Friday, April 10, 2009

သာမညအလွမ်းပြေ ဟင်းလေးများ



အားလုံးသော မောင်နှမများမင်္ဂလာပါရှင်။ အင်တာနက်ကွန်နက်ရှင်က ပြုပြင်ဆဲကာလမို့ နှေးနေတုန်း ပါပဲနော်။ ဘလော့ဂ်လေးကို မမြင်ရတာလည်း ကြာသွားပြီ။ ၀ိုင်းတော်သားများရဲ့ ကျေးဇူးနဲ့ ဘယ်သူတွေ ဘာတွေလာအော်သွားတယ်ဆိုတာကိုတော့ သိနေရလို့ စိတ်ထဲ သက်တောင့်သက်သာဖြစ်မယ်လို့ထင်ပေမယ့် တကယ်တမ်း ကိုယ်တိုင်ကိုယ်ကျမြင်ချင်၊ ပြန်ပြောချင်ခဲ့မိတာတော့အမှန်ပါ။ ဒါပေမယ့်လည်း စိတ်ထဲကပဲ မြိုသိပ်ပြီးတော့ ကွန်နက်ရှင်ကောင်းမယ့်တစ်နေ့ကို စောင့်မျှော်နေမိကြောင်းပါ။

ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမတွေကို သတ်သတ်လွတ်ဟင်းလျာလေးတွေနဲ့ချက်ကျွေးပါရ စဦးနော်။ ကျွန်မ ၁ဝ တန်းစာမေးပွဲဖြေပြီးတော့ ကျွန်မတို့မောင်နှမတွေကို ကျိုက်ထီးရိုးနဲ့ သာမည ဘုရားဖူး ခရီးစဉ်ကို အိမ်က အကြီးတွေက လိုက်ပို့ပါတယ်။ ကျိုက်ထီးရိုး ကင်ပွန်းစခန်းတောင်ခြေမှာ အမဝမ်းကွဲတွေရှိလို့ အစားအသောက်ကိစ္စအဆင်ပြေခဲ့ပါတယ်။ ကျိုက်ထီးရိုးကအပြန် သာမညတောင်ကို ၀င်ပြီး ဆရာတော်ကို ဝင်ဖူး ရပါတယ်။

သာမညကိုလည်းရောက်ရော ဓာတ်စက်ကြီးကတဆင့် ဘုရားဖူးဧည့်သည်များကို ထမင်းဖိတ်ခေါ်ကျွေးမွေးနေ တာကို ကြားရပါတယ်။ တစ်ပန်းကန်တည်းစားရမှာမဟုတ်ဘူးတဲ့၊ ကြိုက်သလောက် အ၀စားတဲ့။ ဆရာတော် ဘုရားက ဒါနပြုတာတဲ့။ ကျွန်မလည်း ကျိုက်ထီးရိုးက အပြန်ဆိုတော့ ကလေးပီပီ မောနေပြီလေ။ ဗိုက်လည်း ဆာလှပြီ။ ထမင်းကျွေးတဲ့အဆောင်ကိုသွားတော့လေ ဘုရားဖူးပရိသတ်တွေက နည်းတာမဟုတ်ဘူး။ ကျွေးမွေးဖို့ အချက်အပြုတ် သန့်ရှင်းရေး အစစအရာရာ ကူညီပေးနေတဲ့အဖွဲ့ကလည်း အင်အားတောင့် လိုက်တာ၊ စိတ်စေတနာအပြည့်နဲ့လည်း ချက်နေလိုက်ကြတာ။ အားရစရာကြီ့း့ 

ထမင်းဝိုင်းကိုကြည့်လိုက်တော့လည်း ကျွန်အကြိုက် မျှစ်ချဉ်ဟင်း၊ ညိုညိုအတုံးလေးတွေက ဘာပါလိမ့် ဆိုပြီး မေးကြည့်တော့ ၀ဥတဲ့။ သာမညရောက်မှ ၀ဥကို စပြီးစားဖူးတာ။ ပြီးတော့ ခရမ်းချဉ်သီးငါးပိချက်ပုံစံမျိုး လေး။ သတ်သတ်လွတ်ဆိုတော့ ဘယ်လိုလေးများ ချက်ထားသလဲဆိုပြီးတော့ စူးစမ်းချင်မိတာ။ ပြီးတော့ ငှက်ပျောဖူးချက်လေးရယ်၊ တို့စရာက ရေသဖန်းသီးကို ဆားရည်စိမ်ထားတာ။

ထမင်းဟင်းတွေအားလုံးက အငွေ့တထောင်းထောင်း ထနေတာ၊ အနံ့တွေကလည်း မွှေးကြိုင်နေတော့ ကျွန်မကို စားပါတော့ စားပါတော့လို့ နှိုးဆော်နေသလိုပဲ့  ပြီးတော့ ဆာလောင်နေတဲ့ ၀မ်းဗိုက်က ပိုးမျိုး ၈၀ ကလည်း တကျုပ်ကျုပ်နဲ့ အသံပေးလာာသလို ခံတွင်းထဲမှာလည်း သွားရေယိုလာပါတော့တယ်။ အဲ့ဒါနဲ့ပဲ ထမင်းဝိုင်းမှာထိုင်ပြီး စားဖို့ပြင်လိုက်ပါတယ်။ စစချင်းမှာ ကြီးတော်ကို ဟင်းလေးတွေ အရင် ဦးချလိုက်ပါတယ်။ (ကိုယ်က အရင်ဦးဆုံးစားချင်တာကို ဟန်ဆောင်ပြီး လူကြီးကို အရိုအသေပေးသလိုနဲ့ အရင်ဦးချလိုက်တာ :P)

ပြီးတော့ ၀ဥတုံးလေးတွေကို စားချင်စိတ်စောနေတာမို့ မျှစ်ချဉ်ဟင်းပန်းကန်ကို စပြီး ကိုင်လိုက်ပြီး ၀ဥတုံးလေးရယ် မျှစ်ဖတ်လေးရယ် ဟင်းရည်လေးရယ် အားလုံးမျှအောင် ခပ်ပြီး ပန်းကန်ထဲ ထည့်လိုက်ပါတယ်။ မျှစ်ချဉ်ဟင်းပြီးတော့ ငါးပိချက်ပန်းကန်ကို လှမ်းပြီး ငါးပိချက်တစ်ဇွန်းခပ်ပြီး ထမင်းပန်းကန်ထဲထည့်၊ ပြီးတော့ ငှက်ပျောဖူးဟင်း တစ်ဇွန်းခပ်ပြီး ပန်းကန်ထဲထည့်၊ သဖန်းသီးချဉ်တို့ကို ထည့်ပြီး စားဖို့ပြင်ပါတယ်။ ၀ဥလေးကို ဒီအတိုင်းစားကြည့်လိုက်တော့ ထုတ်ထုတ်လေးတော့ ၀ါးရတာ ကောင်းလိုက်တာ။ အနံ့က မျှစ်ချဉ်နဲ့ ပဲပုပ်နံ့လေးနဲ့။ အရသာချဉ်ဖြုံးလေး၊ ပဲပုပ်ပါတော့လေ အနံ့ရော အရသာပါ ပိုပြီး ဆွဲဆောင်မှု ရှိသလိုလို၊ မော်လမြိုင်သူက တောင်ပေါ်ဒေသအစားအစာဖြစ်တဲူ့ ပဲပုပ်ရဲ့ အနံ့နဲ့အရသာကို စစချင်းစားဖူးတာလို့ပဲ ဆိုပါတော့။ ငါးပိချက်လေးနဲ့ ထမင်းလေးနဲ့ နယ်စားကြည့်လိုက်တော့ မြေပဲကိုထောင်းပြီး ခရမ်းချဉ်သီးနဲ့ ချက်ထားတာ သတ်သတ်လွတ်ငါးပိချက်ကလေး၊ ကောင်းမှကောင်း၊ ဆိမ့်ချဉ်ငံစပ်ကလေး၊ ပြီးတော့ ငှက်ပျောဖူး ဟင်းလေးကို စားကြည့်တော့ ငှက်ပျောဖူးကို ငါးပေါင်းထုပ်လို ချက်ထားတာ၊ ဒါပေမယ့် သတ်သတ်လွတ်လေး စပါးလင်နံ့လေးနဲ့ ကြက်သွန်နီဥအလုံးလိုက်လေးနဲ့၊ စားရတာ အနံ့ရော အရသာပါကောင်းလိုက်တာ။ ဒီတုန်းက စားကောင်းကောင်းနဲ့ စားလိုက်တာ သုံးပန်းကန်တောင်မှ၊ အဲ့ဒီလို အစားပုပ်တာ။

နောက်တစ်နေ့မနက် အိပ်ယာနိုးတော့ မျက်နှာလေးက ဖောင်းကားမို့အစ်နေတာပဲ။ အစားတွေ နင်းကန် စားထားတာကိုး။ သာမညက အပြန် လက်ဆောင်ကတော့ ၀ဥရယ်၊ ပဲပုပ်ချပ်ရယ်ပေါ့။ အိမ်ရောက်တော့လည်း ၀ဥကို သုပ်စားတာရော၊ မျှစ်ချဉ်နဲ့ချက်တာရော အစုံလုပ်စားဖြစ်တယ်။ အဲ့ဒီသာမညက အလွမ်းပြေအစားအစာများကို သတိရတဲ့အနေနဲ့ ချက်စားကြရအောင်နော်။

မျှစ်ချဉ်ဟင်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ မျှစ်ချဉ်၊ ၀ဥ၊ ပဲပုပ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအပုပွတောင့်၊ နနွင်းမှုန့်၊ ဆား၊ ဆီ၊ ပဲငံပြာရည်၊ ဟင်းခတ်မှုန့်အနည်းငယ်နဲ့ သကြားတို့ပါနော်။ မျှစ်ချဉ်ကို ပါးပါးရှည်ရှည်လေးတွေဖြစ်အောင် လှီးပြီး ရေစိမ်ထားပါ။ ၀ဥအတုံးလိုက်ကို ရေစင်အောင် ဆေးပြီးတော့ အံစာတုံးလို တစ်လက်မပတ်လည်အရွယ်လေးတွေ တုံးပေးပါ။ ပြီးရင် ၀ဥလေးတွေကို ဆား၊ သကြား၊ အချိုမှုန့်အနည်းငယ်တို့နဲ့ နယ်ပြီး ခဏနှပ်ထားပေးပါ။ ကြက်သွန်ဖြူနီတို့ကို အခွံနွှာထားပြီး ငရုတ်သီးအပု တောင့်နဲ့ထောင်းထားပေးပါနော်။ ငရုတ်သီးညက်တာနဲ့ ပဲပုပ်ချပ်တွေကို ထည့်ပြီး ထောင်းပေးပါ။ ပဲပုပ်ညက်ပြီဆိုရင် ကြက်သွန်တွေထည့်ထောင်းပေးပါ။

မျှစ်ချဉ်ကို ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်တို့နဲ့နယ်ပြီးတော့ မျှစ်ချဉ်ရေမြုပ်တဲ့အထိ ရေထည့်ပြီး ပွက်ပွက်ဆူ အောင် တည်ထားပေးပါနော်။ အဲ့ဒီတော့မှ မျှစ်ချဉ်လည်း ပွလာပြီး အချဉ်ဓါတ်တွေလည်း ထွက်လာတယ်လေ။ ဒီဘက်မှာ မီးဖိုပေါ် ဒယ်အိုးတစ်လုံးတင်၊ ဒယ်အိုးထဲကို ဆီနည်းနည်းလေးထည့်ပြီး ၀ဥတွေကို ထည့်ပြီး မီးနွေးနွေးနဲ့ အကြာကြီး မွှေပေးပါ။ ၀ဥထဲက ရေတွေထွက်သွားစေတဲ့အပြင် ခပ်တင်းတင်းလေးဖြစ်သွားတော့ ပိုစားကောင်းတာပေါ့နော်။ ပြီးရင် ၀ဥတွေကို ဒယ်အိုးဘေးနားကပ်ထားပြီး ထောင်းထားတဲ့ ငရုတ်သီး ကြက်သွန်တွေကိုထည့်ပြီး ဆီသတ်ပါ။ ဆီသတ်နံ့မွှေးလာပြီဆိုရင်တော့ ၀ဥတွေနဲ့ရောပြီး ဆီသတ်ပါ။ ဆီသတ်တာ နှံ့သွားပြီဆိုရင်တော့ မျှစ်ချဉ်အိုးထဲကို ဆီသတ်ထားတာတွေ လောင်းထည့်ပေးပါ။ ပြီးရင်တော့ မီးအသင့်အတင့်နဲ့ မျှစ်ချဉ်ဟင်းကို တည်ပေးထားပါ။ ပွက်ပွက်ဆူလာရင်တော့ အပေါ့အငံအရသာကိုမြည်းပြီး လိုတဲ့အရသာဖြည့်ပြီး ဟင်းအိုးချလိုက်လို့ရပါတယ်နော်။ ကျွန်မတို့အိမ်မှာတော့ မျှစ်ချဉ်ဟင်းချက်တဲ့အခါတိုင်း တစ်ညသိပ် မီးနွေးနွေးနဲ့တည်ထားပြီးမှ စားလေ့ရှိပါတယ်။ မျှစ်ချဉ်ဟင်းက သတ်သတ်လွတ်ဆိုပေမယ့် ပဲပုပ်နံ့လေးသင်းသင်းလေးနဲ့မို့ အရမ်းအရသာရှိပါတယ်နော်။

မြေပဲငါးပိချက်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ မြေပဲဆန်အစိမ်း၊ ခရမ်းချဉ်သီး၊ ပဲငံပြာရည်၊ ငရုတ် သီးအပုပွတောင့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆီ၊ နနွင်းမှုန့်၊ ဆား၊ အချိုမှုန့်အနည်းငယ်တို့ပါနော်။ မြေပဲဆန်အစိမ်းကို အခွာနွှာပြီး မညက်တညက်လေးဖြစ်အောင် ထောင်းပေးပါ။ ငရုတ်ဆုံမရှိလည်း ကြိတ်လို့ရပါတယ်နော်။ ပြီးတော့ ခရမ်းချဉ်သီးတွေကို ရေစင်အောင်ဆေး၊ ရေစစ်ထားပြီးတော့ ခရမ်းချဉ်သီး တွေကို ခပ်ပါးပါးလှီးလိုက်ပါတယ်။ ငရုတ်သီးအခြောက်တောင့်ကိုလည်း အစေ့ထုတ် ရေစိမ်ပြီး ညက်အောင် ထောင်းပါတယ်။ ပြီးတော့မှ ကြက်သွန်ဖြူနီကို အခွံနွှာပြီး ထည့်ထောင်းပါတယ်။ ငရုတ်သီးစိမ်းလေးတွေကိုလည်း ရေဆေးပြီး ထက်ခြမ်းခြမ်းထားလိုက်ပါတယ်။

အားလုံးအသင့်ဖြစ်ပြီဆိုတော့မှ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီလေးထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေး နည်းနည်းခပ်၊ ပြီးတော့မှ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေကို ထည့်ပြီး ဆီသတ်ပေးပါ။ ဆီသတ်နံ့မွှေးလာပြီဆိုတာနဲ့ တပြိုင်နက် ထောင်းထားတဲ့မြေပဲတွေကိုထည့်ပြီး ဆီသတ်ပေးပါ။ အဲ့ဒီအချိန်မှာ ဆားအနည်းငယ်၊ ပဲငံပြာရည်နဲ့ အချိုမှုန့်တို့ကိုလည်း ထည့်ပေးပါ။ ပြီးရင် မြေပဲတွေကို ဒယ်အိုးရဲ့ တစ်ဖက်နားကို ကပ်ထားပြီး ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးတွေကို ထည့်ပြီး မွှေပေးပါ။ ပြီးတော့မှ ခရမ်းချဉ်သီးနဲ့ မြေပဲကို ရောပြီး နောက်ထပ်မွှေပေးပါနော်။ ပြီးရင်တော့ ခရမ်းချဉ်သီးလည်း နူးသွားရအောင် အဖုံးအုပ်ထားပေးပါ။ ငါးမိနစ်လောက်ကြာရင် အဖုံးဖွင့်ပြီး ဟင်းအိုးမကပ်ရအောင်နဲ့ အထက်အောက် သမသွားအောင် တစ်ခါမွှေပြီး မီးဖိုကို မီးလျော့ပြီး ဒယ်အိုးအဖုံးအုပ်ပြီး နောက်ထပ် ငါးမိနစ်လောက် ထပ်တည်ပေးပါနော်။ ပြီးရင်တော့ ဆီအပြန် ရေအကျန်ကိုတော့ ကိုယ်နှစ်သက်သလောက်ထား၊ ငရုတ်သီးစိမ်းလေးအုပ်၊ အပေါ့အငံမြည်းပြီး ဟင်းအိုးချ လိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ မြေပဲခရမ်းချဉ်သီးချက်ဟင်း တစ်ခွက်ရပါပြီ။

ငှက်ပျောဖူးနှပ်ချက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ငှက်ပျောဖူး (၂)ဖူး၊ ကြက်သွန်ဖြူ ၅ မွှာ၊ ကြက်သွန်နီ (၁၀) လုံး၊ စပါးလင် (၃)ပင်၊ ဆန်မှုန့် ထမင်းစားဇွန်း (၂) ဇွန်း၊ ကော်မှုန့်ထမင်းစားဇွန်း (၁) ဇွန်း၊ နနွင်းမှုန့်အနည်းငယ်၊ မန်ကျည်းသီးမှည့်အနည်းငယ်၊ ဆီ၊ ပဲငံပြာရည်၊ ဆားနဲ့ ဟင်းခတ်မှုန့်အနည်းငယ် တို့ပါနော်။

ငှက်ပျောဖူးကို အပေါ်က အရင့်ပိုင်းတွေ နွှာပစ်ပြီး အတွင်းက အဖူးအနုပိုင်းလေးကို ပါးပါးလှီးပြီး မန်ကျည်းသီးထည့်ဖျော်ထားတဲ့ ရေထဲမှာ စိမ်ပေးပါ (အဲ့ဒီလို စိမ်လိုက်ခြင်းအားဖြင့် ငှက်ပျောဖူး မဲမသွားစေတဲ့ အပြင် ငှက်ပျောဖူးမှာရှိတဲ့ အစေးတွေလည်း သက်သာသွားစေပါတယ်)။ ကြက်သွန်ဖြူ၊ နီတို့ကို အခွံနွှာ၊ ရေဆေးပေးထားပါ။ စပါးလင်ကို အပြင်က အခွံကြမ်းတွေဖယ်ပစ်၊ အတွင်းက အနုပိုင်းလေးတွေကို ခပ်ပါးပါးလှီး ပေးထားပါ။ ကြက်သွန်နီထဲက အရွယ်တော်အလုံး နှစ်လုံးလောက်ကို ခပ်ပါးပါးလှီးပေးထားပြီး ကျန်တဲ့ အလုံးသေးလေးတွေကို ဒီအတိုင်း သပ်သပ်ဖယ်ထားပါ။ ပြီးရင် ငရုတ်ဆုံထဲကို စပါးလင်ထည့်ပြီး ထောင်းပေးပါ၊ စပါးလင်ညက်ပြီဆိုရင်တော့ ကြက်သွန်ဖြူထည့်ထောင်းပါ၊ ပြီးရင်တော့ ကြက်သွန်နီထည့်ထောင်းပေးပါ။ ပြီးတော့မှ ငှက်ပျောဖူးတွေကို ရေထဲကနေဆယ်ယူပြီး ရေစင်အောင် စကာထဲထည့်ပြီး ရေစစ်ပေးထားပါ။

ပြီးရင် အိုးတစ်လုံးယူ၊ အိုးထဲကို ငှက်ပျောဖူး၊ ထောင်းထားတဲ့ စပါးလင်ကြက်သွန်၊ ဆန်မှုန့်၊ကော်မှုန့်၊ နနွင်းမှုန့်၊ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်၊ ဆီ၊ ကြက်သွန်နီအလုံးလိုက်တို့ကိုထည့်ပြီး အားလုံး သမအောင် နယ်ပေးပါ။ ပြီးတော့မှ မီးဖိုပေါ် အဲ့ဒီအိုးကိုတင်ပြီး မီးအသင့်အတင့်နဲ့ တည်ပေးပါ။ ပထမတစ်ကြိမ် ဟင်းအိုးဖျစ်ဖျစ်မည်လာ ပြီဆိုရင်တော့ အဖုံးဖွင့်ပြီး ဟင်းတွေကို သမအောင် အထက်အောက် မွှေပေးပါ။ ပြီးရင် ရေလေးနည်းနည်း ထပ်ထည့်၊ မီးလျှော့ပြီး ရေခမ်းပြီး ဆီပြန်တဲ့အထိ တည်ပေးပါနော်။ ဆီပြန်ခါနီးကျရင် ဟင်းကို အပေါ့အငန်အရသာမြည်း၊ လိုတာထပ်ဖြည့်ပြီး ချလို့ရပါပြီနော်။ အဲ့ဒါဆိုရင်တော့ ငှက်ပျောဖူးနှပ်လေးရပါပြီနော်။

ငယ်ငယ်တုန်းက သာမညသွားတုန်းက ခရီးစဉ်အကြောင်း ပြောကြရင်း အမှတ်တရအနေနဲ့ ချက်စားဖြစ်ခဲ့တာလေးတွေပါနော်။ သင်္ကြန်အခါတွင်းမှာ သတ်သတ်လွတ်စားချင်တဲ့ မောင်နှမများအတွက် လည်း အဆင်ပြေနိုင်မယ် လို့ မျှော်လင့်ပါတယ်နော်။

12 comments:

  1. မြူးသျှရီApril 10, 2009 at 8:32 AM

    မမလုရေ...........
    အရင်ဆုံးချောင်းပြီးလာစားပါတယ်

    ReplyDelete
  2. မမလု
    ဒုတိယဆိုတော့ ကျန်ပါသေးတယ်လေ။ နှစ်မျိုးစလုံး ကြိုက်တယ်။ ဒီမှာ ၀ဥတော့ရှိဘူး။

    ReplyDelete
  3. သာမညတော့ မရောက်ဖူးဘူးဗျ.. အဲလို ဟင်းမျိုးလေးတွေတော့ စားချင်တယ်ဗျာ။

    ReplyDelete
  4. မလုရေ မြေပဲငပိချက် အတွက်ကျေးဇူးပါပဲ။ ငှက်ပြောဖူး နဲ့ ဝဥ၊မျှစ်ချဉ်ဟင်းတော့ ရန်ကုန်ရောက်မှပဲလုပ် စား တော့မယ်။

    ReplyDelete
  5. ကျေးဇူးတင်လိုက်တာ....သက်သတ်လွတ် ဆွမ်းကပ်စရာ ရှိနေတာနဲ့ ကွက်တိပဲ။ ကပ်ပြီးတဲ့အခါ ကုသိုလ်တွေ မျှလိုက်မယ်နော်။ ၀ဥ ဆိုတာ ဘာလဲ မသိဘူး။ ဒီက ထိုင်းဆိုင်မှာ ၀ယ်လို့ ရမယ် ထင်တယ်။ ငှက်ပျောဖူးတွေ သူတို့ဆိုင်မှာ တွေ့တွေ့နေတာ ဘယ်လို ချက်ရမှန်း မသိလို့။ ခု သိသွားပြီပေါ့း)

    ReplyDelete
  6. ဟုတ်တယ်နော်

    သာမညမှာ မန်မန်စားတာ အရမ်းစားကောင်းတယ်။ ကျွန်မက ပထမတော့မစားဘူး။ တင်းထားတာ။

    နောက်မှာ အားလုံးက မီးလေးရေ အရမ်းစားကောင်းတယ် နောင်တမရကြေးဆိုလို့ ဝင်ဆွဲလိုက်တာ အလာ ကောင်းမှကောင်းဘဲ။ တစ်သက်မမေ့ဘူး အဲဒါအရသာကို။

    ခုလဲအမလုလုချက်ထားတာကို လာဆွဲတာ။အဟဲ

    ReplyDelete
  7. ဆလိုင်းရောဘတ်April 27, 2009 at 2:21 AM

    မလုရေ သတ်သတ်လွတ်ဟင်းဆိုပြီး ဘာဖြစ် လို့ ငံပြာရည်တွေ ထည့်ချက်တာလဲ။

    ReplyDelete
  8. ဆလိုင်းရောဘတ်ရေ့ 
    ပဲငံပြာရည်က သတ်သတ်လွတ်ပါတယ်နော်။
    သတ်သတ်လွတ်ဟင်းချက်တဲ့အခါ ပဲငံပြာရည်ကို ထည့်သုံးလို့ရပါတယ်နော်။

    ReplyDelete
    Replies
    1. ဟင်ငံပြာရည်ကဘယ်လိုလုပ်ပြီး သတ်သတ်လွတ်မှာလဲငါးတွေကရတာလေ ဟုတ်ဘူးလား

      Delete
    2. ပဲငံပြာရည်လို့ ခေါ်တာက Soy Sauce ပါ။ ပဲပုပ်ကနေ ထုတ်တာပါနော်။ သတ်သတ်လွတ်ပါတယ်ရှင်။

      Delete
  9. ဖတ်ထုတ်ကို သတ်သတ်လွတ်လုပ်စားချင်လို့ ပြောပြပါလား... တစ်ခြားလွယ်လွယ်ကူကူနဲ့မြန်မြန်လေး စားလို့ရမယ့် သတ်သတ်လွတ်ဟင်းလျာလေးတွေရှိရင်တင်ပေးပါအုံးနော်

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ ဖက်ထုပ်သတ်သတ်လွတ်လုပ်နည်းလေးလည်း ရေးပေးပါမယ့့် သတ်သတ်လွတ် ဟင်းလျာတွေကိုလည်း တင်ပေးပါမယ်နော့့် 
      အခုတလော အလုပ်ပိနေလို့ပါနော်

      Delete