Saturday, December 5, 2009

ပင်လယ်စာမလေးရှားခေါက်ဆွဲကြော်၊ ငါးဖယ်လုံးဟင်းချို




ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ရာသီဥတုကလည်း နည်းနည်း အေးလာတော့လေ ရာသီဥတုနဲ့ အညီ ချက်ပြုတ်စားသောက်နိုင်အောင် ဒီနေ့မှာတော့ ချစ်မောင်နှမများကို မလေးရှား ခေါက်ဆွဲကြော်နဲ့ ငါးဖယ်လုံး မုန်ညင်းဟင်းချိုလေး လုပ်ကျွေးပါရစေနော်။

မလေးရှား ခေါက်ဆွဲကြော်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ညှပ်ခေါက်ဆွဲဖတ်၊ ငါးဖယ်၊ ပုစွန်၊ ပြည်ကြီးငါး၊ ခရု၊ ငရုတ်သီးခွဲခြမ်းမှုန့်၊ ပဲပင်ပေါက်၊ တရုတ်နံနံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်ဥ၊ ဆီ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည် အပျစ်၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်၊ ဆီတို့ပါနော်။

ညှပ်ခေါက်ဆွဲဖတ်ကိုတော့ ကျွန်မ လွယ်လွယ်ကူကူပဲ ဈေးထဲက ဝယ်ပါတယ်။ ပြည်ပက မောင်နှမတွေ ကတော့ ဆန်စေးအရည်ဖျော်မှာတုန်းက ပြောထားတဲ့အတိုင်း ညှပ်ခေါက်ဆွဲဖတ်ကို ရှာဝယ်နိုင်သလို အဖွဲ့တောင့်ရင် ကိုယ်တိုင်လည်း လုပ်နိုင်ပါတယ်နော်။ ညှပ်ဖတ်လေး တွေကိုတော့ ဖွထားပေးပြီး အရသာဝင်အောင် ဆား၊ သကြား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည် အပျစ်အနည်းငယ်ဆီတို့နဲ့နယ်ပေးထားပါနော်။ ငါးဖယ်ကိုတော့ ရယ်ဒီမိတ် ငါးဆုပ်လုံးတွေကိုပဲ သုံးလို့ရပါတယ်နော်။ လုလုကတော့ ငါးဖယ်ကို ချင်း၊ ကြက်သွန်ဖြူ ကြိတ်ထားတာနဲ့ ရောနယ်ထားပါတယ်နော်။ ပြီးရင် ဆားအနည်းငယ်နဲ့ ဟင်းခတ်မှုန်အနည်းငယ် ထည့်ပြီး ငရုတ်ဆုံရှိရင် ထောင်းပါ။ ငရုတ်ဆုံ မရှိရင်တော့ ငါးဖယ်ကိုလင်ပန်းထဲထည့်ပြီး လက်သီးလုံးခန့် လုံးပြီး လင်ပန်းထဲ ပေါက်ပေးပါတယ်နော်။ ပေါက်တဲ့အကြိမ်အရေအတွက် များလာရင် ငါးဖယ်ကို ထောင်းထားသလိုပဲ မာလာပါလိမ့်မယ်နော်။ ပြီးတော့မှ အရွယ်တော် အလုံးလေးတွေ လုံးပေးထားပါနော်။ ပုစွန်ကိုတော့ ခေါင်းဖြုတ်၊ အခွံနွှာ၊ ကျောဘက်က နောက်ချေးကြောင်းထုတ်ပစ်ပြီး သန့်ရှင်းရေး လုပ်ထားပေးပါနော်။ ပြည်ကြီးငါးကိုတော့ ကိုယ်လုံးလေးတွေသပ်သပ်၊ လက်ချောင်းလေးတွေသပ်သပ်ရအောင် သန့်ရှင်းပေးထားပါနော်။ ခရုကိုတော့ အဆင်ပြေရင်ထည့်နိုင်သလို ၀ယ်မရဘူးဆိုရင်လည်း မထည့်လည်း ဘာမှ မဖြစ်ပါဘူးနော်။ ခရုအခွံထဲကနေ အသားကို ကလော်ပြီး ယူထားပေးပါ။ ပြီးရင် ပုစွန်၊ ပြည်ကြီးငါး၊ ငါးဖယ်လုံးနဲ့ ခရုတို့ကို ပဲငံပြာရည် အကြည်ရယ်၊ ဆားလေးနည်းနည်းရယ်၊ သကြားလေးရယ်နဲ့ နယ်ပေးထားပါနော်။

ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပါ။ တရုတ်နံနံကိုလည်း ရေဆေးပြီး တစ်လက်မ အရှည်လောက်လေးတွေ ဖြတ်ပေးထားပါနော်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို အခွံနွှာ ရေဆေးပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ပါ၊ ကြက်သွန်နီကိုတော့ လေးစိတ်ထိုးပေးထားပါနော်။ ကြက်ဥကို ဆားနည်းနည်းထည့်ပြီး သေချာခေါက်ပေးထားပါနော်။ ငရုတ်သီးခွဲခြမ်းကိုတော့ နည်းနည်းထပ်ပြီး ကြိတ်ပေးလိုက်ပါနော်။ ပြီးရင်တော့ ငရုတ်သီးကို ငရုတ်သီး တစ်ဆ+ရေနွေးပွက်ပွက်ဆူ ငါးဆအချိုးနဲ့ ရောဖျော်ပြီး ငရုတ်သီးအနှစ်ဖြစ်အောင် ပြုလုပ်ထားပါ။ (အစပ်ကိုတော့ ကိုယ်စားနိုင်လောက်မယ့် အနေအထားအလိုက်ထည့်ပေါ့နော်) အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီကျက်ပြီဆိုရင်တော့ ကြက်သွန်ဖြူနီ ဓားပြားရိုက်တာထည့်ပါ၊ ကြက်သွန်နွမ်းပြီး စိမ်းနံ့ပျောက်ပြီဆိုတာနဲ့ ပင်လယ်စာတွေကို ထည့်ပြီး ဆီသတ်လိုက်ပါနော်။ ပင်လယ်စာတွေက သိပ်ပြီး နူးညံ့တာမို့ တစ်မိနစ်လောက် မွှေပြီးတာနဲ့ ဘေးကပ်ထားလိုက်ပါနော်။ ပြီးရင် ပင်လယ်စာတွေကို ဘေးတစ်ဘက် ကပ်ထားလိုက်ပါနော်။ ပြီးရင် ပဲပင်ပေါက်လေးတွေကို ထည့်ပြီး မီးအားကောင်းကောင်းနဲ့ ကြော်ပေးပါနော်။ ပြီးရင် ဒယ်အိုးရဲ့ နံဘေးတစ်ဖက်ကို ကပ်ပေးထား ပါနော်။ ပြီးရင် ဆီအနည်းငယ်ထပ်ထည့်ပြီး ဆီပူအောင်တည်ပါနော်၊ ဆီပူလာပြီဆိုရင်တော့ ညှပ်ခေါက်ဆွဲဖတ်တွေ ထည့်ပြီး မီးအားအသင့်အတင့်နဲ့ ကြော်ပေးပါနော်။ ပြီးရင် ပဲငံပြာရည် အကြည်ရယ်၊ အပျစ်ရယ်၊ ငရုတ်သီးနှစ်ရယ်၊ ဟင်းခတ်မှုန့်ရယ်ကို ထည့်ပြီး ကြော်ပါနော်။ ပြီးရင်တော့ တရုတ်နံနံ တွေထည့်ပြီးကြော်၊ တစ်လက်စတည်းပဲ ခေါက်ထားတဲ့ ကြက်ဥတွေကို ထည့်ပြီး မီးအသင့်အတင့်နဲ့ ကြော်ပေးပြီး ဘေးမှာ ကပ်ထားတဲ့ ပင်လယ်စာတွေ အားလုံးနဲ့ ခေါက်ဆွဲဖတ်တွေနဲ့ သမအောင် ရောကြော်ပါနော်။ အဲ့ဒီအချိန်မှာတော့ မီးအားကို အမြင့်ဆုံး မြှင့်လိုက်ပြီး ကြော်ပေးပါနော်။ အပေါ့အငံအရသာကို မြည်းပြီး လိုအပ်တဲ့အရသာကို ထပ်ဖြည့်ပါနော်။ အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ပင်လယ်စာ မလေးရှားခေါက်ဆွဲကြော် ရပါပြီနော်။ စပ်တဲ့အရသာလေးပါတာမို့ အခုလို အေးတဲ့ရာသီမှာ စားဖို့ လိုက်ဖက်လှပါတယ်နော်။

အရည်သောက်အတွက် ကတော့ ငါးဖယ်လုံးတိုဟူးမုန်ညင်းဖြူ ဟင်းချိုလေး လုပ်ပေး ပါရစေနော်။ ငါးဖယ်လုံး လေးတွေက အပေါ်မှာ လုံးထားပြီးသား အသင့်ရှိပြီးသားပါနော်။ တိုဟူးကိုတော့ အတုံးလေးတွေ တုံးပေးထားပါ။ မုန်ညင်းဖြူကိုလည်း တစ်ဖတ်ချင်း ရေစင်အောင်ဆေးပြီး တစ်လက်မအရွယ်လေးတွေ ဖြတ်ထားပေးပါ။ အားလုံးအသင့်ဖြစ်ရင် အိုးတစ်လုံးထဲ ရေထည့်၊ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပြီး မီးဖိုပေါ်တင်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။ ဟင်းရည်အိုးဆူရင် ကြက်သွန်ဖြူ ဓားပြား ရိုက်ထည့်၊ ဆူအောင်ထပ်တည်၊ ပီးရင် ငါးဖယ်လုံးထည့်ပါ၊ ငါးဖယ်လုံးလေးတွေက ကျက်ပြီဆိုရင် ဟင်းချိုအိုးအပေါ်ကို တက်လာတာကိုတွေ့ရမယ်နော်။ ပြီးရင် တိုဟူးလေး တွေထည့်ပါ။ ပွက်ပွက်ဆူလာရင် မုန်ညင်းဖြူကိုထည့်ပြီး ဆူအောင် ထပ်တည်၊ အပေါ့အငံ အရသာကို မြည်းပါ။ အရသာ ကြိုက်ပြီဆိုရင်တော့ ငါးဖယ်လုံး တိုဟူး မုန်ဟင်းဖြူ ဟင်းချိုလေး ရပါပြီနော်။ ဒီတစ်ပတ်ပိတ်ရက်မှာ ကျွန်မရဲ့ မောင်နှမများ ပင်လယ်စာမလေးရှား ခေါက်ဆွဲကြော်ရယ် ငါးဖယ်လုံးတိုဟူး မုန်ညင်း ဟင်းချိုရယ်ကို မိသားစုများ၊ သူငယ်ချင်း မိတ်ဆွေများနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာ ချက်ပြုတ်သုံးဆောင်နိုင်ကြပါစေနော်။း)

11 comments:

  1. ဗိုက်ဆာနေတုန်း လာကြည့်ဖြစ်သွားတယ် မမလုရယ်

    ReplyDelete
  2.း) လာစားနိုင်မယ်ဆို ကျွေးပါတယ် စုစုဗူးဗူးရယ်။

    ReplyDelete
  3. မလုရေ..အလုပ်များနေတာလား.. အခုမှ ဟင်းချက်နည်းအသစ်တွေ့လို့.. ဓာတ်ပုံကြည့်ရတာ စားကောင်းမယ့်ပုံ.. ဒီမှာ ၀ယ်လို့ရတာနဲ့ ချက်စားကြည့်ဦးမယ်..:)

    ReplyDelete
  4. နုစံရေ့ 
    အဆင်ပြေရင် လုပ်စားကြည့်ပါဦးနော်။ လွယ်မြန်ကောင်းလေးပေါ့နော်။
    နုစံလည်း ကျန်းမာရေးဂရုစိုက်ပါနော်။ ရင်သွေးလေးနဲ့ ဆိုတော့ အစပ်အပူတွေ လျှော့စားနော် ညီမလေး။

    ReplyDelete
  5. ကျေးဇူးပဲ လုလုရေ ဒို့လုပ်စားဦးမယ်။ အရင်ကတော့ ကိုယ်စားဘူးတာလေးကို စိတ်မှန်းနဲ့ လုပ်စားတာပဲ။ လုလုလို စနစ်တကျနဲ့မဟုတ်ဘူး။ ပုဇွန်နဲ့ အသားတမျိုးမျိုးထဲ့ပြီး ငြုတ်သီးစိမ်းတောင့်နဲ့ကြော်တာ..
    ဒို့က ကြက်သွန်နီလဲ ထဲ့သေးတာ။ သိပ်စားမကောင်းဘူး..ခုမှ စနစ်တကျကောင်းကောင်းလေး
    ကြော်စားကြည့်ရမယ်။

    ReplyDelete
  6. မမရေ..အဆင့်တွေအများကြီးဘဲ..
    စားရဖို့မလွယ်ဘူး..ဟိဟိ
    မမချက်ကြွေးမှဘဲစားရမယ်..

    ReplyDelete
  7. ကျေးဇူးတင်ပါတယ် မလုရေ..လုပ်စားဖို့ အဆင်သင့်ပဲ။
    ဒီနေ့ တောင် ရှမ်းခေါက်ဆွဲလုပ်စားတယ်။
    ကောင်းမှကောင်း။

    ReplyDelete
  8. လုလုရေ
    စားလို.ကောင်းလိုက်တာ စိတ်မှန်းနဲ.ပေါ.
်ပဲူပူတ်ရှိလို. ထဲ.ေုက်ာလိုက်ရင်ူမိတ် ကပ်ကျေးကိုက်ူဖစ်ူပီပေါ.နော်
    အူမဲလာချောင်းတဲ.
ူမတ်လေးပန်း

    ReplyDelete
  9. လုပ်စားကြည့်ရမယ် Share ပေးတာကျေးဇူးတင်ပါတယ်။ Link လေးယူသွားလိုက်မယ်နော်။

    ReplyDelete
  10. စားလို့ သိပ်ကောင်းမဲ့ ပုံဘဲနော်... စိတ်ရှည်ရှည်နဲ့ ဟင်းချက်ချင်စိတ်ပေါက်တဲ့နေ့ရောက်ရင် ချက်စားမယ်....

    ReplyDelete
  11. အမဟင်းခတ်မှုန့်စိုတာဘာလည်းဟင်။ဘယ်လိုဝယ်ရမှာလည်း။ဘာနဲ့လုပ်ထားတာလည်းဟင်
    ချက်စားကြည်ချင်လို့ပါ။ကျေးဇူးတင်ပါတယ်။

    ReplyDelete