Monday, December 17, 2007

ရှမ်းခေါက်ဆွဲ အရည်ဖျော်


ကျွန်မ ရှမ်းခေါက်ဆွဲလုပ်နည်းရေးခဲ့ဖူးပါတယ်။ အသုပ်လုပ်နည်းပေါ့။ အခုတစ်ခါတော့ မြန်မာပြည်မှာလည်း ရှိနေတာမို့ ရှမ်းခေါက်ဆွဲအဖတ်လည်း ၀ယ်ရလည်းလွယ်၊ ရာသီဥတုလေးကလည်း နည်းနည်းအေး နေတာမို့ ရှမ်းခေါက်ဆွဲကို အရည်ဖျော်လုပ်နည်းလေးကို မောင်နှမများကို လက်ဆင့်ကမ်းပါရစေဦးနော်။

လိုအပ်တဲ့ပစ္စည်းတွေကတော့၊ ရှမ်းခေါက်ဆွဲဖတ်၊ (အစေးအဖွယ်) ကိုတော့ ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးပါနော်။ အသားကောင်းကောင်းဝက်သား၊ ၀က်နံရိုး၊ ခရမ်းချဉ်သီး၊ နာနတ်ပွင့်အနည်းငယ်၊ မြေပဲလှော်၊ ပဲငံပြာရည်အပျစ်၊ အကျဲ၊ ဆား၊ သကြား၊ ငရုတ်သီးခွဲခြမ်း၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့်၊ အချိုမှုန့်အနည်းငယ်နဲ့ ဆီတို့ပါနော်။

ဟင်းရည်အတွက် ၀က်နံရိုးကို အရွယ်တော်လေးတွေဖြစ်အောင် တုံးပြီး ဆား၊ သကြား၊ အချိုမှုန့်တို့နဲ့နယ်ပါ။ မီးဖိုပေါ် အိုးတင်ပြီးတော့ ဟင်းချိုရည်အိုးတည်ဖို့ပြင်ပါတယ်။ နယ်ထားတဲ့ဝက်နံရိုးကို အိုးထဲထည့်၊ ပြီးတော့ ဂျင်းအ၀ိုင်းလိုက်လှီးထည့်ပြီး ပထမလုံးရေလေးနဲ့ တစ်ရေခမ်းအောင်တည်ပါ။ ပထမတစ်ရည်ခမ်းပြီဆိုမှ နောက်ထပ် ဟင်းရည်အိုးထဲ ရေထပ်ထည့်ပြီး ဟင်းရည်အိုး ပွက်ပွက်ဆူပြီး နံရိုးနူးတဲ့အထိ တည်ပေးပါ။ နံရိုးနူးလောက်ပြီဆိုမှ ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါ။ မီးအသင့်အတင့်နဲ့ ဟင်းရည်အိုးကို ဆူအောင် တည်ပေးထားပါ။ ဟင်းရည်အိုးထဲကို နံနံပင်အရိုးလေးတွေ ထုထည့်ပေးပါဦးနော်။

အသားဟင်းအတွက် ၀က်သားကို ရွေးပါတယ်။ ၀က်သားကို အဆီအခေါက်မပါ၊ အသားချည်းသပ်သပ် တောက်တောက်စင်းပြီး ဆား၊ အချိုမှုန့်၊ သကြား၊ ချင်းနုပ်နုပ်စင်းတို့နဲ့ ရောနယ်ပါ။ ကြက်သွန်ဖြူနီနဲ့ ငရုတ်သီးကို ထောင်းပါ။ ခရမ်းချဉ်သီးပါးပါးလှီးပြီး နုပ်နုပ်စင်းပါ။ အဆင်သင့် ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးတော့ ဆီထည့်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူနီငရုတ်သီးကို ထည့်ပြီး ဆီသတ်၊ နာနတ်ပွင့်လေး နှစ်ဖတ်လောက် ထည့်ပြီး မွှေပါ။ ပြီးရင် ခရမ်းချဉ်သီးထည့်၊ ခရမ်းချဉ်သီးဖတ်လေးတွေ လိပ်တက်လာပြီဆိုရင်တော့ နုတ်နုတ်စင်းထားတဲ့ အသားလေးတွေထည့်ပြီး မွှေပါ။ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက် နှစ်မျိုးလုံးထည့်ပါ။ ငံပြာရည်နည်းနည်းလောက်ထည့်ပါ။ ရေနည်းနည်းလောက်ထည့်၊ ခဏတည်ထားပြီး အသားလည်း နူး၊ ဆီလည်းပြန်လာပြီဆိုလျှင် ဟင်းအနှစ်ကျက်ပါပြီ။

ရှမ်းခေါက်ဆွဲဖတ်ကို မပြုတ်ခင် နာရီဝက်လောက် ရေကြိုစိမ်ထားလိုက်ပါတယ်။ စားပွဲပြင်ခါနီးမှ စကာလေးထဲကို ခေါက်ဆွဲဖတ်ထည့်၊ ပြီးတော့မှ ပွက်ပွက်ဆူနေတဲ့ ဟင်းချိုရည်အိုးထဲ ထည့်ပြီး တူနဲ့ ခေါက်ဆွဲဖတ်တွေကို ဟိုဘက်ဒီဘက်လှည့်ပေးပါနော်။ ခေါက်ဆွဲဖတ် အိပြီ ဆိုရင်တော့ ရေစစ်ပြီးတော့မှ စားပွဲပြင်မယ့် ပန်းကန်ထဲကို ထည့်ပါနော်။ တခြား မရှိမဖြစ် လိုအပ်တဲ့ အဆာပလာတွေကတော့ မြေပဲလှော်ကို အခွံနွှာပြီး မညက်တညက်လေး ထောင်းထားပေးပါ ။ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဆီချက်ကြော်၊ ဆီချက်ရပြီဆိုရင် ပန်းကန်လုံးထဲ ပြောင်းထည့်၊ ပြီးတော့မှ ငရုတ်သီးခွဲခြမ်းမှုန့်ကို ဆီထဲ လှိမ့်ပြီး ငရုတ်သီးကြော်လေးလုပ်၊ အရမ်းမတူးခင်မှာ အမြန်ချလိုက်နော်။ ပဲငံပြာရည် အပျစ်ကို ပန်းကန်လုံးထဲထည့်၊ ပြီးတော့ဟင်းချိုရည်လေး နည်းနည်းနဲ့ စပ်ထားပါ။ကြက်သွန်မြိတ်၊ နံနံပင် ပါးပါးလှီးထားပါ။ စားပွဲပြင်မယ်ဆိုရင် မုန့်ဖတ်လေးထည့်၊ ဟင်းရည်ပူပူလေးကိုထည့်၊ ၀က်နံရိုးနူးအိအိလေးပါအောင် ခပ်ထည့်ပါနော်။ ပြီးတော့ အသားဟင်းထည့်၊ မြေပဲလှော်ထောင်း၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးကြော်လေးထည့်၊ ပဲငံပြာရည်အပျစ်ထည့်ပြီး စားရုံပဲနော်။ ဟင်းရည်ပူပူလေးကို ပန်းကန်လုံးလေးထဲ ထည့်၊ ပြီးတော့မှ ငရုတ်ကောင်းမှုန့်လေးခပ်၊ ကြက်သွန်မြိတ်လေး ဖြူးပြီး မုန်ညင်းချဉ်နဲ့ တွဲဖက်စားသုံးပါ။ ကဲ့  အားပေးကြပါဦးနော်။

5 comments:

  1. I can't read it anymore even though I click 'more'. Ma Ma Lu Lu, would you please help me.
    KS

    ReplyDelete
  2. ပြင်ပေးလိုက်ပါပြီနော်။ ဖတ်လို့ရပြီလားမသိဘူးနော်။ စမ်းကြည့်ပါဦးနော်။

    ReplyDelete
  3. ကျေးဇူးအထူးပဲတင်ပါတယ်။ ဆုမွန်ကောင်းတောင်းပေးလျှက်......
    KS

    ReplyDelete
  4. ပုံမှာ နှမ်းတွေတွေ့ တယ်.. လုပ်နည်းထဲမှာနှမ်းလဲမပါဖူး

    ReplyDelete
  5. မုန်ညင်းစိမ်း နှစ်ပိသာ၊ မုန်လာဥနီ ၁၅ ကျပ်သား၊ ဂျူးမြစ် ၁၅ ကျပ်သား၊ ပဲပိုးတီ ၂၅ ကျပ်သား၊ ချင်း ၅ ကျပ်သား၊ မုန်ညင်းစေ့ (mustard seeds) ၁ ကျပ်သား၊ ငရုတ်သီး အရောင်မှုန့် ၅ ကျပ်သား၊ နံနံစေ့(coriander seeds) ၁ ကျပ်သား၊ ဆား၊ ကြံသကာ ၅ ကျပ်သား၊ ဆန်အရက် (rice wine) ထမင်းစားဇွန်း ၃ ဇွန်းတို့ပါနော်။

    Can you please translate the ingredients and measurement in english, please

    Thanks Ma LuLu....

    ReplyDelete