Friday, September 23, 2011

ငါးသလဲထိုးအိုးကပ်


ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။
ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမများကို ငါးသလဲထိုး အိုးကပ်လေး ချက်ကျွေးပါဦးမယ်နော်။
ငါးသလဲထိုး အိုးကပ်ဆိုပေမယ့် ဒီတစ်ခါမှာ မိုက်ကရိုဝေ့ဖ်နဲ့ ချက်နည်းလေးကို မျှဝေမှာဖြစ်ပါတယ်။
ကျွန်မ ပြီးခဲ့တဲ့နှစ်တုန်းက ကျန်းမာရေးအရ ခွဲစိတ်ကုသမှုခံယူရတဲ့အချိန်မှာ အညှော်လုပ်လို့မရပါဘူး။
အဲ့ဒီတော့ ကျွန်မက ဟင်းတွေတော်တော်များများကို မိုက်ကရိုဝေ့ဖ်နဲ့ စမ်းပြီးချက်ပြုတ်ရင်းနဲ့ပဲ ရလာတဲ့ အတွေ့အကြုံအသစ်လေးတွေပါ။
မိုက်ကရိုဝေ့ဖ်နဲ့ ချက်ရတာက အညှော်မိသက်သာတယ်၊ ပြီးတော့ လူပင်ပန်းလည်း သက်သာသလို မီးဖိုဆောင်မှာလည်း သိပ်ပြီး ညစ်ပတ်တာမျိုး မဖြစ်စေဘူး။ ချက်ပြုတ်ပြီးရင်တော့ မိုက်ကရိုဝေ့ဖ်ကို သန့်ရှင်းရေး ပြန်လုပ်ရတာပေါ့လေ။ 
ငါးသလဲထိုးအိုးကပ်အတွက်ကတော့ ငရုတ်သီးရယ်၊ ကြက်သွန်ဖြူနီချင်းစပါးလင် ညက်အောင်ထောင်းပြီး ငါးကို ဆား၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့်နည်းနည်းရယ်၊ နနွင်းမှုန့်ရယ်၊ ထောင်းထားတဲ့ အဆာ ပလာရယ်နဲ့ ရောနယ်ပေးပါနော်။ ပြီးရင် ဇောက်သိပ်မနက်တဲ့ အ၀ကျယ် ဖန်ဇလုံကြီးကြီးတစ်ခုကိုယူ၊ ဆီလေးထည့်ပြီး နယ်ထားတဲ့ ငါးတွေကို အသာအယာ ညီညီညာညာလေး ဖြန့်ပြီး ထည့်ပေးပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင် အဲ့ဒီဖန်ဇလုံကို မိုက်ကရိုဝေ့ဖ်ထဲထည့်ပါ။ (ကျွန်မသုံးတဲ့ မိုက်ကရိုဝေ့ဖ်ရဲ့အားက 1100 W ပါရှင်။ ) ပြီးရင် ၁၀ မိနစ် အရင် အပူပေးလိုက်ပါ။ ၁ဝ မိနစ်ပြီးခဲ့အခါမှာ ငါးတွေကို ဟိုဘက်ဒီဘက် လှန်ပေးလိုက်ပြီး နောက်ထပ် ၅ မိနစ်ထပ်ပြီး အပူပေးလိုက်ပါ။ ကိုယ်ကြိုက်တဲ့ အကြွပ်အနေအထားရအောင် အပူချိန်ထပ်ပေးပါ။ ခပ်ပျော့ပျော့ကြိုက်ရင် အချိန်နည်းနည်းလျော့ပေးပါ။ ငါးနဲ့ ပါဝင်တဲ့အဆာပလာ အနည်းအများရယ်၊ ကိုယ်ပေးတဲ့အချိန်ရယ်မူတည်ပြီးတော့ ငါးကို ကြွပ်ကြွပ်လေး ဖြစ်ဖို့ ချိန်ညှိရုံပါပဲနော်။ အရမ်းလွယ်ကူလွန်းလို့ ခဏခဏ ငါးအိုးကပ် ချက်စားဖြစ်တယ်။
ငါးအိုးကပ်ထဲမှာ ကိုယ့်စိတ်ကြိုက်ဖြစ်စေမယ့် ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ နံနံပင် စတာတွေကိုလည်း ထည့်နိုင်ပါတယ်နော်။ 
နောက်ပိုင်းမှာ မိုက်ကရိုဝေ့ဖ်နဲ့ ဘာလချောင်ကြော်တာတွေ၊ အမဲသားမွကြော်တွေ ကြော်တာလေးတွေပါ မျှဝေပေးပါဦးမယ်နော်။ မောင်နှမများလည်း အဆင်ပြေမယ်ဆိုရင် မိုက်ကရိုဝေ့ဖ်နဲ့ ငါးအိုးကပ်လေး ချက်စားကြည့်ကြပါဦးလားနော်။




9 comments:

  1. ငါးသလဲထိုးအိုးကပ်ဟင်းလည်းကြိုက်တယ် ငါးဘဲဖြူ အိုးကပ်ဟင်းလည်းကြိုက်တယ်

    ပိုးပိုး

    ReplyDelete
  2. ရောက်နေပြီး ငါးသလဲထိုးအိုးကပ်လေးစားနေပါတယ်...
    အရမ်းကိုကြိုက်လို့ခွင့်မတောင်းပဲစားမိတာပါ။

    ReplyDelete
  3. ထမင်းပွဲရှေ့မှာ..ငါးဟင်းတခွက်.ချက်ထားတာတွေ့လို့..
    စားလိုက်တယ်..ကောင်းထာ

    ReplyDelete
  4. အစ်မ ရေ ညီမလည်း mircrowave နဲ့ ချက်တာတွေ အကုန်သဘောကျတယ် article တစ်ခုအနေနဲ့ သပ်သပ်ထားပေးပါလား... ပြီးတော့ တစ်ခုတောင်ဆိုချင်ပါတယ်...ညီမဆီမှာ ပုဇွန်ခြောက်တွေ အများကြီးရှိနေတာ ဘယ်လိုလုပ်စားရမလဲ မသိလို့ microwave နဲ့ ချက်စား၊ ကြော်စားလို့ ရမယ့်နည်းလေးရှိရင် တင်ပေးပါအုံးလို့ နော်......

    ReplyDelete
  5. I think we should re consider using Mircrowave, the Scientists found that it has side effects to human body. I would suggest to avoid using this much.

    ReplyDelete
  6. ပိုးပိုးရေ့ မမလုလည်း ငါးအိုးကပ်ဟင်းတွေ ကြိုက်တယ်။
    jasmine ရေ့  ခွင့်တောင်းစရာ မလိုပါဘူး စားပါနော်။
    Margret Joe စားသာစားပါ။ အားမနာနဲ့။
    ညီမလေးပြောသလို label သီးသန့်ထားပေးပါမယ်နော်။ ပုစွန်ခြောက်တွေလည်း ဟင်းဖြစ်အောင် တင်ပေးပါမယ်နော်။
    anonymous ပြောသလို ကျွန်မလည်း microwave ရဲ့ side effect တွေကို စဉ်းစားမိတယ်။ အလွန်အကျွံအသုံးပြုတာ မဟုတ်ဘဲ အရမ်းကို ညှော်တဲ့ဟင်းလျာတွေ ချက်ပြုတ်တဲ့အခါ အသုံးပြုတာပါနော်။ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်နော်။

    ReplyDelete
  7. microwave ရဲ့ ဆိုးကျိုးတွေအကြောင်းရေးထားတဲ့ မချောရဲ့ ပို့စ်လေးကို ဖတ်ကြည့်ပါအုံး မလုလုရှင့်။ အနောက်နိုင်ငံတွေမှာတော့ microwave ကို တော်တော်များများ သုံးတာမတွေ့မိဘူး။ လွန်ခဲ့တဲ့ ၆နှစ် ၇နှစ်တုန်းကတော့ ကျွန်မလဲ microwave တော်တော်သုံးတယ်။ နောက်ပိုင်းတော့ ဆိုးကျိုးရှိတယ်ဆို တာ သိလာရလို့ မသုံးတော့ဘူး။ မချောရဲ့ပို့စ်လေးကို ဖတ်လိုက်ရတော့မှ သေချာသိလာရလို့ မလုလုကိုလဲ ဖတ်ကြည့်စေချင်လို့ပါ။ http://www.missgreenlady.com/2010/12/blog-post_1079.html

    ReplyDelete
  8. မမလု ..ခုရော နေကောင်းပီလား
    မေ့ကို မှတ်မိလား??? facebook မသုံးတော့လို့ မတွေ့တာ ကြာပီ.. ငါးသလဲ အိုးကပ် စားချင်လိုက်တာ..ဒီမှာ ငါးပုဇွန်သေးသေးမရောင်းကြဘူး
    အိမ်မှာတော့ ပျင်းတာနဲ့ ကြက်သွန်တောင် microwave နဲ့ ကြော်တယ်..
    microwave သုံးလို့ လူတွေ ကျန်းမာရေးထိခိုက်တယ်ဆိုတာ သက်သေမရှိသေးပါဘူး.. အသီးအရွက်တွေ အသားငါးတွေထဲက vitamin တွေ ဘာတွေ ရော့သွားတာပဲ ရှိတာပါ.. နောက်တခုက Microwave နဲ့ ချက်တဲ့အခါ သေချာကျက်အောင် ကျက်ဖို့ သတိထားဖို့ပါပဲ
    သုတေသန စာတမ်းတွေထဲမှာ microwaveနဲ့ ချက်လို့ လူတွေ ရောဂါရတယ်ဆိုတာ မတွေ့သေးပါဘူး.. ဒီမှာ ရှာလို့ရပါတယ်
    http://www.ncbi.nlm.nih.gov/

    ReplyDelete
  9. Microwave side effect is well known, one easily think how intense radiations effect the Chromozones in meat and vegetables, even in water. One who do not believe can carry on using it.All modernised techniques have brought some bad things, the simple way of living is the best.

    ReplyDelete