Friday, December 14, 2007

ကြက်ခြေထောက်ပေါင်း

ဒီနေ့တော့ မောင်နှမများအတွက် ကြက်ခြေထောက်ပေါင်းနည်းလေးကို ပြောပြမယ်နော်။ ကြက်ခြေထောက် ၀ယ်ရခက်တဲ့ နိုင်ငံခြားက မောင်နှမတွေကတော့ စိတ်တွေဆိုးပြီး မေတ္တာတွေ မပို့ကြပါနဲ့နော်။
အခုနောက်ပိုင်း ကြက်တွေက စီပီကြက်တွေမို့ ကြက်ခြေထောက်တွေက ဖောင်းဖောင်းကစ်ကစ်လေးတွေမို့ အသားလည်းများပြီး မြန်မာကြက်နဲ့ယှဉ်လိုက်ရင် ပိုပြီးစားလို့ကောင်းပါတယ်။
ကြက်ခြေထောက်ပေါင်းချက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေက ကြက်ခြေထောက်ရယ်၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းအနည်းငယ်၊ မာဆလာအနည်းငယ်၊ ဆား၊ အချိုမှုန့်၊ သကြားနဲ့ ဆီအနည်းငယ်တို့ပါနော်။




ကြက်ခြေထောက်ကို မီးနည်းနည်းကင်လိုက်ပြီး အပေါ်က အရေခွံကို ဖယ်ထုတ်ပစ်ပါ။ ပြီးရင် ခြေသည်းတွေကို ခုတ်ပစ်ပါ။ ရေသန့်စင်အောင်ဆေးပြီး ဆား၊ သကြား၊ အချိုမှုန့်အနည်းငယ်တို့နဲ့အတူ ရောနယ်ပေးထားပါ။ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။ ကြက်သွန်အဖြူအနီချင်းတို့ကို အခွံနွှာပြီး ငရုတ်သီးအရောင်မှုန့် နည်းနည်းနဲ့အတူ ရောထောင်းပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ Pressure cooker ထဲမှာ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်၊ ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးတို့နဲ့အတူ ကြက်ခြေထောက်ကိုပါထည့်ပေးပါ။ ဆီအနည်းငယ်နဲ့အတူ ရေပါထည့်၊ အဖုံးပိတ်ပြီး မီးဖိုပေါ်မှာ ၁၀ မိနစ်လောက်ကြာအောင် တည်ပေးပါ။ ၁၀ မိနစ်ကြာပြီးရင်တော့ အအေးခံထားပြီးတော့မှ အဖုံးကိုဖွင့်ပါ။ ပြီးတော့မှ ရေနည်းနည်းထပ်ထည့်ပြီး နောက်ထပ် ၁၀ မိနစ်ထပ်တည်ပါ။ မိနစ် ၃၀ လောက်တည်ပြီးရင်တော့ ဟင်းအိုးအဖုံးဖွင့်ပြီး ဟင်းအိုးအပေါ့အငံမြည်းပြီး မာဆလာလေး အုပ်လိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ မာဆာလာနံ့သင်းသင်းလေးနဲ့ ကြက်ခြေထောက်ပေါင်း နူးနူးအိအိလေး ရပါပြီရှင်။ ကင်မ်ချီ၊ ဒါမှမဟုတ် မုန်ညင်းချဉ်နဲ့ တွဲပြီး သုံးဆောင်နိုင်ပါတယ်။ ခေါက်ဆွဲပြုတ်ပူပူလေးနဲ့လည်း သုံးဆောင်နိုင်ပါတယ်နော်။

0 comments:

Post a Comment