Sunday, July 12, 2009
ဝက်နံရိုးခေါက်ဆွဲနဲ့ မြင်းခွာရွက်သုပ်
အားလုံးသော ချစ်မောင်နှမများ မင်္ဂလာပါရှင်။
ထုံးစံအတိုင်း ကျွန်မရဲ့ ပျက်ကွက်မှုများကို မောင်နှမများ ခွင့်လွှတ်ပေးပါလို့ အရင်ဦးဆုံး တောင်းပန်ပါတယ်ရှင်။ အလုပ်များတာရော၊ ၀ါဆိုအလှူပွဲတွေ ဆက်တိုက်ကြုံနေရတာရော၊ ကွန်နက်ရှင်ရယ်၊ မီးရယ် အခက်အခဲတွေကြောင့် ပို့စ်အသစ်မတင်ဖြစ်ပါဘူး။ ပို့စ်မတင်လည်း ကျွန်မတို့ မီးဖိုဆောင်လေးကို အမြဲ အလည်အပတ်လာရောက်ကြတဲ့ မောင်နှမများအားလုံးတို့ ကျွန်မတို့ ၀ိုင်းတော်သားများအားလုံးက ကျေးဇူးအထူး တင်ရှိပါတယ်နော်။
ဒီနေ့တော့ မောင်နှမတွေကို ၀က်နံရိုးခေါက်ဆွဲပြုတ်လေး လုပ်ကျွေးပါဦးမယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ၀က်နံရိုး (၁) ပိဿာ၊ ခေါက်ဆွဲပြား (ကြိတ်ခေါက်ဆွဲ) (၅၀) ကျပ်သား၊ ချင်း၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ နှမ်းဆီမွှေးအနည်းငယ်၊ ဆား၊ သကြား၊ ပဲငံပြာရည်အကျဲ၊ ဟင်းခတ်မှုန့် အနည်းငယ်တို့ပါနော်။
ဝက်နံရိုးကို ရေနဲ့ သန့်စင်အောင်ဆေးကြောပြီး အရွယ်တော် အတုံးလေးတွေ ခုတ်ပါတယ်။ ခုတ်ပြီးသား ၀က်နံရိုးကို ဆား၊ သကြား၊ ပဲငံပြာရည်အကျဲ၊ ဟင်းခတ်မှုန့် အနည်းငယ်နဲ့ နယ်ထားပါတယ်။ ပြီးရင် ချင်းကို အခွံနွှာ၊ ရေဆေးပြီးချင်းကို ထောင်းပြီး အရည်ညှစ်ယူပါတယ်။ ရလာတဲ့ ချင်းရည်ကို ၀က်နံရိုးထဲ ထည့်နယ်ပါတယ်နော်။
ပြီးရင် ၀က်နံရိုးကို ပရက်ရှာကွက်ကာထဲ ထည့်၊ နှမ်းဆီမွှေးလေး ထမင်းစားဇွန်း တစ်ဇွန်းလောက် ထည့်၊ (ကြိုက်တတ်ရင် အဲ့ဒီအချိန်မှာ နာနတ်ပွင့်လေး ၂ ဖတ်၊ ၃ ဖတ်လောက်ထည့်နိုင်ပါတယ်။) ကြက်သွန်ဖြူကိုလည်း ဥတစ်လုံးမျိုးဆိုရင်တော့ အပေါ်က အခွံပွကို နွာပစ်၊ ရေဆေးပြီး အလုံးလိုက် ထည့်လို့ရပါတယ်နော်။ ဥတစ်လုံး မဟုတ်ရင်တော့လည်း အပေါ်ခွံနွှာ၊ အထဲပိုင်းကို ရေဆေးပြီး ထည့်၊ ပြီးတော့ အဖုံးအုပ်ပြီး အရင်တည်ပေးပါ။ အသားထဲက ထွက်မယ့် အရည်တွေနဲ့ အသားကို ကျစ်သွားရအောင်လို့ပါ။
ဟင်းအိုးဖျစ်ဖျစ်မြည်တဲ့အသံကြားပြီဆိုရင် ဟင်းအိုးထဲကို လက်ဘက်ရည်သောက် ပန်းကန်လုံး (၃) လုံး အရင်ထည့်၊ ပရက်ရှာကွက်ကာအဖုံးကို အံဝင်ခွင်ကျအောင် ပိတ်၊ အပေါ်က လေထွက်ပေါက်ကို ဖွင့်ထားပြီး (၁၅) မိနစ်လောက် တည်ပေးပါ။ ပြီးရင် မီးဖိုခဏပိတ်၊ အိုးကို ငါးမိနစ်လောက် အအေးခံပြီးမှ ဖွင့်လိုက်ပါ။ ပြီးရင် ဟင်းအိုးကို အထက်အောက် သမအောင် လှုပ်ပေး၊ ရေနွေးကို ကိုယ်လိုချင်သလောက် ထပ်ဖြည့်၊ အဖုံးအုပ်ပြီး နောက်ထပ် (၁၀) မိနစ်လောက် ထပ်တည်ပေးပါနော်။ အဲ့ဒီလောက်ဆို ၀က်နံရိုးလည်းနူးလောက်ပြီနော်။ အပေါ့အငံအရသာကို မြည်းပြီး လိုတဲ့အရသာ ထပ်ဖြည့်ပြီး ဟင်းအိုးကို မီးနွေးနွေးနဲ့ တည်ပေးထားလိုက်ပါနော်။
စားပွဲ ပြင်ဖို့အတွက် ပန်းကန်လုံးထဲမှာ ခေါက်ဆွဲဖတ် လိုသလောက်ထည့်၊ ပြီးရင် ၀က်နံရိုးပြုတ်ထည့်၊ ကြက်သွန်မြိတ်လေးထည့်၊ ငရုတ်ကောင်းမှုန့်လေးထည့်ပါနော်။ (ကြိုက်တတ်ရင် အဲ့ဒီခေါက်ဆွဲပြုတ်ထဲကို ပဲပင်ပေါက်၊ မုန်ညင်း စတဲ့ အသီးအရွက်တွေ ထည့်နိုင်ပါသေးတယ်နော်။) အဲ့ဒါဆိုရင်တော့ သုံးဆောင်ရန် အသင့်ဖြစ်တဲ့ ၀က်နံရိုးခေါက်ဆွဲပြုတ်လေး ရပါပြီနော်။
အအီပြေ စားသုံးဖို့အတွက် မြင်းခွာရွက်လေးအဆင်သင့်ရှိတာမို့ မြင်းခွာရွက်သုပ်လေး လုပ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ မြင်းခွာရွက်၊ ခရမ်းချဉ်သီးအနည်းငယ်၊ကြက်သွန်နီ၊ ကြက်သွန်နီဆီချက်၊ မန်ကျည်းသီးမှည့်၊ ပုစွန်ခြောက်မှုန့်၊ မြေပဲလှော်မှုန့်၊ ပဲမှုန့်၊ ငံပြာရည်၊ အချိုမှုန့်၊ ငရုတ်သီးစိမ်းတို့ပါနော်။
မြင်းခွာရွက်နဲ့ ခရမ်းချဉ်သီးကို သန့်စင်အောင် ရေဆေး၊ ရေစစ်ပေးထားပါ။ ပြီးရင် မြင်းခွာရွက်တွေကို ရိတ်ရိတ်ပါအောင် လှီးပါ။ ခရမ်းချဉ်သီးကိုလည်း မထူမပါးလှီးပါ။ ကြက်သွန်နီကိုလည်း အခွံနွှာ၊ ပါးပါးလှီးပြီးတော့ ရေစင်အောင်ဆေးပြီး ရေစစ်ပေးထားပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေး၊ အညှာချွေပြီး ပါးပါးလှီး ထားပါ။ မန်ကျည်းသီးမှည့်ကိုလည်း ရေနွေးနဲ့ စိမ်ထားပြီး အနှစ်ယူထားပါ။
ကျန်တဲ့ အဆာပလာများဖြစ်တဲ့ ကြက်သွန်နီဆီချက်၊ ပဲမှုန့်၊ မြေပဲလှော်မှုန့်၊ ပုစွန်ခြောက်မှုန့်တို့က အသင့်ရှိပြီးသားမို့ အဆင်ပြေပါတယ်နော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင် ဇလုံတစ်လုံးထဲကို လှီးထားတဲ့ မြင်းခွာရွက်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့ကိုထည့်၊ အဆာပလာတွေထည့်၊ မန်ကျည်းနှစ်ပါထည့်ပြီး အားလုံးသမအောင် နယ်ပေးပါ။ ၀က်နံရိုး ခေါက်ဆွဲပြုတ်နဲ့ စားမှာဆိုတော့ အရသာကို ခပ်ပြင်းပြင်းလေးနဲ့ အအီပြေအောင် ချဉ်ငံစပ်လေး သုပ်ပါတယ်။ ပြီးရင်တော့ အပေါ်ကနေ ကြက်သွန်ကြော်လေးဖြူးပါတယ်။
အဲ့ဒါဆိုရင်တော့ ပူပူနွေးနွေးနဲ့ အရသာရှိလှတဲ့ ၀က်နံရိုးခေါက်ဆွဲပြုတ်နဲ့ ချဉ်ငံစပ်အရသာလေးနဲ့ အအီပြေစေမယ့် မြင်းခွာရွက်သုပ်လေး ရပါပြီနော်။ ရှောက်သီးဝယ်လို့ အဆင်ပြေရင်လည်း ရှောက်သီးသုပ်လေး နဲ့ စားကြည့်ပါနော်။ စားမြိန်ပါလိမ့်မယ်နော်။
ကျွန်မချစ်သော မောင်နှမများအားလုံး အလုပ်နားရက်မှာ အဆင်ပြေရင် ဒီလိုဟင်းလျာလေးလည်း လုပ်စားကြည့်ပါဦးနော်။
သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် စေတနာမေတ္တာအပြည့်ဖြင့် ကိုယ်တိုင်ချက်ပြုတ် ထားသော အစားအစာများကို မိသားစု၊ သူငယ်ချင်းများနှင့်အတူ နွေးထွေးပျော်ရွှင်စွာ စားသောက်ရင်း ပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်ကြပါစေလို့ မေတ္တာရပ်ဝန်းမီးဖိုဆောင်မှ ကျွန်မတို့ ၀ိုင်းတော်သားများအားလုံးက ဆုမွန်ကောင်းများ ပို့သပါတယ်ရှင်။
11 comments:
  1. မလုလုရေ..
    မြင်းခွာရွက်သုတ်လာစားပါတယ်..
    ReplyDelete
  2. မရေးးးးးးးးးးးးးးးးး
    မြူးလေး ၂မျိုးလုံးလာစားတယ်နော်
    အရမ်းကြိုက်တယ်သိလား
    မမဘာချက်ချက်ကြိုက်တယ်သိလား
    ReplyDelete
  3. ၂မျိုးလုံးကြိုက်တယ် မမရေ။
    ReplyDelete
  4. မလုရေ ၀က်နံရိုးဝယ်ထားတာရှိတာနဲ့ အတော်ပဲ။
    ချက်စားလိုက်အုံးမယ်။
    ကျေးဇူးပါပဲ။ ၀ိုင်းတော်သားများကိုလည်း နှုတ်ဆက်ပေး ပါနော်။ yours Shinlay......
    ReplyDelete
  5. လုလုေ၇..အမြဲေ၇ာက်ဖြစ်ပေမဲ့ဒါပထမဆုံးကွန်မန့်ပေးခြင်းပါပို့စ်တွေအားလုံးအတွက်သိတ်ကိုကျေးဇူးတင်မိတာပါ
    ReplyDelete
  6. ဝက်နံရိုးစွတ်ပြုတ်တော့ အသေကြိုက်.......
    ခေါက်ဆွဲမထည့်ပဲ ဒီအတိုင်း ဝိုက်သွားတယ်ဗျို့.....
    မြင်းခွာရွက်သုတ်ဆို... လာထား မကုန်မှာ မပူနဲ့... :D
    အကြံရပြီ ဒီတခါ party လုပ်ရင် မလုရဲ့ ၀က်နံရိုးစွတ်ပြုတ်နဲ့ မိုးကောင်းသူရဲ့ ငါးကင် လုပ်ကျွေးမယ်။
    ReplyDelete
  7. ဟေးးး ပေါက်ကလေးရေ့ 
    လည်လည်လာလို့ ကျေးဇူး
    မမလု ဘာချက်ချက်ကြိုက်တယ်ဆိုတဲ့ မြူးလေး။ မြူးလေးချက်တာလည်း ကြိုက်တာပဲနော်
    စုဗူးလေးရေ့  တကယ်ကြိုက်လားဟင်။ ကြိုက်တယ်ဆို ချက်ရကျိုး နပ်တယ်နော်
    မမရှင်လေးရေ့  ချက်ပြီးရင် တစ်ပွဲ ကမ်းပါဦးနော်
    မလေးရေ့  ကော်မန့်ပေးသွားတော့ အရမ်းကို အားရှိတာပေါ့။ နောက်လည်း ထပ်ချက်ကျွေးဦးမယ်နော်
    ကိုပြတိုက်ကြီးေ၇့  ပါတီလုပ်ရင် လက်တို့ဦးနော်
    ReplyDelete
  8. မမလု
    ReplyDelete
  9. ညီမလေးမိုးကောင်းသူလေးရေ့ 
    စားချင်တာကို ပို့ပေးပါမယ်နော်။
    စိတ်ချ။ အခုလည်း ပါဆယ်ယူသွားနော်
    ReplyDelete
  10. မမလုရေ ၀က်နံရိုးချက်နည်းလေး လာမှတ်သားသွားပါတယ်။
    ဒီအိမ်လေးကို ဟိုအရင်ကတည်းကလာလည်နေကျ။
    နောက်လည်း အမြဲလာဖြစ်နေဦးမှာပါး)
    ReplyDelete
  11. အကုန်ကြိုက်လို့ချက်နည်းမှတ်သွားတယ်
    ReplyDelete