Wednesday, March 12, 2008

သတ်သတ်လွတ်မုန့်ဟင်းခါး

သတ်သတ်လွတ်မုန့်ဟင်းခါးအတွက် လိုအပ်တဲ့ပစ္စည်းများကတော့ ကုလားပဲ၊ ငှက်ပျောအူ၊ ရွှေကြည်မှုန့်၊ စပါးလင်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအရောင်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ သကြား၊ ဆီနဲ့ အချိုမှုန့်တို့ပါ။
ကုလားပဲကို မနက်ချက်မယ်ဆိုရင် ညကတည်းက ရေဆေးပြီး စိမ်ထားပေးပါ။ မနက်ကျရင် ကုလားပဲပြုတ်မယ့်အိုးထဲကို ကုလားပဲတွေကို ထည့်၊ နနွင်းမှုန့်အနည်းငယ်နဲ့ ရေထည့်ပြီး နူးအောင်ပြုတ်ပါ။ ရေခမ်းပြုတ်နိုင်ရင် ပိုကောင်းပါတယ်။ ကုလားပဲပြုတ်နေစဉ် ဆားမထည့်ရပါဘူးနော်။ ကုလားပဲနူးသွားပြီဆိုနဲ့ ကုလားပဲတွေကိုအအေးခံပြီး ထောင်းပါ။ (တချို့ကလည်း မထောင်းဘဲ ဇကာနဲ့ တိုက်ချပါတယ်)။ ရွှေကြည်မှုန့် ကိုလည်း ရေလေးနဲ့ ဖျော်ထားပေးပါ။ ကုလားပဲနဲ့ ရွှေကြည်မှုန့်အချိုးက သုံးဆ တစ်ဆပါ။ စပါးလင်ကို အပြင်က ရင့်တဲ့အခွံတွေဖယ်၊ ရေဆေးပြီး ပါးပါးလေးတွေလှီးပေးထားပါ။ ချင်းကို အခွံနွှာရေဆေးပြီး မထူမပါးလှီး ပေးထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကိုလည်း အခွံနွှာ၊ ရေဆေးပေးထားပါ။ ကြက်သွန်ဖြူတချို့ကို ကြက်သွန်ကြော်လုပ်ဖို့ ခပ်ပါးပါးလေးလှီးပေးထားပါ။ ကျန်တဲ့ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုတော့ မထူမပါး လှီးပေးထားပါ။ ကြက်သွန်နီဥတချို့ကိုလည်း ထက်ခြမ်းခြမ်းပေးထားပါ။ ငှက်ပျောအူကို အရင့်ပိုင်းတွေ ဖယ်ရှားပစ်ပြီး အနုပိုင်းတွေကိုပါးပါးလှီးပေးပါ။ ငှက်ပျောအူတွေ မဲမသွားအောင် အိုးတစ်လုံးထဲ ရေထည့်ပြီး နနွင်းမှုန့်လက်ဖက်ရည်ဇွန်းတ၀က်လောက်ထည့်ပြီး လှီးပြီးသားငှက်ပျောအူတွေကိုထည့်စိမ်ပေးပါ။

မီးဖိုပေါ်ကို ငှက်ပျောအူအိုးတင်ပြီး ပွက်ပွက်ဆူအောင်တည်ပေးပါ။ ဆူလာပြီဆိုရင် ငှက်ပျောအူတွေကို ဟိုဘက်ဒီဘက်လှန်ပြီး ထပ်တည်ပေးပါ။ ငှက်ပျောအူနူးလောက်ပြီဆိုရင်တော့ ရေတွေကိုငှဲ့ထုတ်ပစ်ပြီး ငှက်ပျောအူတွေကို ရေနဲ့ဆေးပြီး ဇကာနဲ့ ရေစစ်ပေးထားပါ။

ငရုတ်ဆုံထဲကို ချင်းအရင်ထည့်ပြီးထောင်းပါ။ ချင်းညက်ခါနီးကျရင် လှီးထားတဲ့ စပါးလင်တွေကိုထည့်ပြီး ထောင်းပါ။ ပြီးရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေကိုထည့်ပြီးထောင်းပါ။ ပြီးရင် ငရုတ်သီးအရောင်မှုန့်လေး နည်းနည်းထည့်ပြီး အားလုံးသမအောင် ရောထောင်းပေးပါ။ ပြီးရင် မီးဖိုပေါ်ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးနည်းနည်းခပ်ပြီးတော့ ထောင်းထားတဲ့ ငရုတ်သီးချင်းစပါးလင်ကြက်သွန်တို့ကိုထည့်ပြီး မီးအသင့်အတင့်နဲ့ ဆီသတ်ပါ။ ဆီသတ်နံ့မွှေးလာပြီဆိုရင် ထောင်းထားတဲ့ကုလားပဲထဲက တ၀က်ရယ်၊ ဆားရယ်၊ အချိုမှုန့်ရယ်ထည့်ပြီး ဆီသတ်ပြီး မီးဖိုပေါ်ကနေ ဒယ်အိုးကိုချထားပေးပါ။

အိုးတစ်လုံးထဲကို ရေထည့်၊ ပြီးရင် ထောင်းထားတဲ့ပဲ၊ ဖျော်ထားတဲ့ ရွှေကြည်၊ ဆီသတ်ထားတဲ့ ပဲနဲ့အမွှေးကြိုင်စုံ၊ ဆား၊ သကြား၊ အချိုမှုန့်တို့ထည့်ပြီး အိုးကို မီးဖိုပေါ်တင်ပြီး ဟင်းရည်အိုးဆူအောင်တည်ပါ။ ဟင်းအိုးဆူလာပြီဆိုရင် ငှက်ပျောအူတွေကိုထည့်ပြီး ဆူအောင် ထပ်တည်ပါ။ ငှက်ပျောအူဖတ်က အချိုအငံအရသာတွေကို စုပ်ယူတတ်တာမို့ ဟင်းအိုးဆူလာရင် အပေါ့အငံမြည်းပြီး လိုအပ်တဲ့အရသာတွေကို ထပ်ဖြည့်ပေးပါ။ ပြီးတော့မှ ကြက်သွန်နီတွေကိုထည့်ပေးပြီး ဟင်းအိုးကို မီးနွေးနွေးနဲ့ တည်ထားပေးလိုက်ပါ။ ဟင်းအိုးလည်း ပွက်ပြီဆိုရင် ကြက်သွန်နီလည်း နူးလောက်ပြီ။ အဲ့ဒီအခါ အပေါ့အငံကိုထပ်မြည်း၊ လိုအပ်တဲ့အရသာထပ်ဖြည့်ပြီး ငရုတ်ကောင်းမှုန့်လေးခပ်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ငရုတ်ကောင်းနံ့ မွှေးမွှေးလေးနဲ့ သတ်သတ်လွတ် မုန့်ဟင်းခါးရပါပြီနော်။

မှတ်ချက်။ ။ မြေပဲကြိုက်တတ်ပါက မြေပဲထည့်နိုင်ပါတယ်နော်။

4 comments:

  1. ပြသနာဘဲ ငါး အရသာ ခံခြင်ပါတယ် ဆိုမှ သက်သတ်လွတ်နဲ့ တိုးနေတယ်

    လုလုရေ ကျေဇူးပါ ငါးမရှိတဲ့နေ့ မှ စဉ်းစားပါရစေ။

    လုလု ဘယ် ကတင်နေတာလဲ မြန်မာပြည်ကလား ကွန်နက်ရှင်မကောင်းဘူးဆိုလို့ ပါ။

    နိုင်ငံခြားမှာ ဆိုရင် ပေးပဲလ် လုပ်ကြပါလား ။

    လုလု ဆိုင်မှာ လာစားပြီးသူတွေ မုန့် ဖိုးပေး လို့ ရတာပေါ့

    ReplyDelete
  2. အမ မေဗမာ မပူနဲ့ ။ ငါးကို အကောင်လိုက် ကင်ပြီး ဟင်းနဲ့ မြှီးရင် ငါးအရသာရမယ် ဟတ်ဟတ်..

    ReplyDelete
  3. Thank you very much Lu Lu! It gives the benefit for the Vegan like me.

    ReplyDelete
  4. လုလုရေ

    ဒီသက်သတ်လွတ်မုန့်ဟင်းခါးချက်နည်းလေး တင်ပေးတာကျေးဖူးအထူးပါ။ အမတို့လိုသက်သတ်လွတ်စားသမားတွေအတွက် သိပ်အကျိုးရှိပါတယ်။ သက်သတ်လွတ်ဟင်းတွေ ထပ်တင်ပေးမယ်ဆိုလို့လဲ အရမ်းကျေးဇူးတင်တယ်နော်။

ူဒီသက်သတ်လွတ်မုန့်ဟင်းခါးချက်နည်းလေးရဲ့ အဆုံးပိုင်းကိုလဲတင်ပေးပါဦးနော်။ ပြင်ဆင်နည်းလေးတွေ အထိပဲမြင်ရသေးတယ်။

    ReplyDelete