ချစ်သော မောင်နှမများအားလုံး
မင်္ဂလာပါရှင် ...
ဒီနေ့မှာတော့
ကျွန်မရဲ့ မောင်နှမများအတွက် မြေအိုးမြီးရှည် လုပ်နည်းလေးကို မျှဝေပေးပါရစေရှင် ...
ကျွန်မချက်ဖြစ်တဲ့
မြေအိုးမြီးရှည်လေးကတော့ လွန်ခဲ့တဲ့ ၂ဝဝ၉ ခုနှစ်တုန်းက ပြင်ဦးလွင်မှာ အလုပ်ရုံဆွေးနွေးပွဲ
တစ်ခု သွားတက်တုန်း ကျွန်မတို့သူငယ်ချင်းများနဲ့ အတူ ဆိုင်တစ်ဆိုင်မှာ သွားစားခဲ့တဲ့
ပုံစံမျိုးလေးပါနော် ...
ကျွန်မဘဝမှာ
စစချင်း စားခဲ့ဖူးတဲ့ မြေအိုးမြီးရှည်ပဲ ဆိုပါတော့နော် အဲ့ဒီမှာ စားခဲ့ပြီး ကြိုက်သွားပြီး
ရန်ကုန် ပြန်ရောက်တော့လည်း ဆိုင်တွေမှာ မြေအိုးမြီးရှည်စားချင်လို့ မှာစားခဲ့ပါတယ်
… ဒါပေမယ့်လေ လုံးဝကို အရသာမတူ၊ ပါဝင်ပစ္စည်းတွေလည်း မတူဘဲ လုံးဝကိုမှ စားလို့မရဘဲ ပြင်ဦးလွင်မှာ
စားခဲ့ဖူးတဲ့ မြေအိုးမြီးရှည်ကိုပဲ တမ်းတမိနေတော့တာပေါ့ ...
ဒီလိုနဲ့ အိမ်မှာလည်း
မြေအိုးမြီးရှည်ကို အဆင်ပြေသလို မကြာခဏ ချက်စားဖြစ်တယ် … ဒါပေမယ့် ပို့စ်လည်း မတင်ဖြစ်ခဲ့ဘူး
... ဘလော့ဂ်ကို အမြဲတမ်းအားပေးနေတဲ့ မောင်နှမတစ်ယောက်က မြေအိုးမြီးရှည် လုပ်နည်းလေး
မျှပေးပါဦးနော် ဆိုလို့ မနေ့မနက်က အစောထပြီး လုပ်ဖြစ်ခဲ့တာလေးကို မောင်နှမများ အားလုံးအတွက်
မျှဝေပေးလိုက်ရပါတယ် ရှင် ...
လိုအပ်တဲ့ ပစ္စည်းတွေကတော့
အရည်အတွက် ကြက်ရိုးကို သန့်စင်ပြီး ကြက်သားမှုန့်၊ ဆားတို့နဲ့ နယ်ပြီး ချင်း၊ ကြက်သွန်ဖြူတို့နဲ့
အရည်ဖြူလေးတွေ ရလာတဲ့ အထိ ပြုတ်ပေးထားပါနော် ...
အခြား လိုအပ်တဲ့
ပစ္စည်းတွေကတော့ ကြက်၊ ဝက်၊ ပင်လယ်စာ (နှစ်သက်သလိုထည့်ပါ)၊ ငုံးဥ၊ ကြက်နားရွက်မှို၊ ပန်းခြောက်၊
ပဲပြားလိပ်၊ (ရေခဲမှိုလို့ခေါ်တဲ့ ကျောက်ပွင့်ကိုလည်း ထည့်နိုင်ပါတယ်) အသီးအရွက်အစုံ
(မုန်ညင်းဖြူ၊ မုန်ညင်းစိမ်း၊ ဘရိုကိုလီ၊ မှို၊ မုန်လာဥနီ၊ ကြာစွယ်၊ ပဲပင်ပေါက်၊ ရွှေပဲသီး၊
ဘေဘီပြောင်းဖူး၊ ကန်စွန်းရွက် …. ကြိုက်နှစ်သက်ရာ) ပဲပြား၊ မာလာအနှစ် (သို့မဟုတ်) ရွှေပဲတံဆိပ်
ငရုတ်သီးအနှစ်၊ ကြက်သားမှုန့်၊ သကြား၊ ပဲငံပြာရည်အကြည်၊ ရှားကော ပတ်ကော၊ ရှမ်းမုန်ညင်းချဉ်
စတာတွေပါနော် ...
ထည့်လိုတဲ့ အသားတွေကို
အနေတော် တုံးထားပေးပြီး ကြက်သားမှုန့်လေးနဲ့ နယ်ပေးထားပါ။ ဝက်ကလီစာကို ထည့်မယ်ဆိုရင်
ကလီစာတွေကို မန်ကျည်းမှည့်နဲ့ အသေအချာ ဆေးကြောပြီးမှ ကြက်သားမှုန့်၊ ရှားကောပတ်ကောမှုန့်၊
သကြား၊ ပဲငံပြာရည် အကြည်တို့နဲ့ နယ်ပြီး နူးအောင် ပြုတ်ထားပေးပါ။ နူးအိပြီ ဆိုရင်တော့
ကိုယ်လိုသလောက် အရွယ် အစားလေးတွေ လှီးပေးထားပါ။
ငုံးဥပြုတ်ထားပေးပါ။
အခွံနွှာထားပေးပါ။ မှိုခြောက်ပန်းခြောက် ပဲလိပ်တို့ကို သန့်ရှင်းရေးလုပ်ပြီး တစ်ကြိမ်
ပြုတ်ပစ်ပါ။ (ရေနွေးနဲ့ တစ်ကြိမ်ပြုတ်ပစ်မှသာ မှိုခြောက်ပန်းခြောက် ပဲလိပ်ခြောက်တို့မှာ
ရှိနေတဲ့ အနံ့တွေ၊ အထူးသဖြင့် ပန်းခြောက်က အခုနောက်ပိုင်း လာတဲ့အခါ ကြာကြာ အထားခံအောင်
အချဉ်မှုန့်နဲ့ နယ်တယ်လို့ ကျွန်မ ခံစားရပါတယ် ... ပန်းခြောက် ကို ရေနဲ့ စင်အောင်ဆေး၊
ဝတ်ဆံဖယ်ပြီး ဟင်းထဲ ထည့်လိုက်ပြီးတဲ့အခါ ဟင်းက အချဉ်အရသာရှိလာတာကို ကျွန်မ သတိထားမိလို့ပါ။)
ပြီးမှ မှိုခြောက်ကို အရွယ်တော်ညှပ်၊ ပန်းခြောက်ကို ဝတ်ဆံလေးတွေဖယ်ပြီး အထုံးလေးထုံး၊
ပဲလိပ်ကို ချိုချဉ်ပုံလေး ချည်ပါ။ ပဲပြားလေးတွေ အရွယ်တော် တုံးထားပေးပါ။
အသီးအရွက်တွေကို
သန့်စင်အောင် ရေဆေးပြီး အရွယ်တော် လှီးဖြတ်ပေးထားပါ။
ရယ်ဒီမိတ် မာလာအနှစ်ကို
သုံးမယ်ဆိုရင် သတိပြုစရာ ရှိပါတယ် ... မာလာအနှစ်မှာ ၂ မျိုးရှိပါတယ်။ တစ်မျိုးက မာလာဟင်းချက်တဲ့အထဲမှာ
သုံးမယ့် အဆီပါတဲ့ဟာပါ။ ငရုတ်သီးများပါတယ်။ (အသီးအရွက်၊ ကြက်သား၊ ငါး စတာတွေကို ချက်တဲ့
ဟာမျိုးပါ)။ နောက်တစ်မျိုးက Soup အတွက် သုံးတဲ့ မာလာအနှစ်ပါ။ သူက ဆီမပါ၊ ငရုတ်သီးပါဝင်မှု
နည်းပါတယ်။ ဈေးဝယ်တဲ့အခါ အဲ့ဒီအထုပ်တွေရဲ့ နောက်ကျောက စာကို သေချာဖတ်ပြီး soup အတွက်လား၊
ဟင်းအတွက်လား ဆိုတာကို ရွေးဝယ်နိုင်ပါတယ်။ မောင်နှမတွေက အဆီပါတာနဲ့ စပ်တာကို ကြိုက်တတ်ရင်
ဟင်းအနှစ်ထုပ်ကို သုံးသင့်ပြီး အစပ်သိပ်မစားနိုင်ဘူး၊ အဆီပါရင် သောက်ရတာ ခက်တယ်ဆိုတဲ့
မောင်နှမတွေကတော့ Soup အနှစ်ကို သုံးသင့်ပါတယ်။ ကျွန်မကတော့ ရွှေပဲတံဆိပ် ငရုတ်နှစ်ဗူးကို
သုံးထားပါတယ်။ တစ်ခု သတိပေးချင်တာက ဟင်းရည်အိုးထဲကို မာလာဟင်းအနှစ် ထည့်ပြီးမှ ကျန်အရသာကို
ထပ်ဖြည့်ပါ။ ငန်သွားမှာ စိုးလို့ပါ။
ကြက်ရိုးဟင်းရည်အိုး
ပွက်ပွက်ဆူလာပြီ ဆိုရင် အသားတွေနယ်ထားတာကို ထည့်ပါမယ်၊ ပြီးတော့ ငရုတ်နှစ်/ မာလာအနှစ်ကိုထည့်ပါ။
မာလာအနှစ်ထည့်တဲ့အခါ လောဘမကြီးမိစေဖို့ သတိပေးပါရစေ။ (အရသာပေါ့တာက ထပ်ဖြည့်လို့ရတယ်၊
ငန်သွားရင်ကျ ဟင်းပျက်တတ်တယ်လေ) ကျွန်မက အချိုးအစားကို ဖော်ပြမထားဘူးဆိုတာက တစ်ယောက်နဲ့တစ်ယောက်
သုံးမယ့်ပစ္စည်းချင်း မတူတဲ့အခါ အရသာမတူနိုင်လို့ ကိုယ့်စိတ်ကြိုက် အရသာရအောင် ကိုယ့်ရဲ့
လျှာစွမ်းနဲ့ပဲ မြည်းကြမယ်လေနော် ... ဟင်းပွက်ပွက်ဆူပြီ ဆိုရင် ပဲပြားနဲ့ အသီးအရွက်တွေ
စိတ်ကြိုက်ထည့်ပါ။ ကလီစာတွေထည့်၊ ငုံးဥတွေထည့်ပါ။ အရသာ အပေါ့အငန် မြည်းပါ။ ကျွန်မက
မုန်ညင်းချဉ်ကို ဒီအတိုင်း စားတာထက် ဟင်းရည်ထဲ ထည့်သောက်ရတာ ကြိုက်တာမို့ ကိုယ့်အတွက်
ပွဲပြင်တဲ့အခါ မုန်ညင်းချဉ်ကိုပါ ဟင်းရည်ထဲ တစ်ခါတည်း ထည့်ပြီးပြင်လေ့ရှိပါတယ်။ အသီးအရွက်တွေကို
ကိုယ်တစ်ခါစားခါနီးမှ တစ်ခါပြုတ်ပြီး ထည့်လို့ရတယ်နော် ...
မြီးရှည်ဖတ်က
ရယ်ဒီမိတ်အခြောက်ထုပ်ကို အညွှန်းပါအတိုင်း ပြုတ်ပြီး သုံးလို့ရသလို အစိုကိုလည်း ဝယ်ပြီး
သုံးလို့ရပါတယ်။
စားပွဲပြင်တဲ့အခါ
မြေအိုးလေးယူ မြီးရှည်ဖတ်လေးထည့်၊ ဟင်းရည်ထည့်၊ ပွက်ပွက်ဆူအောင်တည်၊ အသီးအရွက်တွေ ထည့်၊
အရသာအပေါ့အငန်မြည်း၊ ကြိုက်တတ်ရင် ကြက်သွန်မြိတ်လေး ပါးပါးလှီးပြီးအုပ်၊ နှမ်းစေ့လေး
ဖြူးဖို့တောင် မေ့သွားတယ် ... အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ကျန်းမာရေးနဲ့လည်း
ညီညွတ်တဲ့ မြေအိုး မြီးရှည်လေး ရပါပြီနော် ... ခပ်စပ်စပ်လေး စားချင်ရင် ငရုတ်သီးထောင်းကြော်လေး
ထည့်လိုက်ပါဦးနော် ...
မောင်နှမတွေ
ကြိုက်နှစ်သက်မယ့် အခြား အဆာပလာများလည်း ထပ်ဖြည့်ပြီး သုံးဆောင်နိုင်ပါတယ်နော် ...
ဝက်ခေါက်ကြော်လေးနဲ့အတူ
တွဲဖက်သုံးဆောင်ပါဦးလားလို့ ...
မြီးရှည်ဆို အရမ်းကြိုက် ..း))
ReplyDeleteအိမ်မှာ မြီးရှည်ဖတ်ရှိတယ် ..
နောက်နေ့အားရင် လုပ်စားမယ် ..း))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ညီမလေး ဆောင်းနှင်းရွက်ရေ့  အားတဲ့နေ့ကျ မြေအိုးမြီးရှည်လုပ်စားကြည့်နော့့်  ချက်ပြီးရင် အမကိုလည်း ကျွေးပါဦးနော်
Deleteလုလုရေ အရမ်းကြိုက်ပေမဲ့`ပစ္စည်းတွေအစုံမရှိလို့မစားရဖြစ်နေတယ်
ReplyDeleteမမမာရေ့ 
Deleteပစ္စည်းအဆာပလာကလေ အားလုံး စုံမှရယ်တော့ မဟုတ်ပါဘူးနော့့် 
ကိုယ့်မှာ ရှိတဲ့ အဆာပလာလေးတွေနဲ့ ချက်စားလို့လည်း ရပါတယ်နော့့်