Friday, February 12, 2010

ငရုတ်ဆော့စ်

မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ငရုတ်ဆော့စ်လို့ခေါ်တဲ့ ငရုတ်ဆီလုပ်နည်းကို ညီမလေး မေ က စီဘောက်စ်ကနေ တဆင့် မေးထားလို့ အလွယ်နည်းလေးကို မောင်နှမများအားလုံးအတွက် မျှဝေလိုက်ပါတယ်နော်။

ငရုတ်ဆီကိုတော့ စမူဆာ၊ ကော်ပြန့်လိပ်နဲ့တို့စားတာကအစ ၀က်သားဒုတ်ထိုး၊ ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ ထမင်းကြော်၊ ကြေးအိုး၊ အသုပ်စုံ စသဖြင့် အစားအစာ စုံမှာ မဖြစ်မနေ တွဲဖက်စားသုံးလေ့ရှိကြပါတယ်နော်။ ငရုတ်ဆီမပါရင် စားလို့မကောင်းတဲ့ အစားအစာတွေလည်း မနည်းလှပေဘူးကိုး။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ငရုတ်သီးအစပ် (ခပ်စပ်စပ်ကြိုက်တယ်ဆိုရင် လက်ဖ၀ါးနဲ့ နှစ်ဆုပ်စာ)၊ အရောင်လှစေဖို့ ငရုတ်သီး အပုပွတောင့် ၅ တောင့်၊ ခရမ်းချဉ်သီး ၁ ကီလို ဒါမှမဟုတ် ခရမ်းချဉ်သီးအနှစ် ၀ယ်လို့ရတယ်ဆိုရင် ခရမ်းချဉ်သီးအနှစ်ဗူး ၂ ဗူး၊ ပြီးတော့ ကြက်သွန်ဖြူ ၅ မွှာ၊ ကြက်သွန်နီ အရွယ်တော်လေး ၁ လုံး၊ ရှာလကာရည် ၅ လက်ဖက်စားဇွန်း(တချို့ရှာလကာရည်က အချဉ်ပေါ့တယ်ဆိုရင်တော့ ပိုထည့်နော်)၊ သကြားအနည်းငယ်နဲ့ ဆားအနည်းငယ်တို့ပါနော်။

ငရုတ်သီးက အရမ်းပူတတ်တာမို့ တကယ်တမ်း ကိုင်မယ်ဆိုရင်တော့ မြန်မာနည်းအရတော့ လက်အိပ်တွေ ဘာတွေ စွပ်မနေဘဲ လက်ကို ဆီလေး သုပ်ပြီးမှ ကိုင်တတ်ကြတာနော်။ လက်အရေပြား သိပ်ပါးရင်တော့ ပူမှာစိုးရသလို ငရုတ်သီးကိုင်ထားမိတဲ့ လက်နဲ့ ဟိုကိုင်ဒီကိုင်လုပ်မိမှာလည်း စိုးရသေးတယ်နော်။ ဒါကြောင့်မို့ တစ်ခါသုံး လက်အိပ်လေးပဲဖြစ်ဖြစ် စွပ်ပြီး ကိုင်ပေါ့နော်။

ပြီးရင် ငရုတ်သီးကို အညှာခြွေ၊ အစေ့ထုတ်ပစ်ပါ။ ခရမ်းသီးကိုလည်း ထက်ခြမ်းခြမ်းပြီး အစေ့တွေ ဖယ်ရှားပစ်ပါ။ ကြက်သွန်ဖြူ၊ နီတို့ကိုလည်း အခွံနွှာ ရေဆေးပေးပါ။

အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ငရုတ်သီး၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူနီတို့ကို ကြိတ်စက်ထဲ ထည့်ပြီး ကြိတ်ပေးပါနော်။ တော်တော်လေး ညက်အောင်ကြိတ်ပြီးပြီဆိုရင်တော့ ကြိတ်ပြီးသား အဆာပလာတွေထဲကို ရှာလကာရည်၊ ဆား၊ သကြား စတာတွေ အကုန်ရောပြီးတော့ အိုးတစ်လုံးထဲ ထည့်ပြီး မီးဖိုပေါ်မှာ မီးနွေးနွေးနဲ့ ဖြေးဖြေးချင်း ကျိုပေးပါနော်။ အချိန်ကတော့ ကြာပါလိမ့်မယ်နော်။ ဒါပေမယ့် မီးနွေးနွေးနဲ့ စိတ်ရှည်လက်ရှည် ကျိုပေးပါနော်။ ကျိုနေရင်းနဲ့ ငရုတ်သီးနဲ့ ခရမ်းချဉ်သီးနှစ်တွေ ဗွက်ဗွက်မြည်လာပါလိမ့်မယ်နော်။ အဲ့ဒီအချိန်ကျရင် အရသာကို မြည်းကြည့်ပြီးတော့ လိုချင်တဲ့အရသာလေး နည်းနည်းထပ်ဖြည့်ပေါ့နော်။ ပြီးရင်တော့ အအေးခံပြီး၊ ပုလင်းသန့်သန့်၊ ဗူးသန့်သန့်ထဲထည့်၊ စားချင်သလောက် ယူစား၊ ကျန်တာကို ရေခဲသေတ္တာထဲသာ ထည့်သိမ်းထားလိုက်ပေါ့နော်။ ဇွန်းသန့်သန့်နဲ့ ခပ်ပါနော်။ နောက်မဟုတ်ရင် မှိုတက်တာတွေ ဘာတွေ ဖြစ်ကုန်မှာ စိုးလို့ပါ။

ဒါကတော့ လက်ဝင်သလားတော့မပြောတတ်ဘူး။ ဒါပေမယ့် အရမ်းတော့ လက်မ၀င်လောက်ဘူးနော်။ ငရုတ်သီးကြောင့် လက်ပူလောင်မှာပဲ စိုးတာ။ အဆင်ပြေလောက်မယ်လို့ ထင်ပါတယ်နော်။ အိမ်မှာလုပ်တာဆိုတော့ ဗိုက်နာမှာလည်း မစိုးရတော့ဘူးပေါ့လေ။ စမ်းကြည့်ပါဦးနော်။ ဓာတ်ပုံတော့ မရှိလို့ မတင်လိုက်တော့ဘူးနော်။

အဆင်ပြေပါစေနော်။

7 comments:

  1. မလုရေ နည်းလေးပေးတာကျေးဇူးတင်ပါတယ်။
    ကြုံမှလုပ်ကြည့်ပါအုံးမယ်။

    ReplyDelete
  2. မလုရေ..လုပ်နည်းသိချင်နေတာကြာပြီ..ဒါပေမယ့် လုပ်ဖြစ်မှာတော့မဟုတ်ဘူးထင်တယ်..

    စူးနွယ်

    ReplyDelete
  3. ဖတ်ရင်းနဲ့ သရေ ကျလာပြီ။
    စူးနွယ် ပျောက်နေတယ်။

    မအယ်

    ReplyDelete
  4. မလု ကျေးဇူး ကျွန်တော် အဲဒီနည်း လိုချင်နေတာ အတော်ပဲ

    ReplyDelete
  5. မမရှင်လေ့း့  လုပ်ကြည့်လို့ ဖြစ်ရင် သံချောင်းခေါက်ဦးနော်။
    စူးနွယ်လေးရေ့  အလွယ်တကူ ၀ယ်လို့ရရင်တော့ ၀ယ်စားလိုက်တာ ပိုအဆင်ပြေပါတယ်။ လုပ်ရတာ နည်းနည်း လက်ဝင်တယ်လေ။
    မအယ်ရေ့  အလည်လာလို့ ကျေးဇူးပါနော်။
    ကိုဇိုဇိုလို အချက်အပြုတ်ကျွမ်းကျင်သူကြီးက အလည်လာတဲ့အတွက် ကျေးဇူးပါနော်။ ဒီနည်းလေးကတော့ အိမ်မှာလုပ်နေကျ နည်းလေးပါပဲ။ ၀က်သားဒုတ်ထိုး၊ ကြာဆံကြော်နဲ့စားရင် စားကောင်းတယ်။

    ReplyDelete
  6. မမရှင်လေ့း့  လုပ်ကြည့်လို့ ဖြစ်ရင် သံချောင်းခေါက်ဦးနော်။
    စူးနွယ်လေးရေ့  အလွယ်တကူ ၀ယ်လို့ရရင်တော့ ၀ယ်စားလိုက်တာ ပိုအဆင်ပြေပါတယ်။ လုပ်ရတာ နည်းနည်း လက်ဝင်တယ်လေ။
    မအယ်ရေ့  အလည်လာလို့ ကျေးဇူးပါနော်။
    ကိုဇိုဇိုလို အချက်အပြုတ်ကျွမ်းကျင်သူကြီးက အလည်လာတဲ့အတွက် ကျေးဇူးပါနော်။ ဒီနည်းလေးကတော့ အိမ်မှာလုပ်နေကျ နည်းလေးပါပဲ။ ၀က်သားဒုတ်ထိုး၊ ကြာဆံကြော်နဲ့စားရင် စားကောင်းတယ်။

    ReplyDelete
  7. မင်္ဂလာပါ..

    ငရုတ်ဆော့စ် ပြုလုပ်နည်းလေးကို ဖတ်ရှု့သွားပါတယ်။ ဆိုးဆေးတွေ ဒလဟော များလာနေတဲ့ အခုအချိန်အခါ နဲ့ဆိုတော့ ကိုယ်တိုင် ပြုလုပ်နည်းလေး လုပ်ခွင့်ရအောင် ဝေမျှတင်ပြပေးတာ သိရလို့ ကျေးဇူးပါလို့။

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete