်နာသက်သာရအောင်လို့ ငရုတ်ကောင်းမှုန့် ထည့်ပြီး သုပ်တတ်ပါတယ်။ အပေါ့အငံကိုမြည်းပြီး အငံနည်းနည်းပေါ့ရင်တော့ ငံပြာရည်လေးနည်းနည်းထည့်သုပ်ပါနော်။

အဲ့ဒါဆိုရင်တော့ မောင်နှမတွေအတွက် ထမင်းမြိန်စေမယ့် ၀က်ကလီစာနဲ့ ရှောက်သီးသုပ်လေး ချက်စားနိုင်မယ်လို့ မျှော်လင့်ပါတယ်နော်။

Sunday, March 22, 2009

ကျွန်မနှင့် ဒုတ်ဟင်း

10 comments
မောင်နှမများအားလုံးမင်္ဂလာပါရှင့့်  ဒီနေ့လည်း ကျွန်မနှင့် ဒုတ်အကြောင်းကို လျှာရှည်ပါဦးမယ်နော်။ ကျွန်မတို့မော်လမြိုင်ဘက်က ရေမြေအနေအထားက မြေဆွေးထည့်စရာမလိုဘဲ မြေသြဇာ သိပ်ကောင်း ပါတယ်။ အိမ်ရဲ့ အနောက်ဘက်ခြံဝင်းထဲမှာ ငှက်ပျောပင်၊ ပိန္နဲပင်၊ သရက်ပင်၊ ဒန့်သလွန်ပင်၊ ကွမ်းပင်၊ ငရုတ် ပင်၊ ချဉ်ပေါင်၊ စပါးလင်၊ ချင်း၊ မာလကာ၊ သင်္ဘော အစရှိတဲ့ သီးပင်တွေ ရှိသလို ကန်ဇွန်းခင်းကြီးကလည်း သန်လိုက်တာမှ ထွက်လာတဲ့ ကန်ဇွန်းနွယ်တွေကို ခူးဆွတ်လို့ပင် မကုန်နိုင်။ ခူးလေ အညွန့်အတက်ထွက်လေ ဖြစ်တာမို့ နောက်ဆုံး အိမ်နီးနားချင်းတွေကိုပါ ကြိုက်သလောက် လာခူးနိုင်ပါတယ်လို့ ခွင့်ပေးခဲ့ရတာ့  ဒါတင်မကသေးဘူးနော့့်  ပန်းပင်လေးတွေကလည်း ရှိသေးတယ်။
အဲ့ဒီလို အပင်တွေကနေ ရလာတဲ့ အပွင့်၊ အရွက်၊ အသီး အကုန်လုံးက အိမ်က မိသားစုအတွက် လိုအပ်တဲ့ဟင်းသီးဟင်းရွက်အတွက် အမာခံပါပဲနော်။ သွေးတိုးတတ်တဲ့ ကြီးမေအတွက် ဒန့်သလွန်ပင်ကြီးက အမာခံအနေနဲ့ ရပ်တည်ပေးထားသလို မကြာခဏ ရင်ကြပ်တတ်တဲ့ အကြီးအေးအတွက်တော့ ကွမ်းရွက်ပင်က အသင့်စောင့်နေတာပေါ့။
အဲ့ဒီရှိတဲ့အပင်တွေထဲက ကျွန်မ မကြိုက်တဲ့အသီးရှိတယ်။ ဒုတ်လို့ ကျွန်မခေါ်တဲ့ ဒန့်သလွန်သီးပေါ့။
မော်လမြိုင်ဘက်က ရေမြေကောင်းတော့ ဒန့်သလွန်သီးကြီးတွေများ စိမ်းစိုနုဖတ်ပြီး သွယ်လျရှည်လျားနေတာ ပဲ။ ပြီးတော့ အခွံပါး၊ အတွင်းသားထူထူနဲ့ ဒန့်သလွန်စေ့လေးတွေကလည်း နုဖတ်ဖတ်လေးနဲ့ အရမ်းကို ကောင်းတာနော်။ ဘယ်လောက်ပဲ ရင့်မှည့်လာလာ အရောင်မွဲခြောက်ခြောက်နဲ့ ဖြစ်မသွားဘူး။ ဒါပေမယ့်လေ ဒန့်သလွန်ပင်တစ်ပင်က သီးလာတဲ့အသီးတွေက စားလို့မကုန်နိုင်ဘူး။ အိမ်မှာ ဒန့်သလွန်သီး ပေါတဲ့အချိန် ကျရင် နေ့တိုင်း အဲ့ဒီဒုတ်ဟင်းက ပါနေရော။ ကျွန်မက နေ့တိုင်းဆိုတော့ အဲ့ဒီဟင်းကို မစားချင်တော့ဘူးလေ။ အဲ့ဒီတော့ အဲ့ဒီဟင်းချက်တဲ့နေ့ဆို ကလန်ကဆန်လုပ်တော့ ကျွန်မရဲ့ အဘွားက ဒန့်သလွန်သီးနဲ့ ကျွန်မကို ဆော်ပလော်တီးတော့တာပေါ့။ အဲ့ဒီကနေ့ကစပြီး ကျွန်မရဲ့ မောင်နှမတွေက ဒန့်သလွန်သီးဟင်းချက်တိုင်း ကျွန်မကို ဒုတ်ဟင်းစားရတော့မယ် ဟေ့  ဟေ့  ဒုတ်ဟင်းမစားရင်တော့ ဒုတ်စာမိတော့မယ့့်  ဆိုပြီး ကျီစယ်ကြတော့တာ ယနေ့ထိပါပဲ။
ဒါပေမယ့်လေ အဘွားရဲ့ ဒုတ်စာမိပြီးတဲ့အချိန်က စပြီး ကျွန်မက အဲ့ဒီဒန့်သလွန်သီးဟင်းကို မဖြစ် မနေ စားရင်းနဲ့ ကြိုက်သွားတော့တာ ကနေ့ထိ ဒန့်သလွန်သီးတွေ့ပြီဆိုရင် ချက်ပြီးသားပဲ။ ဒါပေမယ့်လေ အခု ရန်ကုန်မြို့ရဲ့ မြို့သစ်လေးတစ်ခုမှာ နေနေရတဲ့အချိန်မှာတော့ အိမ်မှာ ဒန့်သလွန်ပင် စိုက်လို့ သီးပေ မယ့် မော်လမြိုင်နဲ့ ရေမြေမတူတော့လေ သီးတဲ့အသီးကလည်း စိမ်းစိမ်းစိုစိုမရှိဘဲ ညိုတိုတိုဖြစ်နေတာမို့ ကျွန်မက အမေ့ကို ပြောပါတယ်။ အမေ့  ဒီက ဒန့်သလွန်သီးတွေက မော်လမြိုင်က ဒန့်သလွန်သီးတွေနဲ့ ယှဉ်လိုက်ရင် ဇရာအိုနဲ့ ကညာပျိုလိုပဲနော်လို့ ပြောတော့ အမေကလေ ရီလိုက်တာ့ မော်လမြိုင်က ဒန့်သလွန်သီးတွေများ နုဖတ်နေတာပဲ့  ဒီက ဒန့်သလွန်တွေက အဘိုးအိုကျနေတာပဲလို့ ပြောလို့လေ့ 
အဲ့ဒီဒုတ်ကို ဒီနေ့မှာတော့ ကျွန်မရဲ့မောင်နှမတွေအတွက် ငါးရံ့လေးနဲ့ ချဉ်ရည်ဟင်းလေး ချက်ကျွေးပါဦးမယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဒုတ် (၁၀) ချောင်း၊ ငါးရံ့ အကောင်ကြီး တစ်ကောင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအပုပွတောင့်၊ မန်ကျည်းသီးမှည့်၊ ငါးပိစိမ်းစားအနည်းငယ်၊ ဆီ၊ ငံပြာရည်၊ ဆားနဲ့ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။
ဈေးထဲမှာ ဒန့်သလွန်ဝယ်ရင် နုလား၊ ရင့်လား ဘယ်လိုခွဲခြားမလဲဆိုတာကိုလည်း မောင်နှမတွေကို လက်တို့လိုက်ပါရစေနော်။ ၀ယ်မယ့် ဒန့်သလွန်သီးရဲ့ ထိပ်နှစ်ဘက်ကို ကိုင်လိုက်ပြီး အသာလိမ်လိုက်ပါ။ ဒန့်သလွန်သီးလေးမှာရှိတဲ့ အမျှောင်းလေးတွေကြားထဲကနေ အက်ကွဲထွက်မလာဘဲ လိမ်လိုက်တဲ့ နောက်က နေ အလိုက်သင့်လေးပါလာတယ်ဆိုရင် ဒန့်သလွန်သီးက နုပါတယ်။ မဟုတ်ဘဲ ကွဲထွက်သွားတယ်ဆိုရင်တော့ ဒန့်သလွန်သီးရင့်ပါတယ်နော်။
ငါးရံ့ကို အကြေးမထိုးခင် မန်ကျည်းနှစ်နဲ့ လူးပြီး ဆေးကြောပစ်ပါ။ ပြီးတော့မှ အကြေးထိုး၊ ဘေးဆူးတောင်ခုတ်၊ ဗိုက်ခွဲ၊ မလိုအပ်တာတွေ ဖယ်ထုတ်၊ သန့်ရှင်းရေးလုပ်ပြီးတော့ ရေစင်အောင် ဆေးပါ။ ပြီးရင် ငါးရံ့ကို ခေါင်းဖြတ်၊ ကိုယ်ထည်ပိုင်းကို အကွင်းလိုက်လေးတွေ ရအောင် လှီးပြီး ဆား၊ ငံပြာရည် အနည်း ငယ်နဲ့ ဟင်းခတ်မှုန့် အနည်းငယ်ထည့်နယ်ပေးထားပါ။ ပြီးရင် ဒုတ်(၁၀) ချောင်းကို သန့်ရှင်းရေးလုပ်ပါမယ် နော်။ ဒုတ်ရဲ့ ထိပ်နှစ်ဘက်ကို အရင် ဓားလေးနဲ့ ဖြတ်လိုက်ပါ၊ ပြီးတော့မှ ကိုယ်လိုချင်တဲ့ အရှည်လောက်လေး တွေ ဓားရာပေးပြီး အသာဖိချလိုက်ပါ။ တစ်ဖက်က ပြတ်ထွက်သွားပြီး နောက်တစ်ဘက်ကို အခွံမျှင်လေးတွေပါ ပါအောင် ဆွဲချလိုက်ပါ။ ပြီးတော့မှ ဘေးနှစ်ဘက်က အခွံ အစိမ်းရောင်တွေ ကုန်အောင် ဓားလေးနဲ့ ဆွဲခွာချပေး ပါ။ ပြီးရင် ဒန့်သလွန်သီးတွေကို ရေဆေးပြီး ရေစစ်ပေးထားပါ။
ငရုတ်သီး အပုတောင့်ကို အညှာခြွေ၊ အစေ့ထုတ်ပြီး ရေစိမ်ပေးပါ။ ကြက်သွန်ဖြူနီကို အခွံနွှာ၊ ရေဆေး ပြီးရင်တော့ ငရုတ်သီးကို အရင်ညက်အောင်ထောင်း၊ ငရုတ်သီးညက်ပြီဆိုရင် ကြက်သွန်ဖြူကို ထည့်ထောင်း၊ ညက်ပြီ ဆိုရင်တော့ ကြက်သွန်နီကို ထည့်ထောင်းပေးထားပါ။ မန်ကျည်းသီးကိုလည်း တစ်ရေစင်အောင်ဆေးပြီး ရေနွေးနဲ့ နယ်ပြီး အနှစ်တိုက်ပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေးခပ်၊ ပြီးတော့ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေကို ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုရင် တော့ ငပိစိမ်းစားလေးကိုပါထည့်ပြီး ဆီသတ်၊ ပြီးရင် ငါးတွေကိုထည့်ပြီး ဆီသတ်ပါ။ ငါးတွေကြေမသွားရ အောင် ငါးတွေဆီသတ်ပြီးထားနဲ့ အသာလေးဆယ်ယူပြီးတော့ ပန်းကန်တစ်ချပ်ထဲ ထည့်ပေးထားပါ။ ပြီးရင် ဒန့်သလွန်သီးတွေကို ထည့်ပြီး ဒန့်သလွန်သီးမြုပ်အောင် ရေထည့်၊ အဖုံးအုပ်ပြီး တည်ပေးပါ။ ရေခမ်းလောက် ပြီဆိုရင် ဒန့်သလွန်သီးလည်း နူးခါနီးဖြစ်တဲ့အချိန်နဲ့ အနေတော်ပါ။ ပြီးရင် ဟင်းအိုးထဲကို ငါးတွေထည့်ပြီး မန်ကျည်းနှစ်တွေကိုထည့်၊ ရေလိုသလောက်ထည့်ပြီး ဟင်းအိုးဆူအောင် ထပ်တည်ပေးပါ။ ဟင်းအိုးပွက်လာပြီ ဆိုရင်တော့ အပေါ့အငံမြည်းပြီး လိုတာထပ်ဖြည့်ပြီး ဟင်းအိုးချလိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ ဒန့်သလွန်သီး ငါးရံ့ဟင်းလေး ရပါပြီနော်။
ဘာလချောင်ကြော် (သို့မဟုတ်) ငါးပိရည်ဖျော်၊ တို့စရာအစုံအလင်လေးနဲ့ဆို လိုက်ဖက်ပါတယ် နော်။ စကားမစပ့့်  ဒီနေ့လည်း ဒုတ်နဲ့ ငါးခေါင်းချဉ်ရည်ဟင်းချက်ပြီး သရက်ကင်း (စိုင်သီး) လေးရယ်၊ ပုတက်စာရယ်က တို့စရာပေါ့နော်။ လာစားလှည့်ပါဦးနော်။

Friday, March 20, 2009

ကျွန်မနှင့် ပဲကြာဇံသုပ်

11 comments




အားလုံးသော မောင်နှမများ မင်္ဂလာပါနော်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ လောက်က ကျွန်မ အလွန်အမင်းစားချင်စိတ် ဖြစ်ခဲ့တဲ့ ပဲကြာဇံသုပ်လေး အကြောင်း ပြန်ပြောင်းပြောရင်း ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမတွေကို ပဲကြာဇံသုပ်လေး သုပ်ကျွေးပါဦးမယ်နော်။
ကျွန်မ မူလတန်းတက်ခဲ့တဲ့ ကျောင်းနာမည်က တရုတ်တန်းအစိုးရ မူလတန်းကျောင်းတဲ့။ မော်လမြိုင်မြို့ သင်္ဘောလဲရပ်ကွက်မှာ ရှိတာပါ။ ကျွန်မတို့အိမ်နဲ့လည်း သိပ်မဝေးဘူးဆိုတော့ ကျွန်မရဲ့အကြီးတွေ အဒေါ်တွေက ကျွန်မတို့ မောင်နှမတွေကို မူလတန်းတက်တဲ့အချိန်မှာ အဲ့ဒီကျောင်းမှာ ထားပါတယ်။ အဲ့ဒီကျောင်းမှာ စတုတ္ထတန်းတက်နေစဉ်အချိန်မှာပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ လောက်ဆိုတော့လည်း ပြန်တွေးကြည့်ကြပါဦး မောင်နှမတို့ရေ့  ကျွန်မတက်ခဲ့တဲ့ကျောင်းလေးက တိုက်ခံပျဉ်ထောင်ကျောင်းလေးပါ။ ကျောင်းမှာ ဆရာမ စာသင်တဲ့ ကျောက်သင်ပုန်းတွေက black board အစစ်၊ အခုခေတ်လို white board မဟုတ်ဘူးလေနော်။ သစ်သားကျောက်သင်ပုန်းကြီးပေါ့။
ကျွန်မက ငယ်ငယ်လေးကတည်းက ချူခြာတော့ လူကောင်က မထွားဘူးလေ။ ခပ်ညှပ်ညှပ်မို့ဘယ်တော့မဆို ရှေ့ဆုံးအတန်းမှာ ထိုင်ရတယ်။ ကျွန်မနဲ့အတူ ရှေ့ဆုံးမှာ အမြဲထိုင်တဲ့ သူငယ်ချင်းက ကျွန်မသူငယ်ချင်း မိတိုးလို့ ခေါ်တဲ့ တိုးတိုးဝင်း။ နောက်တန်းမှာတော့ ကျွန်မသူငယ်ချင်း စန်းစန်းဝင်း၊ လေးလေးသိုက်။
ဇန်န၀ါရီလ၊ ဆောင်းလချမ်းချမ်းမနက် မှာ တိုးဝှေ့တိုက်ခတ်လာတဲ့ လေအေးအေးကို ကျွန်မ နှစ်ခြိုက်ခဲ့ပေမယ့် ထိုလေအေးလေးက ကျွန်မတို့ စာသင်ခန်း ပြတင်းပေါက်ကနေတဆင့် ကျောက်သင်ပုန်းကြီး ကို အတိုက်၊ ကျွန်မကလည်း သူငယ်ချင်းတွေနဲ့ နောက်လှည့်ပြီး စကားအပြော၊ ၀ုန့်း့ ဆိုတဲ့အသံနဲ့ ကျွန်မခေါင်းပေါ်ကို ကျောက်သင်ပုန်းကြီး လဲကျလာပြီး ကျွန်မ လောကကြီးနဲ့ အဆက်အသွယ်ပြတ် သွားပါတော့ တယ်။ ကျွန်မ သတိရတဲ့အချိန်မှာ ကျွန်မကို အတန်းထဲက ခန္ဓာကိုယ်ခပ်ထွားထွား ယောက်ျားလေး သူငယ်ချင်း များက ကျွန်မက ၀ိုင်းပွေ့ထားကြပြီး ဘေးနားက သူငယ်ချင်းတွေနဲ့ ဆရာမတွေရဲ့ ၀ိုင်းပြီး အော်ခေါ်နေတဲ့ အသံကိုပဲ ကြားရပြီး မျက်လုံးထဲမှာတော့ ကြယ်တွေလတွေပဲ မြင်နေရပါတယ်။ ပြီးတော့ ကျွန်မက သမီးဘာဖြစ်သွားတာလဲဟင်လို့ မေးလိုက်တော့ ဆရာမတွေက သမီးဘာမှမဖြစ်ဘူးနော့့်  သမီး မကြောက်နဲ့  သမီးခေါင်းပေါ်ကို ကျောက်သင်းပုန်းလဲကျ သွားလို့ သမီးခေါင်းနည်းနည်းပေါက်သွားတာနော့့်  သမီးအိမ်ကိုလည်း ဆရာမတို့ ပြောထားပြီးပြီ့  အခု ဆေးခန်းကိုသွားနေပြီလို့ ပြောနေသံကို ကြားရပြီးနောက် ကျွန်မ ပြန်ပြီး မေ့သွားပါတော့တယ်။
သတိရတဲ့အချိန်မှာ ကျွန်မဆေးခန်းရောက်နေပြီး ဆရာဝန်နဲ့ ကျောင်းက ဆရာမတွေ စကားပြောနေတဲ့ အသံကိုကြားနေရပါတယ်။ ဆရာဝန်က အခု ခေါင်းကိုထိခိုက်သွားတဲ့နေရာဟာ ဦးနှောက်နဲ့ အလွန်နီးတဲ့အတွက် စိုးရိမ်ရကြောင်း၊ ကလေးကို မလှုပ်မရှားဘဲ နေစေလိုကြောင်း၊ နောက်ပိုင်း အန်တာ၊ ခေါင်းမူးတာတွေ ဖြစ်လာရင် ဆေးရုံးမှာ ထပ်ပြဖို့လိုအပ်ကြောင်း ပြောနေရင်း ဆရာဝန်က ခေါင်းကွဲတဲ့ဒဏ်ရာကို ချုပ်နေတာကို သိလိုက် ရပါတယ်။ ကျွန်မကို ထုံဆေးထိုးပြီး ချုပ်တယ်လို့ ကျွန်မထင်ပါတယ်။ မနာပေမယ့် ချုပ်နေတာကို သိနေတာကိုး။ ဆေးခန်းမှာ တစ်နာရီလောက်ကြာအောင် စောင့်ကြည့်ပြီးတော့ စိတ်ချရပြီဆိုတော့ ဆရာဝန်က အိမ်ပြန်ခွင့် ပြုလိုက်တော့ ခေါင်းမှာ ပတ်တီးအဖွေးသားနဲ့ ကျွန်မကို ဆရာမနဲ့ သူငယ်ချင်းများက အိမ်ကိုလိုက်ပို့ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မတို့ မရမ်းကုန်းရပ်ကွက်မှာလည်း ဆွမ်းကြီးလောင်းပွဲတော်က ရှိတာမို့ ကျွန်မကို ဇာတ်ထဲက မင်းသားခေါင်းပေါင်း ငှားပြီးထွက်လာတယ်ဆိုပြီး သူငယ်ချင်းတွေနဲ့ အိမ်နီးနားချင်း အကိုအမတွေက စနောက် ကြပါသေးတယ်။ ကျွန်မ မရီနိုင်ခဲ့ပါ့  သွေးတွေနဲ့ နီနီရဲနေတဲ့ အကျီင်္ကိုသာ ကြည့်ပြီး ကျွန်မ ကြောက်နေမိခဲ့တာ အမှန်ပါ။
အိမ်ရောက်ပြီးတဲ့အခါ တစ်ရေးအိပ်ပြီး နိုးလာတဲ့အခါ နေ့လည် ၂ နာရီလောက်ကျတော့ ကျွန်မ ဗိုက်ဆာလာပါတယ်။ မစားလို့လည်း မရဘူးလေ၊ ဆေးသောက်ရဦးမှာမဟုတ်လား။ အဲ့ဒီတော့ ကျွန်မရဲ့ ကြီးမြက ကျွန်မကို မေးပါတယ့့်  သမီး ဘာစားချင်လဲတဲ့  ကြီးမြ ဘာလုပ်ပေးရမလဲတဲ့  ကျွန်မ အပြေးအလွှား စဉ်းစားပါတယ့့်  ဘာစားရမလဲ့  သိပြီ့  ကြီးမေ ခဏခဏ သုပ်ကျွေးတဲ့ ပဲကြာဇံသုပ့့်  ကြာဇံကိုအဓိကထား၊ အာလူး၊ ပဲပြားကြော်နဲ့ ပဲပင်ပေါက်လေးထည့်၊ ပုစွန်ခြောက်မှုန့်နဲ့ ကြက်သွန်ဆီချက်နိုင်းချင်းနဲ့ ချဉ်ငံစပ်လေး သုပ်ထားတာ။ အဲ့ဒါလေး စားချင်လိုက်တာ့  အဲ့ဒီလိုတွေးမိတာနဲ့ ကြီးမြ့  သမီး ကြီးမေသုပ်ကျွေးတဲ့ ပဲကြာဇံသုပ်စားချင်တယ့့် အဲ့ဒီလိုပြောလိုက်ရင့်း့  အော့့်  ငါ့ဦးနှောက် မထိခိုက်သေးပါဘူ့း့  အစားအသောက်တွေထဲက ငါ ဘာစားချင်လဲဆိုကို မှတ်မိသေးတယ်လို့ တွေးရင်း တစ်ယောက်တည်း ပြုံးမိပါသေးတယ့့်  အဲ့ဒီအချိန်တုန်းက ကြီးမေသုပ်ကျွေးခဲ့တဲ့ ပဲကြာဇံသုပ်လေးကို အမှတ်ရရင်း ကျွန်မ အခု ထပ်ပြီး သုပ်စားဖြစ်ခဲ့တဲ့ ပဲကြာဇံသုပ်လေးကို မောင်နှမတွေအတွက် မျှဝေလိုက်ပါတယ်နော်။ (လျှာရှည်မိတာ များသွားပြီလားမသိ့  သည်းခံတော်မူကြပါကုန်)
ပဲကြာဇံသုပ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ပဲကြာဇံ၊ ပဲပြား၊ အာလူး၊ ပဲပင်ပေါက်၊ ကြက်သွန်ဆီချက်၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်အကျက်မှုန့်၊ မန်ကျည်းသီးမှည့်၊ ငရုတ်သီးအရောင်မှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ငံပြာရည်၊ ဆားနဲ့ အချိုမှုန့် အနည်းငယ်တို့ပါနော်။
စစချင်း အချိန်ကြာကြာယူတတ်တဲ့ အာလူးကို ရေစင်အောင်ဆေးပြီး အိုးတစ်လုံးထဲထည့်၊ အာလူးမြုပ်အောင် ရေထည့်ပြီး မီးပဲကြာဇံကို ရေစိမ်ပေးထားပါ။ ပြီးရင် ကြာဇံကို လေးလက်မအရှည်လောက် ရအောင် ကတ်ကြေးလေးနဲ့ ဖြတ်ပေးထားပါနော်။ (မဟုတ်လို့ကတော့ မော်ဖူးစေဖြစ်အောင်လို့ လုပ်ထားသလို ဖြစ်နေမှာစိုးလို့) ပဲပြားကို ရေဆေးပြီး လက်တစ်လုံးအထူ အရှည်လိုက်လှီးပြီး ဆားလေး နည်းနည်းနဲ့ နယ်ပေးထားပါ။ ပြီးရင် ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ပေးထားပါနော်။ မန်ကျည်းသီးကိုလည်း ရေနဲ့ ပထမတစ်ရေစင်အောင်ဆေးပြီး ရေနွေးလေးနဲ့ စိမ်ပေးထားပါ။
ကြက်သွန်ဆီချက်၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်အကျက်မှုန့်နဲ့ ငရုတ်သီး အကျက်မှုန့်တို့က အဆင်သင့်ရှိပြီးသားမို့ မလုပ်တော့ဘူးနော်။
အာလူးအိုးရပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်ပြီး ပဲပြားကြော်ပါတယ်။ ပဲပြားကို အကျက်ညီအောင် ဟိုဘက်ဒီဘက်လှန်ပြီး အရမ်းလည်း မပျော့၊ အရမ်းလည်း မကြွပ်ဘဲ အနေတော် အနေအထားမှာ ဆီအိုးထဲကနေ ဆယ်ယူပြီးတော့ ဇကာထဲထည့်ထားပြီး ဆီစစ်အအေးခံထားပါတယ်။ ပဲပြားတွေ အေးသွားပြီဆိုရင်တော့ အသုပ်ထဲထည့်သုပ်ဖို့အတွက် ခပ်ပါးပါးလေးတွေရအောင် လှီးပေးပါနော်။
ပဲပြားကြော်ပြီးလို့ ပိုတဲ့ဆီကို ငရုတ်သီးဆီချက်လေး ချက်ဖို့ ပြင်ပါတယ်။ ဥပမာ ငရုတ်သီးအရောင်မှုန့် (အစိမ်းမှုန့်နော်၊ ဟင်းချက်ရင်ထည့်ချက်တဲ့အမှုန့်၊ ငါးပိရည်ထဲ ထည့်ဖျော်စားတဲ့ ငရုတ်သီးအကျက်မှုန့် မဟုတ်ပါ) ထမင်းစားဇွန်းနဲ့ ၃ ဇွန်းထည့်ပြီးရင် ရေကို ထမင်းစားဇွန်းနဲ့ ၁၀ ဇွန်းလောက်ထည့်ပြီး မွှေပါ။ ပြီးရင် ဆားလေးထည့်ပြီးတော့ မွှေပြီး ဒယ်အိုးကို မီးဖိုပေါ်မှာ မီးအနိမ့်ဆုံးထားပြီး ငရုတ်သီးဆီချက်လုပ်ပေးပါနော်။ ငရုတ်သီးဆီချက်လုပ်နေတဲ့အချိန်မှာတော့ တူးမသွားအောင်ရော၊ အကျက်ညီအောင်လို့ ဆက်တိုက်မွှေပေး နေပါနော်။ မွှေရတာ သွက်လာပြီး ငရုတ်သီးအရောင်လေး ပိုရင့်လာပြီဆိုရင်တော ဒယ်အိုးကို မီးဖိုပေါ်ကနေ ချလိုက်ပါနော်။ (ငရုတ်သီးကျွမ်းသွားတယ်လို့ ယူဆပြီး စိတ်ပူမိရင်တော့ ငရုတ်သီးဆီချက်တွေကို ပန်းကန်လုံးထဲ လောင်းထည့်ပြီး အေးသွားတဲ့အထိ မွှေပေးနေပါနော်)
ပြီးတော့မှ ကြာဇံပြုတ်ဖို့အတွက် အိုးလေးတစ်လုံးထဲ ရေအသင့်အတင့်ထည့်ပြီး မီးဖိုပေါ်တင်ပြီး ရေနွေးဆူအောင် အရင်တည်ပါ။ ရေနွေးဆူလာပြီဆိုရင်တော့ ကြာဇံထည့်ပြီး ပြုတ်ပါနော်။ ကြာဇံပြုတ်နေတဲ့ အချိန်မှာ အာလူးကို အခွံနွှာပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ။ ကြာဇံပြုတ်အိုး ပွက်ပွက်ဆူလာပြီဆိုရင်တော့ ကြာဇံပြုတ်ကို ရေအေးထဲလောင်းထည့်၊ ရေစစ်ပြီးတော့ ထားပေးပါနော်။ ပဲပင်ပေါက်ကို အာဟာရဓာတ်တွေ လျော့မသွားအောင် မပြုတ်ဘဲ လှော်ပါမယ်နော်။ မီးဖိုပေါ် ဒယ်အိုးတင်၊ ဒယ်အိုးပူလာပြီဆိုရင် ပဲပင်ပေါက်တွေကို ထည့်ပြီး လှော်ပေးပါ။ ပဲပင်ပေါက် နွမ်းသွားပြီဆိုရင် ချလို့ရပါပြီနော်။
ထမင်းနီလုပ်ဖို့ကတော့ ထမင်းကို ငရုတ်သီးဆီချက်နဲ့ နယ်တာပါနော်။ ပန်းကန်ပြားတစ်ချပ်ထဲမှာ ထမင်းကိုထည့်၊ ပြီးရင် ငရုတ်သီးဆီချက်ကိုထည့်ပြီး အားလုံးသမအောင် နယ်ပေးပါ။ ပြီးရင် လက်သီးဆုပ်အရွယ်ခန့် အလုံးလေးတွေ လုံးထားပေးပါနော်။ အဲ့ဒါဆိုရင်တော့ ငရုတ်သီး ထမင်းနယ် နီနီလေးတွေ ရလာပါမယ်နော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို ထမင်းဆုပ်တစ်လုံးထည့်၊ ကြာဇံများများ၊ အာလူးပြုတ်၊ ပဲပြား၊ ပဲပင်ပေါက်တို့ကိုထည့်၊ ပြီးရင် ပဲမှုန့်အကျက်၊ ပုစွန်ခြောက်မှုန့်၊ ငံပြာရည်၊ မန်ကျည်းနှစ်၊ ငရုတ်သီးအကျက်မှုန့်၊ ကြက်သွန်ဖြူနီဆီချက်တို့ကိုထည့်ပြီး အားလုံးနှံ့အောင် ရောနယ်ပေးပါနော်။ အပေါ့အငံကိုတော့ စိတ်ကြိုက်မြည်းပါနော်။ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ ပန်းကန်တစ်ချပ်ထဲကို အသုပ်လေးတွေထည့်၊ အပေါ်ကနေ ကြက်သွန်ဖြူနီဆီချက်ဖတ်လေးများများလေး ဖြူး၊ ကြက်သွန်ဖြူလေး ကိုက်ပြီး စားဖို့ အသင့်ဖြစ်နေတဲ့ ပဲကြာဇံသုပ်လေးပါနော်။
အဲ့  မေ့လို့နော့့်  ဟင်းခါးလေး ရှိသေးတယ်၊ ကြက်ရိုးကိုပြုတ်၊ ပွက်ပွက်ဆူလာရင် ဆား၊ သကြား၊ ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းလေးထောင်းထည့်၊ ပြီးရင် ပဲပြားလေးထည့်၊ ထပ်ပွက်လာပြီဆိုရင်တော့ ဗူးသီးစိပ်လေးခပ်ထားတဲ့ ဟင်းခါးလေးနဲ့ တွဲဖက်သုံးဆောင်ပါနော်။
လွန်ခဲ့တဲ့ နှစ် ၂၅ က ကျွန်မ အလွန်အမင်းစားချင်ခဲ့သော ပဲကြာဇံသုပ်လေးကို အမှတ်ရရင်းနဲ့ပဲ အခု ပြန်ပြီး လုပ်စားဖြစ်ခဲ့တဲ့ အရသာရှိလှတဲ့ ပဲကြာဇံသုပ်လေးပါနော်။ ကျွန်မရဲ့မောင်နှမတွေကိုလည်း ကျွန်မနဲ့ အတူ လာစားဖို့ ဖိတ်ခေါ်ပါတယ်နော်။

Thursday, March 19, 2009

ရာသီပေါ်သီးနှံများနဲ့ ကျွန်မတို့ မိသားစု

8 comments
အားလုံးသော ချစ်မောင်နှမများ မင်္ဂလာပါနော်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ရာသီပေါ်သီးနှံ တွေကို တစ်နှစ်ပတ်လုံးစားနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာလေးကို မျှဝေပေးပါမယ်နော်။ ဒီပို့စ်လေးက ကျွန်မတို့ မိသားစုရဲ့ (အထူးသဖြင့် ကျွန်မရဲ့အဘွားနှစ်ယောက်၊ ကြီးတော်များနဲ့ ကျွန်မရဲ့အမေ) တို့ရဲ့ စိတ်ကူးစိတ်သန်းကောင်းပုံလေးတွေ၊ စည်းကမ်းကောင်းပုံလေးတွေကို မျှဝေတာလည်း ဖြစ်ပါတယ်နော်။
ကျွန်မတို့ မိသားစုမှာ ရာသီအလိုက် ပေါပေါများများ ၀ယ်ယူရရှိနိုင်တဲ့ ဆီးသီး၊ မရမ်းသီး၊ မန်ကျည်းသီး၊ သရက်သီး၊ ရှောက်သီး၊ သံပုရာသီး၊ ငရုတ်သီး၊ မုန်လာဥ၊ မှို၊ သစ်တိုသီး စတာတွေကို တစ်နှစ်ပတ်လုံးစားနိုင် အောင် လုပ်နည်းလေးပါနော်။ ကျွန်မတို့ အိမ်မှာ ရာသီအလိုက် ထွက်တဲ့ သီးနှံတွေကို အမြဲမပြတ် စားနိုင်အောင် လို့ အခြောက်လှန်း သင့်တာကိုလှန်း၊ ယိုလုပ်ပြီးသိမ်းထားသိမ်း၊ ဆားရည်စိမ်သင့်တာ ဆားရည်စိမ် အမျိုးမျိုး လုပ်ထားတတ်ပါတယ်။

ဆီးသီး
ဆီးသီးက ကျွန်မတို့ အိမ်မှာ အပင်မရှိဘူးနော်။ ဆီးသီး (အချဉ်သီး) ကို ဈေးကနေ ၀ယ်လာပြီးရင် ရေစင်အောင်ဆေး၊ ငံပြာရည် ငရုတ်သီးမှုန့်နဲ့နယ်၊ နံနံပင်လေးအုပ်ပြီး စားတတ်ကြသလို ဆီးသီးကို ဆား၊ ငရုတ်သီးအရောင်မှုန့်၊ ဆေးသကြားတို့နဲ့လည်း စားကြပါသေးတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက ကျွန်မတို့ရဲ့ အကြီးအေးက ဆီးသီးပေါ်ချိန်တိုင်း ဆီးသီးတွေကို ရေဆေး၊ တစ်နေလှန်းပြီးတော့ ညဘက်က ထန်းလျက်နဲ့ ညောင်စေးကျအောင် ထိုးထားတဲ့ ဆီးယိုလေးကို ပုလင်းလေးထဲ ထည့်ပြီး အကြာကြီး ထားစားလို့ရအောင် လုပ်ကျွေးပါတယ်။ ဒါတင်မကသေးဘူးနော်။ ကျွန်မတို့ မော်လမြိုင်ဘက်က ဆီးသီးခြောက်ကို ငါးမီးအုံးလေးက အသားလေးတွေ ဖဲ့ပြီးထည့်၊ လက်ပံခြောက်လေးတွေနဲ့ ဆီးသီးဟင်းချို ချက်စားတတ်ကြပါသေးတယ်နော်။ ကျွန်မအဘွားချက်တဲ့ ဆီးသီးဟင်းချိုကတော့ ကျွန်မတို့ မောင်နှမတွေ အရမ်းကြိုက်။ အခုအချိန်ထိ ဆီးသီးပေါ်ချိန်ဆိုရင် ကျွန်မတို့အိမ်မှာ ဆီးသီးတွေဝယ်၊ ရေဆေး၊ အလုံးလှတာလေးတွေကို ဆီးယိုထိုးဖို့ ခွဲထားသလို၊ သိပ်မလှတဲ့ အလုံးလေးတွေကိုတော့ ဆီးသီးခြောက်လှန်းပြီး နှစ်ပေါက်အောင် သိမ်းထားကြပါတယ်။
မရမ်းသီးမော်လမြိုင်ဘက်က မန်ကျည်းသီးအစား မရမ်းသီးကို အချဉ်အဖြစ် သုံးတာများပါတယ်။ မရမ်းသီးတွေ အစေ့မယှက်ခင်မှာတော့ မရမ်းသီးကို ဆားရည်စိမ်ပြီး နှစ်ပတ်လည်ထားလို့ရအောင် လုပ်ပါတယ်နော်။ နောက်ပြီး မရမ်းသီးပေါ်ချိန်မှာ အခက်အခဲမရှိပေမယ့် မရမ်းသီး ရှားတဲ့အခါမှာ အချဉ်ဟင်းချက်စားလို့ရအောင် မရမ်းသီးကို ရေဆေး၊ ထက်ခြမ်းခွဲ၊ အစေ့ထုတ်၊ ဆားနယ်ပြီးနေပူလှန် အိုးသိပ် လုပ်ရပါတယ်။ အဲ့ဒီလို အိုးသိပ်ထားတဲ့ မရမ်းပြားကို ဟင်းချက်တဲ့အခါမှာ ထည့်သုံးရုံတင်မကပါဘူး၊ ငပိထောင်းထောင်းတဲ့အခါမှာလည်း ထည့်သုံးတတ်သလို ရင်တွေတုန်ပြီး မူးမောနေတဲ့အချိန်မှာ အဲ့ဒီမရမ်းပြားကို သကြားလေးနဲ့ ရောနယ်ပြီး စားပေးရင် အမူးအမော သက်သာစေပါတယ်နော်။ ကျွန်မအိမ်မှာ မူးလိုက်တာဆိုပြီး ကျွန်မအကိုကို ညာပြီး ပြောရင် အစ်ကိုက အေ့း့  နေဦ့း့  ငါ မရမ်းပြားနဲ့ သကြားနဲ့ လုပ်ပေးမယ်ဆိုပြီး လုပ်ပေးတာ့  ကျွန်မက အဲ့ဒီလို ညာပြီးစားနေကျ :D နောက်ပြီး မရမ်းပြားကို ထက်ခြမ်းခွဲ၊ အစေ့ထုတ်ပြီး ထုံးရေကြည်နဲ့ ညသိပ်စိမ်၊ မနက်ကျမှ ဆယ်ယူပြီး သကြားရည်နဲ့ ညောင်စေးကျအောင် ကျို၊ ပြီးရင် နောက်တစ်ရက် နေပူလှန်း၊ နောက်နေ့ကျ တစ်ခါ သကြးရည်နဲ့ ပြန်ကျို၊ အဲ့ဒီလို သုံးလေးခါ လုပ်ပြီး မရမ်းသီး အကျွတ်ယိုလည်း လုပ်ပြီး နှစ်ပေါက်အောင် ထားစားတာလည်း လုပ်သေးတယ်နော်။ ပြောရင်း စားချင်လိုက်တာနော်။
မန်ကျည်းသီး
မန်ကျည်းသီးအသစ်ပေါ်ချိန်မှာဆို မန်ကျည်းသီးက အရောင်မမဲဘဲ အညိုဖျော့ရောင်လေးနော်။ သူကလည်း အချိုသီးနဲ့ အချဉ်သီးရှိတာမို့ အသုပ်သုပ်စားဖို့အတွက် အချဉ်သီးကို ၀ယ်ပြီး မန်ကျည်းဖျော်ရည် အတွက် အချိုသီးကို ၀ယ်တယ်နော်။ အဲ့ဒီအခါကျရင်လည်း မန်ကျည်းသီးတွေကို အစေ့ထုတ်ပြီး လက်သီးဆုပ်လောက် အလုံးလေးတွေလုံးလုံးပြီး နေပူလှန်း၊ စဥ့်အိုးလေးတွေထဲ အချိုသီးနဲ့ အချဉ်သီးခွဲထည့်ပြီး သိပ်ထားပေတော့ပဲ။
သရက်သီး
သရက်သီးကိုကျတော့ သင်္ကြန်လက်ဆေးမိုး ရွာတဲ့အခါ လေနဲ့အတူ ကြွေကျသွားတဲ့ သရက်သီးတွေကို ကောက်ပြီး မကွဲသွားတာလေးတွေဆိုရင် ရေစိမ်ထား၊ နေ့စဉ် ရေအသစ်လဲပြီး တစ်ပတ်လောက်ကျတော့မှ ဆားရည်စိမ်ပြီး နှစ်ပေါက်အောင် ထားတာပဲ။ ကွဲသွားတာလေးတွေဆိုရင်တော့ ထက်ခြမ်းခွဲ၊ ပြီးတော့မှ နှစ်ပိုင်းထပ်ပိုင်းပြီး နေပူလှန်း၊ ခြောက်သွားပြီဆိုရင် ဒီအတိုင်းသိမ်းထားသင့်တာကို သိမ်းထား၊ တချို့ကိုတော့ သရက်သီးသနပ်လုပ်ပြီး ပုလင်းနဲ့ သိပ်ထား၊ ပြီးရင် အိမ်နဲ့ဝေးဝေးနေရတဲ့သူတွေ ဆီကို လက်ဆောင်ပေးပို့တော့တာပါပဲ။ ဒါမှမဟုတ်ရင်လည်း ကွဲသွားတဲ့ သရက်လေးတွေကို ခပ်ပါးပါးလှီး ၂ နေလောက်လှန်းပြီး ထန်းလျက်နဲ့ သရက်ယိုထိုး။ သိပ်ကောင်း။ သရက်သီးအမှည့်တွေ မိုးဦးမကျခင် ကျွေပြီဆိုရင်တော့ ကွဲသွားတဲ့ သရက်သီးတွေကို အခွံနွှာပြီး အနှစ်တွေကို ဇလုံတစ်လုံးထဲ တိုက်ချ၊ ပြီးရင် ထန်းလျက်နည်းနည်းနဲ့ သရက်သီးအနှစ်တွေကို ယိုထိုး၊ ယိုခပ်ပျော့ပျော့ဖြစ်နေတဲ့အချိန်မှာ ဗာဒံရွက်၊ ဒါမှမဟုတ် စလောင်းဖုံးပေါ်မှာ ဆီသုပ်ပြီး သရက်ယိုအနှစ်တွေကို အပြန့်လိုက်ဖြစ်အောင် မျက်နှာပြင်ညှိ၊ အခြောက်လှန်းပြီး သရက်ဖျင်လုပ်သေးတယ်။ အဲ့ဒီသရက်ဖျင်ကို ကြာကြာခံချင်ရင် နေပူလှန်းတိုင်း ဟိုဘက်ဒီဘက် အခြောက်ညီအောင်လည်း လှန်း၊ ပြီးရင် ဆီလေးသုပ်ထား၊ ပြီးရင် အချိုအတိုင်းပဲ စားစား၊ နွယ်ချိုငရုတ်သီးမှုန့်လေးပဲ ဖြူးစားစား အလွန်အရသာရှိ။
ရှောက်သီးနဲ့ သံပုရာသီး
ရှောက်သံပုရာကလေ နေပူတာနဲ့ သူတို့က ရှားတော့တာပဲ။ အခုခေတ်မှာတော့ နည်းပညာတွေက တိုးတက်လာတော့ သံပုရာသီး ရှားသွားပေမယ့် ဟော်လန်သံပုရာတို့ သံပယိုတို့က နေရာယူလာကြပြီ။ ဒါပေမယ့်လည်း ကျွန်မအပါအ၀င် ကျွန်မရဲ့ အဘွားနဲ့ ကြီးတော်များက ရှေးထုံးကို မပယ်နိုင်သူများဆိုတော့ သံပုရာသီး ပုစိကွေးလေးလည်း တန်ဖိုးထားတာပဲ၊ ရှောက်သီးများ အခွံတောင် လွှင့်မပစ်ဘူး။ သံပုရာသီးပေါချိန်ဆို လေးစိတ်ထိုး၊ ဆားနယ်၊ ပုလင်းထဲထည့်ပြီးပုလင်းလိုက် နေပူလှန်းတာယူမလား၊ ဒါမှမဟုတ်ဘဲ လေးစိတ်ထိုး၊ ဆားနယ်ပြီး အခြောက်လှန်း၊ မခြောက်တခြောက်အချိန်မှာ နွယ်ချိုမှုန့်လေးဖြူးပြီး အချဉ်ပေါင်းလုပ်စားတာ ယူမလား အကုန်ရတယ်နော်။ ရှောက်သီးပေါ်ချိန်ဆို ပုစွန်ဆိတ်လေးတွေ ပေါ်ချိန်နဲ့အကိုက်ပဲမို့ ရှောက်သီးသုပ်စားရုံတင်မက ရှောက်သီးအခွံကို ပါးပါးလှီး၊ တစ်ရေပြုတ်ပစ်၊ ပြီးတော့မှ ရှောက်သီးအနည်းငယ်၊ ဆား၊ ထန်းလျှက်တို့နဲ့ ရှောက်ယိုထိုးစားရင် လေကြေသတဲ့။ အဲ့ဒီလိုလည်း လုပ်သေးတယ်။ နောက်ပြီး ရှောက်သီးအလုံးလိုက်က အကွင်းလိုက်လှီး၊ ဆားနဲ့နယ်၊ နေပူလှန်းလိုက်၊ အိုးသိပ်လိုက်၊ နေပူလှန်းလိုက်၊ နူးပြီး အိလာ၊ ခြောက်လာတဲ့အခါ နွယ်ချိုမှုန့်နဲ့လူးစား။ မော်လမြိုင်ရှောက်သီးဆေးပြားရရော။ ကောင်းမှကောင်း၊ အမေဘက်က အဘွားက ပိုစုံသေးတယ်။ ရှောက်သီးနဲ့ ဆင်တုံးမနွယ်နဲ့ နွယ်ချိုနဲ့ပေါင်းပြီး ဆေးဖော်သေးတယ်နော်။ တစ်နှစ်လုံးမပြတ်ဘူးနော်။
ငရုတ်သီးငရုတ်သီးတောင့်တွေဆိုလည်း ထိုနည်းလည်းကောင်းပဲ။ ရာသီပေါ်ချိန် ငရုတ်သီးတောင့် လှိုင်လှိုင်ပေါ်ပြီဆို ကျွန်မအဘွားတို့ အလုပ်ရှုပ်ပြီပဲ။ ငရုတ်သီး အပုပွတောင့်က ဟင်းချက်ရင် အရောင်လှဖို့၊ ငရုတ်သီးမိုးမျှော်ကတော့ အလှော်မှုန့်အတွက်၊ သနပ်စုံလုပ်ရင်၊ ငါးခြောက်ထောင်းကြော်၊ ငါးကြော်တို့အတွက် ငရုတ်သီးတောင့်လုံးကြော်လေးထည့်ဖို့အတွက် အဲ့ဒီလို ခွဲခြားပြီး နေပူလှန်း၊ ပြီးရင် အညှာခြွှေ၊ ကပ်ကျေးနဲ့ညှပ်၊ အစေ့ထုတ်ပြီးမှ ပုလင်းကြီးတွေထဲထည့်၊ လေလုံအောင်ပိတ်ပြီး နှစ်ပတ်လည်အောင် သိမ်းတာ။ အဘွားက ကျွန်မတို့မောင်နှမတွေကို အဲ့ဒီလိုလုပ်ခိုင်းရင် ကျန်တဲ့ မောင်နှမတွေက ထွက်ပြေးခဲ့ပေမယ့် ကျွန်မက အဘွားနဲ့ မတည့်သူမို့ အဘွားရဲ့တံမြက်စည်းစာ မမိရအောင် အဘွားနားကပ်ပြီး အမြဲလုပ်ပေးရပါတယ်။
မုန်လာဥခြောက်
အဖေဘက်က အဘိုးက တရုတ်မို့ မုန်လာဥခြောက် အိမ်မှာ မပြတ်ပါဘူး။ မုန်လာဥတွေ ပေါပြီဆို ၀ယ်လာပြီး မုန်လာဥကောင်းကောင်းတွေကို အခြောက်လှန်းပြီး ၀က်ရိုး၊ ကြက်ရိုး၊ ဘဲရိုး စတာတွေနဲ့ စွပ်ပြုတ်လုပ်သောက်လေ့ရှိပါတယ်။ ကျွန်မက ခပ်ငယ်ငယ်က အဲ့ဒီမုန်လာဥခြောက်ကို အနံ့ မခံနိုင်လို့ မကြိုက်ခဲ့ပေမယ့် ရေနဲ့ သေချာဆေးပြီးမှ ချက်လိုက်ရင် အလွန်စားကောင်းတာမို့ ကြိုက်သွားပါတယ်။ မုန်လာရွက်ကိုတော့ အချဉ်တည်ပြီး ငါးပိနဲ့ တို့သလို၊ မုန်ညင်းချဉ်လိုပဲ အသားနဲ့လည်း ကြော်တတ်၊ ချက်တတ်ပါသေးတယ်။ (ကျွန်မရဲ့အဖေဘက်က အဘွားရဲ့ အမကြီး (အမေကြီး)က အချဉ် (ချဉ်ဖတ်)တည်တာ အရမ်းတော်တာ။ ကျွန်မတို့ ငယ်ငယ်တို့က အမေကြီးက အဲ့ဒီလိုချဉ်ဖတ်တည်ပြီး ကျွန်မတို့ကို ကျောင်းထားပေးခဲ့တာ။)
ကံမဆိုင်
မုန်ညင်းစိမ်းကို ရေဆေး၊ တစ်နေလှန်း၊ ပြီးတော့မှ ဆား၊ ဆန်ဆေးရည်နဲ့ အချဉ်တည်တာပါ။ ပုလင်းနဲ့ သွပ်ပြီး နှစ်ပေါက်ထားနိုင်အောင် နေလှန်းလှန်းပေးပြီး သိမ်းပါတယ်။ ၀က်နံရိုးနဲ့ ပြုတ်သောက်သလို၊ ၀က်သားသုံးထပ်သားနဲ့ ကြော်စားစား၊ ချက်စားစား အရသာရှိလှပါတယ်။
မှိုခြောက်
မော်လမြိုင် ညောင်ပင်ဆိပ်ရွာက အဘွားရဲ့ ဆွေမျိုးတွေအများကြီးပဲ။ မိုးလေးတဖြိုက် နှစ်ဖြိုက်ရွာလိုက်၊ နေလေးပူလိုက်ဆိုရင် ညောင်ပင်ဆိပ်မှာ မှိုတွေ တအားထွက်ပြီ။ သဘာဝက ပေါက်တဲ့ မှိုတွေမို့ အဆိပ်ရှိနိုင်တယ်ပဲ ပြောပြော၊ ဘာပဲပြောပြော မှိုဆိုရင် အရမ်းအရမ်းကို ကြိုက်ပါတယ်။ ညောင်ပင်ဆိပ်က အမျိုးတွေက ကျွန်မတို့အိမ်ကို မှိုတွေတောင်းတွေနဲ့ လာပေးကြပါတယ်။ တချို့ကလည်း မှိုချဉ်တည်ပြီး လာပေးကြတယ်။ တချို့ကလည်း မှိုခြောက်လုပ်ပြီး လာပေးကြပါတယ်။ အဲ့ဒါကို ကျွန်မက အတုယူပြီး တစ်ခါတလေ ငွေနှင်းမှိုတွေများ ပေါများခဲ့ရင် ၀ယ်ပြီး မှိုခြောက်လုပ်ပြီး အသားဟင်းထဲ ထည့်ချက်သလို ဟင်းချို၊ ကြာဇံချက် စတာတွေထဲလည်း ထည့်ချက်ပါသေးတယ်။ ကျွန်မအစ်ကိုက အိမ်ထောင်ကျတော့ သူ့အမျိုးသမီးဘက်က အမျိုးတွေက ပြည်၊ ပေါက်ခေါင်းဘက်ကလို့ ပြောပါတယ်။ သူတို့ဆီကလည်း မှိုခြောက်တွေ နှစ်စဉ်လက်ဆောင်ရပါတယ်။ စကားမစပ် ဒီနေ့တောင်မှ ဘဲသားနဲ့ အဲ့ဒီမှိုခြောက်ကို ချက်လာပါသေးတယ်။
သစ်တိုသီး
မော်လမြိုင်ဘက်မှာ အချဉ်ပေါင်းရောင်းတဲ့သူလည်း သစ်တိုသီးကို အခွံနွှာ၊ ဘေးသားလေးတွေကို ဓားလေးနဲ့ပေါက်၊ ဆေးသကြား၊ ဆား၊ ငရုတ်သီးမှုန့်နဲ့နယ်ပြီးရောင်းတယ်။ ကျွန်မက သစ်တိုသီးအစေ့ကို ပိုကြိုက်တယ်၊ အစေ့ရဲ့အခွံမှာပါတဲ့အနှစ်နုနုလေးတွေက စားလို့ အရမ်းကောင်းတယ်။ သစ်တိုသီးကို အိမ်မှာတော့ အဘွားက ၀က်သားနဲ့ ချက်သလို သစ်တိုသီးတွေကို ပုစွန်ခြောက်နဲ့လည်း ဘာလချောင်ကြော်ပါတယ်။ သစ်တိုသီးဆားရည်စိမ်ထားရင်တော့ နှစ်ပေါက်အောင် ခံတာမို့ ကျွန်မတို့ မော်လမြိုင်မှာနေတုန်းက အမြဲစားရပါတယ်။ အခုတော့ သစ်တိုသီးမစားရတာတောင် ကြာပြီ။
ဆီးဖြူသီး
ဆီးဖြူသီးကို ငါးမြင်း၊ ငါးတန်စတဲ့ အဆီများ၊ အသားထူတဲ့ ငါးမျိုးနဲ့ ချက်ပါတယ်။ ပြီးတော့ ဆီးဖြူသီးကို ငါးပိကောင်နဲ့လည်း ချက်တတ်ပါသေးတယ်။ အိမ်မှာရှိတဲ့ ခြံဝင်းထဲ၊ တံခါးကြား၊ ကုတင်အောက်၊ ဗီရိုအောက်တို့မှာလည်း မြွှေဝင်ခွေမှာစိုးလို့ဆိုပြီး ဆီးဖြူသီး ချထားပါတယ်။ နောက်ပြီး ဆီးဖြူသီးကို အခြောက်လုပ်ထားပြီး ရာသီချိန်မဟုတ်တဲ့အခါမှာ ဟင်းထဲ ထည့်ချက်စားပါတယ်။ နောက်တစ်နည်းက ဆီးဖြူသီးခြောက်ကို ဆံပင်သန်အောင်လုပ်တဲ့ အုန်းဆီထဲ ထည့်ပါသေးတယ်။
ကျွန်မရဲ့ အဖေနဲ့အမေဘက်က အဘွားနှစ်ယောက်က ဂျပန်ခေတ်ကို ဖြတ်သန်းလာခဲ့ရတဲ့သူတွေမို့ လို့ ထင်ပါတယ်။ စားသောက်စရာတွေကို ဘယ်တော့မှ လွှင့်ပစ်ရတယ်မရှိအောင် ထိန်းသိမ်းထားတတ်ပါတယ်။ ဥပမာ - ထမင်းလေး ပိုခဲ့ရင်တောင်မှ လွှင့်မပစ်ဘဲ နေပူလှန်းပြီး နေ့ခင်းနေ့လည်ကျရင် ဆီပူလေးထိုးပြီး ထမင်းခြောက် ကြော်လေး ကြော်ကျွေးတတ်ပါတယ်။ ထမင်းချိုး (ဂျိုး) ကိုလည်း ထိုနည်းတူပဲ တစ်ခါမှ လွှင့်ပစ်တာ မတွေ့ဖူးပါဘူး။ ကျွန်မတို့ အိမ်ခေါင်မိုးနဲ့ ခြံစည်းရိုး ပတ်ပတ်လည်မှာ စကောတွေ ဗန်းတွေနဲ့ ရာသီပေါ် ဟင်းသီးဟင်းရွက်တွေကို အခြောက်လှန်းတာ အမြဲမပြတ်ပါ။


အဲ့ဒီလိုလုပ်ထားတော့ အစားအစာတွေကို စားချင်တိုင်းစားနေရတဲ့ ကျွန်မ ပြည်ပမှာ ကျောင်းလေး ခဏသွားတက်ပါတယ်။ ဟိုမှာ အဲ့ဒီလိုဟာတွေ မရှိဘူးလေနော်။ ဟင်းချက်တိုင်း မရမ်းပြားပါချင်ရတာနဲ့။ ဆီးသီးဟင်းချိုလေး ချက်စားချင်ရတာနဲ့၊ ဗူးသီးဟင်းခါးလေး သောက်ချင်ရတာနဲ့၊ ဒန့်သလွန်သီးနဲ့ ငါးရံ့ချဉ်ရည်ဟင်းချက်စားချင်ရတာနဲ့  စသော စသော ``ချင်´´ များကို ပေါင်းပြီး အိမ်ကို အမှာပါးလိုက်တာတွေက ပင်စိမ်းရွက်ခြောက်၊ ဒန့်သလွန်ရွက်ခြောက်၊ မြင်းခွာရွက်ခြောက်၊ ကွမ်းရွက်ခြောက်၊ ဗူးသီးခြောက်၊ ဒန့်သလွန်သီးခြောက်၊ လက်ပံပွင့်ခြောက်၊ စတာတွေလည်းမှာရော့  ကျွန်မ အစ်ကိုက ကျွန်မကို ထောပနာပြုပါတယ့့်  ဂျပုမ့  နင်မြန်မာပြည်ပြန်လာပြီး တစ်အိမ်လုံးသာ မ သွားလိုက်တော့တဲ့  နင် စပြီး ကျောင်းတက်ကတည်းက အိမ်ကနေ ပို့လိုက်ရတာ့  နင်ကျောင်းလည်းပြီးလို့ ဘွဲ့လည်းရရော ငါတို့ နင့်ကို စားစရာတွေ ပို့ခနဲ့တင် မွဲပြီတဲ့လေ။ :D အဲ့ဒီလိုချစ်တာ။

Wednesday, March 18, 2009

ရှမ်းချဉ် (သို့မဟုတ်) မုန်ညင်းချဉ်

16 comments
အားလုံးသောမောင်နှမများ မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ ကျွန်မရဲ့မောင်နှမတွေကို မုန်ညင်းချဉ်တည်နည်းလေး မျှဝေပါရစေနော်။
မုန်ညင်းချဉ် (ရှမ်းချဉ်)ကို ရှမ်းခေါက်ဆွဲ၊ တိုဟူးနွေး၊ မြီးရှည် တို့နဲ့ တွဲဘက်သုံးဆောင်ကြသလို အသားများနဲ့လည်း ချက်စားတတ်ကြပါတယ်။
မုန်ညင်းချဉ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့  မုန်ညင်းစိမ်း နှစ်ပိသာ၊ မုန်လာဥနီ ၁၅ ကျပ်သား၊ ဂျူးမြစ် ၁၅ ကျပ်သား၊ ပဲပိုးတီ ၂၅ ကျပ်သား၊ ချင်း ၅ ကျပ်သား၊ မုန်ညင်းစေ့ ၁ ကျပ်သား၊ ငရုတ်သီး အရောင်မှုန့် ၅ ကျပ်သား၊ နံနံစေ့ ၁ ကျပ်သား၊ ဆား၊ ကြံသကာ ၅ ကျပ်သား၊ ဆန်အရက် ထမင်းစားဇွန်း ၃ ဇွန်းတို့ပါနော်။
မုန်ညင်းစိမ်းကို ရေများများနဲ့ စင်ကြယ်အောင် ရေဆေးပြီး ပထမ နှစ်ရေလောက်ကို သွန်ပစ်ပါ။ တတိယတစ်ကြိမ်ကျရင်တော့ ရေပုံးကြီးကြီးထဲမှာ ရေထည့်၊ ဆားကို ထည့်ပြီး ဆားရည်ဖြင့် အနည်းဆုံး တစ်နာရီလောက် စိမ်ထားပေးပါ။ ပြီးရင် မုန်ညင်းစိမ်းတွေကို ရေထဲကနေ ဆယ်ယူ၊ ရေစစ်ပြီး တစ်နေလှန်းပေးပါ။ တစ်နေလှန်းလိုက်တဲ့အခါ မုန်ညင်းတွေ နွမ်းသွားပြီး အချဉ်တည်ဖို့ အကောင်းဆုံးအနေအထားကို ဖြစ်စေပါတယ်။ မုန်ညင်းစိမ်းကိုတော့ နှစ်လက်မအရွယ်အစား လောက်လေးတွေ ရအောင် ဖြတ်တောက်ပါတယ်။ ပြီးရင် မုန်လာဥနီ၊ ဂျူးမြစ်နဲ့ ပဲပိုးတီတို့ကိုလည်း သန့်စင်အောင် ရေဆေးပြီး ရေစစ်ပေးထားပါ။ ဂျူးမြစ်ကို ရေဆေးပြီးတဲ့အခါ အမြစ်လေးတစ်ချောင်းချင်းစီကို နှုတ်ယူပြီးတော့ တစ်လက်ခွဲအရှည်ရအောင် ဖြတ်တောက်ပေးထားပါ။ မုန်လာဥနီကိုလည်း ပန်းပွင့်လေးတွေ ဖော်နိုင်သလို အရှည်လိုက်ပဲဖြစ်ဖြစ်၊ အတုံးလေးတွေပဲ ဖြစ်ဖြစ် ကိုယ်နှစ်သက်သလို တုံးပေးထားပါ။ ပဲပိုးတီကိုတော့ အလုံးလိုက်လေးတွေ ထည့်လိုက် လို့ ရတာမို့ ဒီအတိုင်းပဲ ရေစစ်ထားလိုက်ပါနော်။ (ကြက်သွန်ဥလေးတွေပါထည့်ချင်ရင်တော့ ကြက်သွန်မြိတ်ဥလေးတွေကို သန့်စင်အောင်ရေဆေး၊ ထိပ်ပိုင်းလေးတွေဖြတ်တောက်ထားပြီး ရေစစ်ပေးထားပါနော်။)
ပြီးရင် အမွှေးအကြိုင်တွေအတွက် လိုအပ်တာလေးတွေ ပြင်ဆင်ရအောင်နော်။ ချင်းကို အခွံနွှာရေဆေးပြီး ခပ်လွှာလွှာလေးတွေရအောင် လှီးပေးထားပါ။ နံနံစေ့နဲ့ မုန်ညင်းစေ့တို့ကို ဒယ်အိုးထဲ ထည့်ပြီး မီးနွေးနွေးလေးနဲ့ ဖြည်းဖြည်းချင်းလှော်ပေးပါ။ အဲ့ဒီလိုလှော်လိုက်ရင်းနဲ့ အနံ့တွေသင်းလာတဲ့အခါကျရင် ဒယ်အိုးကို မီးဖိုပေါ်ကနေချပြီး အထဲက အမွှေးအကြိုင်အလှော်တွေကို ငရုတ်ဆုံထဲထည့်ပြီး မညက်တညက်လေးထောင်းပေးပါနော်။ ပြီးရင် ပါးပါးလှီးထားတဲ့ ချင်းတ၀က်ကို ထည့်ပြီး ထောင်းလိုက်ပါနော်။ ငရုတ်သီးအရောင်မှုန့်အတွက်ကိုတော့ ငရုတ်သီး အပုပွတောင့်ကို ကိုယ့်ဘာသာကိုယ် ကြိတ်နိုင်တယ်ဆိုရင်တော့ ပိုကောင်းပါတယ်နော်။ ကြံသကာကိုလည်း ချေပြီးထည့်ပေးပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ပလတ်စတစ်ဇလုံခပ်ကြီးကြီးကိုယူ၊ ပြီးရင် ခုနက အသီးအရွက်တွေထည့်၊ အမွှေးအကြိုင်တွေထည့်၊ ကြံသကာ၊ ဆားနဲ့ ဆန်အရက်အနည်းငယ်တို့ကိုထည့်ပြီး အားလုံးသမအောင် နယ်ပေးပါ။ ပြီးတော့မှ ပုလင်းသန့်သန့် ဒါမှမဟုတ် စဥ့်အိုးသန့်သန့်ထဲ ဖိသိပ်ပြီး ထည့်ပေးပါ။ ပြီးရင် အပေါ်ကနေ ပလတ်စတစ်လေးခံပြီးတော့မှ အဖုံးကို လုံအောင်ပိတ်ပေးပါနော်။ အဲ့ဒီလိုသိပ်ထားပြီး ပူတဲ့ရာသီဆို ၃ ရက်မှ ၅ ရက်အတွင်း၊ အေးတဲ့ရာသီဆိုရင် တစ်ပတ်မှ ၁၀ ရက်အတွင်းဆိုရင်တော့ အရသာရှိလှတဲ့ မုန်ညင်းချဉ်လေး ရပါပြီနော်။
(PS: အခု ရှမ်းချဉ်လုပ်နည်းကတော့ ကျွန်မရဲ့ ညီမလေး မိုင်းဆတ်မှာ ပညာရေးဝန်ထမ်းအဖြစ် ၅ နှစ်တာ တာဝန်ထမ်းဆောင်ရင်းနဲ့ တတ်ခဲ့တဲ့ နည်းလေးပါနော်။ အခုမြင်ရတဲ့ပုံကတော့ သူ့လက်ရာပါနော်။)
လည်ပင်းညောင်ရေအိုးဖြစ်အောင် စောင့်နေရတဲ့ ညီမလေးမွန်း ကျေနပ်မယ်လို့ ထင်ပါတယ်နော်။

ပြည်ကြီးငါးကောက်ညှင်းအဆာသွပ်

3 comments

ချစ်မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ကျွန်မ ခရီးကနေ စနေနေ့ညက ပြန်ရောက်ပါပြီနော်။ ခရီးစဉ် တစ်လျှောက်လုံးမှာ ပင်ပန်းခဲ့ပေမယ့် အစစအရာရာ အားလုံး အဆင်ပြေချောမွေ့ အောင်မြင်ခဲ့လို့ ၀မ်းသားပီတိ ဖြစ်မိပါတယ်။ ဒါ့အပြင် မ၀ါနဲ့ ညီမလေးမြရွက်ဝေတို့ကလည်း ကျွန်မကို လာပြီး အဖော်လုပ်ပေးကြတော့ ၀မ်းသာပီတိ ဖြစ်ရပါတယ်။ မ၀ါနဲ့ ညီမလေး မြရွက်ဝေတို့မှာ ချမ်းချမ်းစီးစီးထဲ လာကြရသေးတယ်။ တကယ့်ကို ကျေးဇူးအထူးတင်ပါတယ်နော်။ တွေ့ရတဲ့အတွက်လည်း ၀မ်းသာပီတိဖြစ်ရပါတယ်နော်။
ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ပြည်ကြီးငါးကောက်ညှင်းသွပ်လေး လုပ်ကျွေးပါဦးမယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ပြည်ကြီးငါး (၅၀) ကျပ်သား၊ ကောက်ညှင်းဆန် လက်ဖက်ရည်ပန်းကန်လုံး (၂) လုံး၊ အုန်းနို့မှုန့် ထမင်းစားဇွန်း (၅) ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း (၃) ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း (၁) ဇွန်း တို့ပါနော်။ ပြီးတော့ သွားကြားထိုးတံလေးတွေကိုလည်း အသင့်ပြင်ထားပေးပါနော်။
ပထမဦးဆုံး ကောက်ညှင်းဆန်ကို ရေစင်အောင် ဆေးကြောပြီး ဇလုံတစ်လုံးထဲ ထည့်ကာ ရေနွေးနဲ့ စိမ်ပေးထားပါ။ ပြီးရင် ပြည်ကြီးငါးကို သန့်စင်အောင် ဆေးကြောရပါမယ်၊ အပြင်က အခွံတွေ ဖယ်ရှားပစ်ရသလို အတွင်းမှာရှိတဲ့ အညစ်အကြေးတွေနဲ့ မျက်လုံးတို့ကို ဖောက်ထုပ်ပစ်ရပါမယ်။ ပြီးတော့မှ ပြည်ကြီးငါးတွေကို သံပုရာရည်လေးညှစ်၊ နယ်ထားပြီး နာရီဝက်လောက် ထားပေးပါနော်။ ပြီးရင်တော့ ငါးတွေကို သေချာသန့်စင်အောင် ဆေးပစ်ပြီး စကာထဲထည့်ပြီး ရေစစ်ပေးထားပါ။ ပြီးရင် ကောက်ညှင်းဆန်တွေကိုလည်း ရေထဲကနေ ဆယ်ယူပြီး ဇကာထဲ ထည့်ပေးပြီး ရေစစ်ပေးထားပါနော်။
ကောက်ညှင်းဆန်တွေကို ဇလုံတစ်လုံးထဲ ထည့်ပြီး အုန်းနို့မှုန့်ရယ်၊ သကြားရယ်၊ ဆားရယ်နဲ့ သမအောင် နယ်ပေးပါ။ ပြည်ကြီးငါးတွေကို ယူပြီး ပြည်ကြီးငါးရဲ့ ကိုယ်လုံးထဲကို ကောက်ညှင်းလေးတွေ ထည့်ပေးပါ။ ကောက်ညှင်းတွေကို အရမ်းကြီး ကြပ်အောင် မထည့်ရပါဘူး။ ကောက်ညှင်းကျက်ပြီး ပွလာမှာမို့လို့ ပြည်ကြီးငါးအရွယ်အစားပေါ် မူတည်ပြီး ကောက်ညှင်းကို ချင့်ချိန်ထည့်ပေးပါ။ ပြီးရင် ကောက်ညှင်းတွေ ထွက်ကျ မလာအောင် ကောက်ညှင်းထည့်ပြီးတဲ့ အပေါက်ကို သွားကြားထိုးတံလေးနဲ့ ပိတ်လိုက်ပါ။ အဲ့ဒီနည်းနဲ့ပဲ ပြည်ကြီးငါးတွေထဲကို ကောက်ညှင်းတွေထည့်ပြီး စီစီရီရီ ထည့်ပေးထားပါနော်။
အားလုံး အသင့်ဖြစ်ပြီဆိုရင်တော့ ပြည်ကြီးငါးတွေကို ဒယ်အိုးထဲ စီစီရီရီထည့်ပေးပါ။ ကောက်ညှင်းကျက်ဖို့ လိုတဲ့အတွက် ရေထည့်ပြီး တည်ဖို့လိုပါတယ်။ ရေလည်းအခမ်း၊ အထဲက ကောက်ညှင်းလည်း အကျက်ဖြစ်စေဖို့အတွက် ရေကို ချင့်ချိန်ပြီးထည့်ဖို့ လိုပါတယ်။ ဒယ်အိုးအရွယ်အစားပေါ် မူတည်ပြီး ပြည်ကြီးငါး ဘယ်နှကောင်ဆန့်သလဲဆိုတဲ့အပေါ်လည်း မူတည်တဲ့အတွက် ကျွန်မကတော့ ရေထည့်တာကို အလောမကြီးစေချင်ပါဘူး။ ကျွန်မကတော့ ပထမဦးဆုံး လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာ ရေကိုထည့်ပြီး မီးအသင့်အတင့်နဲ့ တည်ပါတယ်။ ငါးမိနစ်လောက် ကြာတဲ့အခါမှာ ပြည်ကြီးငါးတွေကို ဟိုဘက်ဒီဘက် လှန်ပေးပါတယ်။ မီးကို လျှော့ပြီးတော့ ကျန်တဲ့ရေနဲ့ နူးအောင်တည်ပါတယ်နော်။ ရေလိုသေးမယ်ထင်ရင်တော့ ရေနွေးကို နည်းနည်းချင်းဆီ ထည့်ပေးပြီး တည်ပေးပါနော်။ ရေလည်း ခမ်းပြီးဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ပြည်ကြီးငါး ကောက်ညှင်းအဆာသွပ်လေး ရပါပြီနော်။ အုန်းနို့နံ့ သင်းသင်းလေးနဲ့ ခပ်ဆိမ့်ဆိမ့်အရသာရှိပါတယ်။ အိမ်မှာတော့ ဒီအတိုင်းပဲ စားလိုက်ကြတာ အချဉ်လေးတောင် မလုပ်လိုက်ရဘူး။ အချဉ်လေးနဲ့ စားချင်ရင်တော့ ပဲငံပြာရည် အကြည် ၃ ဇွန်း၊ ရှာလကာရည်အချဉ် ၁ဇွန်းခွဲ၊ ကြက်သွန်ဖြူလေး ခြစ်ထည့်၊ ငရုတ်သီးစိမ်းလေး ပါးပါးလှီးထည့်ပြီး သုံးဆောင်ပါနော်။ ကြိုက်တတ်ရင်တော့ ဂျူးမြစ်လေးကိုက်လိုက်၊ ကြက်သွန်မြိတ်လေး ကိုက်လိုက်လုပ်ပါနော်။ အဲ့ဒါဆိုရင် ပြည်ကြီးငါး ကောက်ညှင်း အဆာသွပ်လေး ရပါပြီနော်။
PS : အဲ့ဒီပန်းကန်လေးက မ၀ါ လက်ဆောင်ထည့်ပေးလိုက်တဲ့အထဲမှာ တစ်ခုအပါအ၀င်ပေါ့။ ကြွားတာ :P