Monday, November 3, 2008

ကောက်ညှင်းကင်


အားလုံးမင်္ဂလာပါရှင်။ ကျွန်မရဲ့ မောင်နှမတွေကို ဒီနေ့တော့ ကောက်ညှင်းကင်လုပ်နည်းလေး မျှဝေပေးပါဦးမယ်နော်။ ကောက်ညှင်းကို ငှက်ပျောဖက်နဲ့ ထုပ်ပြီး မီးကင်ထားတဲ့အတွက် ရလာတဲ့ ငှက်ပျောဖက်နံ့သင်းသင်းလေးနဲ့မို့ ကောက်ညှင်းမကြိုက်တဲ့ ကျွန်မတောင်မှ ကောက်ညှင်းကင်ဆို အရမ်းကို ကြိုက်မိတာပါ။ ကောက်ညှင်းကင်ဆိုပြီး ကျွန်မ စ စားဖူးတာကတော့ မော်လမြိုင်မှာတုန်းက ကျွန်မအဘွားက လုပ်ကျွေးခဲ့တာပါ။ ကျွန်မတို့ငယ်ငယ်တုန်းက ကျောင်းသွားတဲ့အခါ မုန့်ဖိုးရတယ်ရယ်လို့ သိပ်မရှိပါဘူး။ အိမ်ကနေပဲ နေ့လည်စာ ထမင်းဗူးနဲ့အတူ အဆာပြေအတွက် သားရည်စာတစ်မျိုးမျိုးကို ထည့်ပေးလိုက်တတ် ပါတယ်။ တစ်နေ့မှာတော့ ကျွန်မရဲ့ ဆြွဲခင်းထောင်းထဲမှာ နေ့လည်စာအတွက် တြိဂံပုံခပ်ချွန်ချွန်ရှည်ရှည် ငှက်ပျောဖက်လေးနဲ့ ထုပ်ထားပြီး မီးကင်ထားလို့ ဖက်လေး အပြင်မှာ တူးနေတာကို တွေ့လိုက်ပါတယ်။ ဘာခေါ်လဲ ကျွန်မ မသိပေမယ့် မီးကင်ထားတဲ့ငှက်ပျောဖက်နံ့သင်းသင်းလေးက ကျွန်မကို ပိုပြီး ဆွဲဆောင်နေ ပါတယ်။ အဲ့ဒါနဲ့ ကျွန်မလည်း ထိုးထားတဲ့ ၀ါးနှီးထိုးတံလေးကို ဖြုတ်ပြီးတော့ ငှက်ပျောရွက်ကို ခွာပြီး စားကြည့်လိုက်တော့ ကောက်ညှင်းစေးစေးလေးရယ်၊ ပုစွန်ခြောက်မွှေးမွှေးလေးရယ်၊ နှမ်းစေ့အနက်လေး တွေရယ်၊ အုန်းနို့နံ့သင်းသင်းလေးရယ်နဲ့ တအားကို စားလို့ကောင်းတာ။ အဲ့ဒီကတည်းက ကောက်ညှင်းကင် လို့ ခေါ်တဲ့အဲ့ဒီအစားအစာလေးကို အရမ်းကြိုက်ခဲ့တာ။ အခုလည်း အဲ့ဒီကောက်ညှင်းကင်လုပ်နည်းလေးကို မောင်နှမများအားလုံးအတွက် မျှဝေလိုက်ပါတယ်နော်။
ကောက်ညှင်းကင်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
ကောက်ညှင်း နို့ဆီဗူး (၂) လုံး
အုန်းနို့ ၀.၂၅ လီတာ
ပုစွန်ခြောက် လက်တစ်ဆုပ်
နှမ်းနက်လှော် အနည်းငယ်
ဆားအနည်းငယ်
သကြားအနည်းငယ်
သွားကြားထိုးတံနဲ့
ငှက်ပျောဖက် တို့ပါနော်။

ကောက်ညှင်းကို သန့်စင်အောင် ရေဆေးပြီး ရေစစ်ထားပါ။ rice cooker နဲ့ပဲ တည်ကြရအောင်နော်။ ကောက်ညှင်းကို rice cooker ထဲထည့်ပြီး အပေါ်ကနေ ရေကို နို့ဆီဗူး တစ်ဗူးခွဲထည့်၊ ပေါင်းအိုးခလုပ်နှိပ်ပြီး တည်ပေးပါ။ ကောက်ညှင်းကို ပြီးရင် အုန်းနို့ရည်နဲ့ ပြန်နယ်မှာမို့လို့ လောလောဆယ် ကောက်ညှင်းချက်တဲ့ အခါ ခပ်မာမာလေးရအောင် တည်ပေးပါနော်။ ကောက်ညှင်းကျက်တဲ့အခါ အုန်းနို့ရည်ရယ်၊ ဆားလေး နည်းနည်းရယ်၊ သကြားလေးရယ်၊ ပုစွန်ခြောက်ရယ်၊ နှမ်းလှော်ရယ် ထည့်ပြီး အားလုံးသမအောင် မွှေပေးပြီး အအေးခံထားပေးပါနော်။ (ကြိုက်တတ်ရင် အုန်းသီးကိုခြစ်ပြီး ထည့်နယ်လို့ ရပါတယ်နော်)
ငှက်ပျောဖက် သန့်စင်အောင်ရေဆေးပြီး အရွယ်အလယ်က အပိုင်းကို ဖယ်ရှားလိုက်ပါ။ ပြီးတော့မှ ငှက်ပျောဖက်တွေကို ခြောက်အောင် အ၀တ်သန့်သန့်နဲ့ သန့်စင်ပေးပါ။ ပြီးရင် ငှက်ပျောဖက်တွေကို နေ့ပူပြပါ။ ဒါမှမဟုတ် မီးဖိုပေါ်မှာ အပူနည်းနည်းပေးလိုက်ပါ။ အဲ့ဒီလို လုပ်လိုက်ရင် ငှက်ပျောဖက်လေးတွေ နွမ်းပြီး ထုပ်ပိုးတဲ့အခါမှာ ဖက်လေးတွေကို အလွယ်တကူနဲ့ သပ်သပ်ရပ်ရပ်လေး ထုပ်ပိုးပေးနိုင်မှာပါ။ သွားကြားထိုးတံ ကိုလည်း အရှည်လိုက် ထက်ခြမ်းခြမ်း၊ ပြီးတော့မှ အလယ်ကနေ တစ်ခါ ထက်ပိုင်းပိုင်းပြီးတော့ အသွားနှစ်ဘက်လုံး ချွန်အောင် လုပ်ပေးထားပါ။ ရေသန့်ကို ဇလုံတစ်လုံးထဲ ထည့်ထားပေးပါ။
အားလုံးအသင့်ဖြစ်တဲ့အခါမှာ လက်နှစ်ဘက်ကို သန့်စင်အောင် အရင်ဆေးပေးပါ။ ပြီးရင် ကောက်ညှင်းကို လက်ထဲမှာ အရင်အလုံးတွေရအောင် ဆုပ်ယူပါ။ ကောက်ညှင်းလေးတွေ ကျစ်ကျစ်လစ်လစ်လေးတွေ ဖြစ်လာပြီဆိုရင်တော့ ကောက်ညှင်းကို တြိဂံခပ်ရှည်ရှည်ပုံစံလေးတွေ ရအောင် လက်လေးနဲ့ ပုံသွင်းယူပါ။ ဖြစ်လာပြီဆိုရင်တော့ ငှက်ပျောဖက်ပေါ်မှာ ကောက်ညှင်းတွေကို တင်ပါ။ ငှက်ပျောဖက် ခေါက်တဲ့အခါ ဖက်ရဲ့အောက်အနားကို ကတော့ပုံသဏ္ဍာန် အရင်ချိုးလိုက်ပါ။ ပြီးရင် ကောက်ညှင်းကို ထည့်ပြီး ကျန်တဲ့အနားဖတ်တွေနဲ့ ကောက်ညှင်းကို လုံခြုံအောင်ထုပ်ပိုးလိုက်ပါ။ ပြီးရင် ငှက်ပျောဖက်ပြေမထွက်သွားအောင်လို့ သွားကြားထိုးတံလေးနဲ့ ပိတ်လိုက်ပါ။ အဲ့ဒီလိုနည်းနဲ့ ကောက်ညှင်းတွေကို ထုပ်ပိုးပြီး စီစီရီရီ စီထားလိုက်ပါ။
ပြီးရင် လျှပ်စစ်မီးဖိုပေါ်မှာ အကင်ကင်တဲ့ ဇကာလေး တင်လိုက်ပါ။ (အိမ်မှာတော့ အစ်ကိုက လွယ်လွယ်ကူကူ သံဇကာလေးကို အနားတွေ သတ်ထားပြီး ကင်လို့ရအောင်လုပ်ထားတယ်။) ပြီးတော့မှ ကောက်ညှင်းထုပ်လေးတွေကို တန်းစီတင်ပြီး မီးအသင့်အတင့်နဲ့ ကင်ပေးပါနော်။) အကျက်ညီအောင်၊ တူးမသွားအောင်နဲ့ အနပ်ညီအောင် ကောက်ညှင်းထုပ်လေးတွေကို ဟိုဘက်ဒီဘက် မကြာခဏလှည့်ပေးပါ။ အပြင်က ငှက်ပျောဖက်တစ်လွှာ မီးကျွမ်းသွားပြီဆိုရင်တော့ ကောက်ညှင်းထုပ်လေးတွေကို မီးဖိုပေါ်ကနေ ချထားပြီး အအေးခံထားပါ။
လက်က အပူဒဏ်ကို ကိုင်နိုင်လောက်တဲ့အချိန်ကျရင်တော့ ငှက်ပျောဖက်လေးတွေကို ခွာပေးပြီး ကိုယ်စားမယ့် ပန်းကန်ပေါ် စီစီရီရီလေးတင်ပေးပါ။ ကောက်ညှင်း၊ အုန်းနို့၊ ပုဇွန်ခြောက်၊ နှမ်းနက်တို့ရဲ့ အနံ့အရသာလေးတွေ တသင်းသင်းနဲ့မို့ စားရတာ သိပ်ကောင်းပါတယ်။
ဒီအတိုင်းပဲစားစား၊ လက်ဘက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်းတို့နဲ့ပဲ တွဲစားစား၊ သင်္ဘောသီးထောင်းနဲ့ပဲ တွဲစားစား သိပ်ကို အရသာရှိတဲ့ အစားအစာလေးပါနော်။ လုပ်ရတာ လက်ဝင်တယ်ဆိုပေမယ့် စားလို့ကောင်းတော့လည်း လုပ်ဖြစ်တာပါပဲလေ။
တင်ပေးထားတဲ့ပုံကတော့ အိမ်မှာ မောင်နှမတွေများ ၀ိုင်းသမထားတဲ့ ပုံပါ။ အတိုအရှည် အကြီးအသေး ဆိုက်ဒ်စုံပဲ။ အရသာကတော့ ကောင်းတယ်။
ကောက်ညှင်းကြိုက်တတ်တဲ့ မောင်နှမတွေ အဆင်ပြေရင် လုပ်စားကြည့်ဦးနော်။

4 comments:

  1. ကောက်ညှင်းကင်ကို လာမြည်းသွားတယ်
    အလု ရေ အရမ်းစားကောင်းမယ့်ပုံဘဲ
    လုပ်နည်းလေးကို ကူးယူးသွားတယ်

    ReplyDelete
  2. မလုရေ.. ညီမရေ.. အဲ့ဒါတော့ ကြိုက်တယ်... လုပ်စားကြည့်ဦးမယ်

    ReplyDelete
  3. ကောင်းညှင်းကင်လေးကိုမနက်ပိုင်းထန်းရည်ချိုချိုလေးနဲ့စားလိုက်ရရင်တကယ့်နတ်သုဒ္ဒါပဲဗျာ

    ReplyDelete
  4. နွေးနေခြည်August 2, 2010 at 10:49 AM

    လုပ်စားကြည့်ဦးမယ်း)
    ကျေးဇူး မမလု

    ReplyDelete