Thursday, March 19, 2009

ရာသီပေါ်သီးနှံများနဲ့ ကျွန်မတို့ မိသားစု

အားလုံးသော ချစ်မောင်နှမများ မင်္ဂလာပါနော်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ရာသီပေါ်သီးနှံ တွေကို တစ်နှစ်ပတ်လုံးစားနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာလေးကို မျှဝေပေးပါမယ်နော်။ ဒီပို့စ်လေးက ကျွန်မတို့ မိသားစုရဲ့ (အထူးသဖြင့် ကျွန်မရဲ့အဘွားနှစ်ယောက်၊ ကြီးတော်များနဲ့ ကျွန်မရဲ့အမေ) တို့ရဲ့ စိတ်ကူးစိတ်သန်းကောင်းပုံလေးတွေ၊ စည်းကမ်းကောင်းပုံလေးတွေကို မျှဝေတာလည်း ဖြစ်ပါတယ်နော်။
ကျွန်မတို့ မိသားစုမှာ ရာသီအလိုက် ပေါပေါများများ ၀ယ်ယူရရှိနိုင်တဲ့ ဆီးသီး၊ မရမ်းသီး၊ မန်ကျည်းသီး၊ သရက်သီး၊ ရှောက်သီး၊ သံပုရာသီး၊ ငရုတ်သီး၊ မုန်လာဥ၊ မှို၊ သစ်တိုသီး စတာတွေကို တစ်နှစ်ပတ်လုံးစားနိုင် အောင် လုပ်နည်းလေးပါနော်။ ကျွန်မတို့ အိမ်မှာ ရာသီအလိုက် ထွက်တဲ့ သီးနှံတွေကို အမြဲမပြတ် စားနိုင်အောင် လို့ အခြောက်လှန်း သင့်တာကိုလှန်း၊ ယိုလုပ်ပြီးသိမ်းထားသိမ်း၊ ဆားရည်စိမ်သင့်တာ ဆားရည်စိမ် အမျိုးမျိုး လုပ်ထားတတ်ပါတယ်။

ဆီးသီး
ဆီးသီးက ကျွန်မတို့ အိမ်မှာ အပင်မရှိဘူးနော်။ ဆီးသီး (အချဉ်သီး) ကို ဈေးကနေ ၀ယ်လာပြီးရင် ရေစင်အောင်ဆေး၊ ငံပြာရည် ငရုတ်သီးမှုန့်နဲ့နယ်၊ နံနံပင်လေးအုပ်ပြီး စားတတ်ကြသလို ဆီးသီးကို ဆား၊ ငရုတ်သီးအရောင်မှုန့်၊ ဆေးသကြားတို့နဲ့လည်း စားကြပါသေးတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက ကျွန်မတို့ရဲ့ အကြီးအေးက ဆီးသီးပေါ်ချိန်တိုင်း ဆီးသီးတွေကို ရေဆေး၊ တစ်နေလှန်းပြီးတော့ ညဘက်က ထန်းလျက်နဲ့ ညောင်စေးကျအောင် ထိုးထားတဲ့ ဆီးယိုလေးကို ပုလင်းလေးထဲ ထည့်ပြီး အကြာကြီး ထားစားလို့ရအောင် လုပ်ကျွေးပါတယ်။ ဒါတင်မကသေးဘူးနော်။ ကျွန်မတို့ မော်လမြိုင်ဘက်က ဆီးသီးခြောက်ကို ငါးမီးအုံးလေးက အသားလေးတွေ ဖဲ့ပြီးထည့်၊ လက်ပံခြောက်လေးတွေနဲ့ ဆီးသီးဟင်းချို ချက်စားတတ်ကြပါသေးတယ်နော်။ ကျွန်မအဘွားချက်တဲ့ ဆီးသီးဟင်းချိုကတော့ ကျွန်မတို့ မောင်နှမတွေ အရမ်းကြိုက်။ အခုအချိန်ထိ ဆီးသီးပေါ်ချိန်ဆိုရင် ကျွန်မတို့အိမ်မှာ ဆီးသီးတွေဝယ်၊ ရေဆေး၊ အလုံးလှတာလေးတွေကို ဆီးယိုထိုးဖို့ ခွဲထားသလို၊ သိပ်မလှတဲ့ အလုံးလေးတွေကိုတော့ ဆီးသီးခြောက်လှန်းပြီး နှစ်ပေါက်အောင် သိမ်းထားကြပါတယ်။
မရမ်းသီးမော်လမြိုင်ဘက်က မန်ကျည်းသီးအစား မရမ်းသီးကို အချဉ်အဖြစ် သုံးတာများပါတယ်။ မရမ်းသီးတွေ အစေ့မယှက်ခင်မှာတော့ မရမ်းသီးကို ဆားရည်စိမ်ပြီး နှစ်ပတ်လည်ထားလို့ရအောင် လုပ်ပါတယ်နော်။ နောက်ပြီး မရမ်းသီးပေါ်ချိန်မှာ အခက်အခဲမရှိပေမယ့် မရမ်းသီး ရှားတဲ့အခါမှာ အချဉ်ဟင်းချက်စားလို့ရအောင် မရမ်းသီးကို ရေဆေး၊ ထက်ခြမ်းခွဲ၊ အစေ့ထုတ်၊ ဆားနယ်ပြီးနေပူလှန် အိုးသိပ် လုပ်ရပါတယ်။ အဲ့ဒီလို အိုးသိပ်ထားတဲ့ မရမ်းပြားကို ဟင်းချက်တဲ့အခါမှာ ထည့်သုံးရုံတင်မကပါဘူး၊ ငပိထောင်းထောင်းတဲ့အခါမှာလည်း ထည့်သုံးတတ်သလို ရင်တွေတုန်ပြီး မူးမောနေတဲ့အချိန်မှာ အဲ့ဒီမရမ်းပြားကို သကြားလေးနဲ့ ရောနယ်ပြီး စားပေးရင် အမူးအမော သက်သာစေပါတယ်နော်။ ကျွန်မအိမ်မှာ မူးလိုက်တာဆိုပြီး ကျွန်မအကိုကို ညာပြီး ပြောရင် အစ်ကိုက အေ့း့  နေဦ့း့  ငါ မရမ်းပြားနဲ့ သကြားနဲ့ လုပ်ပေးမယ်ဆိုပြီး လုပ်ပေးတာ့  ကျွန်မက အဲ့ဒီလို ညာပြီးစားနေကျ :D နောက်ပြီး မရမ်းပြားကို ထက်ခြမ်းခွဲ၊ အစေ့ထုတ်ပြီး ထုံးရေကြည်နဲ့ ညသိပ်စိမ်၊ မနက်ကျမှ ဆယ်ယူပြီး သကြားရည်နဲ့ ညောင်စေးကျအောင် ကျို၊ ပြီးရင် နောက်တစ်ရက် နေပူလှန်း၊ နောက်နေ့ကျ တစ်ခါ သကြးရည်နဲ့ ပြန်ကျို၊ အဲ့ဒီလို သုံးလေးခါ လုပ်ပြီး မရမ်းသီး အကျွတ်ယိုလည်း လုပ်ပြီး နှစ်ပေါက်အောင် ထားစားတာလည်း လုပ်သေးတယ်နော်။ ပြောရင်း စားချင်လိုက်တာနော်။
မန်ကျည်းသီး
မန်ကျည်းသီးအသစ်ပေါ်ချိန်မှာဆို မန်ကျည်းသီးက အရောင်မမဲဘဲ အညိုဖျော့ရောင်လေးနော်။ သူကလည်း အချိုသီးနဲ့ အချဉ်သီးရှိတာမို့ အသုပ်သုပ်စားဖို့အတွက် အချဉ်သီးကို ၀ယ်ပြီး မန်ကျည်းဖျော်ရည် အတွက် အချိုသီးကို ၀ယ်တယ်နော်။ အဲ့ဒီအခါကျရင်လည်း မန်ကျည်းသီးတွေကို အစေ့ထုတ်ပြီး လက်သီးဆုပ်လောက် အလုံးလေးတွေလုံးလုံးပြီး နေပူလှန်း၊ စဥ့်အိုးလေးတွေထဲ အချိုသီးနဲ့ အချဉ်သီးခွဲထည့်ပြီး သိပ်ထားပေတော့ပဲ။
သရက်သီး
သရက်သီးကိုကျတော့ သင်္ကြန်လက်ဆေးမိုး ရွာတဲ့အခါ လေနဲ့အတူ ကြွေကျသွားတဲ့ သရက်သီးတွေကို ကောက်ပြီး မကွဲသွားတာလေးတွေဆိုရင် ရေစိမ်ထား၊ နေ့စဉ် ရေအသစ်လဲပြီး တစ်ပတ်လောက်ကျတော့မှ ဆားရည်စိမ်ပြီး နှစ်ပေါက်အောင် ထားတာပဲ။ ကွဲသွားတာလေးတွေဆိုရင်တော့ ထက်ခြမ်းခွဲ၊ ပြီးတော့မှ နှစ်ပိုင်းထပ်ပိုင်းပြီး နေပူလှန်း၊ ခြောက်သွားပြီဆိုရင် ဒီအတိုင်းသိမ်းထားသင့်တာကို သိမ်းထား၊ တချို့ကိုတော့ သရက်သီးသနပ်လုပ်ပြီး ပုလင်းနဲ့ သိပ်ထား၊ ပြီးရင် အိမ်နဲ့ဝေးဝေးနေရတဲ့သူတွေ ဆီကို လက်ဆောင်ပေးပို့တော့တာပါပဲ။ ဒါမှမဟုတ်ရင်လည်း ကွဲသွားတဲ့ သရက်လေးတွေကို ခပ်ပါးပါးလှီး ၂ နေလောက်လှန်းပြီး ထန်းလျက်နဲ့ သရက်ယိုထိုး။ သိပ်ကောင်း။ သရက်သီးအမှည့်တွေ မိုးဦးမကျခင် ကျွေပြီဆိုရင်တော့ ကွဲသွားတဲ့ သရက်သီးတွေကို အခွံနွှာပြီး အနှစ်တွေကို ဇလုံတစ်လုံးထဲ တိုက်ချ၊ ပြီးရင် ထန်းလျက်နည်းနည်းနဲ့ သရက်သီးအနှစ်တွေကို ယိုထိုး၊ ယိုခပ်ပျော့ပျော့ဖြစ်နေတဲ့အချိန်မှာ ဗာဒံရွက်၊ ဒါမှမဟုတ် စလောင်းဖုံးပေါ်မှာ ဆီသုပ်ပြီး သရက်ယိုအနှစ်တွေကို အပြန့်လိုက်ဖြစ်အောင် မျက်နှာပြင်ညှိ၊ အခြောက်လှန်းပြီး သရက်ဖျင်လုပ်သေးတယ်။ အဲ့ဒီသရက်ဖျင်ကို ကြာကြာခံချင်ရင် နေပူလှန်းတိုင်း ဟိုဘက်ဒီဘက် အခြောက်ညီအောင်လည်း လှန်း၊ ပြီးရင် ဆီလေးသုပ်ထား၊ ပြီးရင် အချိုအတိုင်းပဲ စားစား၊ နွယ်ချိုငရုတ်သီးမှုန့်လေးပဲ ဖြူးစားစား အလွန်အရသာရှိ။
ရှောက်သီးနဲ့ သံပုရာသီး
ရှောက်သံပုရာကလေ နေပူတာနဲ့ သူတို့က ရှားတော့တာပဲ။ အခုခေတ်မှာတော့ နည်းပညာတွေက တိုးတက်လာတော့ သံပုရာသီး ရှားသွားပေမယ့် ဟော်လန်သံပုရာတို့ သံပယိုတို့က နေရာယူလာကြပြီ။ ဒါပေမယ့်လည်း ကျွန်မအပါအ၀င် ကျွန်မရဲ့ အဘွားနဲ့ ကြီးတော်များက ရှေးထုံးကို မပယ်နိုင်သူများဆိုတော့ သံပုရာသီး ပုစိကွေးလေးလည်း တန်ဖိုးထားတာပဲ၊ ရှောက်သီးများ အခွံတောင် လွှင့်မပစ်ဘူး။ သံပုရာသီးပေါချိန်ဆို လေးစိတ်ထိုး၊ ဆားနယ်၊ ပုလင်းထဲထည့်ပြီးပုလင်းလိုက် နေပူလှန်းတာယူမလား၊ ဒါမှမဟုတ်ဘဲ လေးစိတ်ထိုး၊ ဆားနယ်ပြီး အခြောက်လှန်း၊ မခြောက်တခြောက်အချိန်မှာ နွယ်ချိုမှုန့်လေးဖြူးပြီး အချဉ်ပေါင်းလုပ်စားတာ ယူမလား အကုန်ရတယ်နော်။ ရှောက်သီးပေါ်ချိန်ဆို ပုစွန်ဆိတ်လေးတွေ ပေါ်ချိန်နဲ့အကိုက်ပဲမို့ ရှောက်သီးသုပ်စားရုံတင်မက ရှောက်သီးအခွံကို ပါးပါးလှီး၊ တစ်ရေပြုတ်ပစ်၊ ပြီးတော့မှ ရှောက်သီးအနည်းငယ်၊ ဆား၊ ထန်းလျှက်တို့နဲ့ ရှောက်ယိုထိုးစားရင် လေကြေသတဲ့။ အဲ့ဒီလိုလည်း လုပ်သေးတယ်။ နောက်ပြီး ရှောက်သီးအလုံးလိုက်က အကွင်းလိုက်လှီး၊ ဆားနဲ့နယ်၊ နေပူလှန်းလိုက်၊ အိုးသိပ်လိုက်၊ နေပူလှန်းလိုက်၊ နူးပြီး အိလာ၊ ခြောက်လာတဲ့အခါ နွယ်ချိုမှုန့်နဲ့လူးစား။ မော်လမြိုင်ရှောက်သီးဆေးပြားရရော။ ကောင်းမှကောင်း၊ အမေဘက်က အဘွားက ပိုစုံသေးတယ်။ ရှောက်သီးနဲ့ ဆင်တုံးမနွယ်နဲ့ နွယ်ချိုနဲ့ပေါင်းပြီး ဆေးဖော်သေးတယ်နော်။ တစ်နှစ်လုံးမပြတ်ဘူးနော်။
ငရုတ်သီးငရုတ်သီးတောင့်တွေဆိုလည်း ထိုနည်းလည်းကောင်းပဲ။ ရာသီပေါ်ချိန် ငရုတ်သီးတောင့် လှိုင်လှိုင်ပေါ်ပြီဆို ကျွန်မအဘွားတို့ အလုပ်ရှုပ်ပြီပဲ။ ငရုတ်သီး အပုပွတောင့်က ဟင်းချက်ရင် အရောင်လှဖို့၊ ငရုတ်သီးမိုးမျှော်ကတော့ အလှော်မှုန့်အတွက်၊ သနပ်စုံလုပ်ရင်၊ ငါးခြောက်ထောင်းကြော်၊ ငါးကြော်တို့အတွက် ငရုတ်သီးတောင့်လုံးကြော်လေးထည့်ဖို့အတွက် အဲ့ဒီလို ခွဲခြားပြီး နေပူလှန်း၊ ပြီးရင် အညှာခြွှေ၊ ကပ်ကျေးနဲ့ညှပ်၊ အစေ့ထုတ်ပြီးမှ ပုလင်းကြီးတွေထဲထည့်၊ လေလုံအောင်ပိတ်ပြီး နှစ်ပတ်လည်အောင် သိမ်းတာ။ အဘွားက ကျွန်မတို့မောင်နှမတွေကို အဲ့ဒီလိုလုပ်ခိုင်းရင် ကျန်တဲ့ မောင်နှမတွေက ထွက်ပြေးခဲ့ပေမယ့် ကျွန်မက အဘွားနဲ့ မတည့်သူမို့ အဘွားရဲ့တံမြက်စည်းစာ မမိရအောင် အဘွားနားကပ်ပြီး အမြဲလုပ်ပေးရပါတယ်။
မုန်လာဥခြောက်
အဖေဘက်က အဘိုးက တရုတ်မို့ မုန်လာဥခြောက် အိမ်မှာ မပြတ်ပါဘူး။ မုန်လာဥတွေ ပေါပြီဆို ၀ယ်လာပြီး မုန်လာဥကောင်းကောင်းတွေကို အခြောက်လှန်းပြီး ၀က်ရိုး၊ ကြက်ရိုး၊ ဘဲရိုး စတာတွေနဲ့ စွပ်ပြုတ်လုပ်သောက်လေ့ရှိပါတယ်။ ကျွန်မက ခပ်ငယ်ငယ်က အဲ့ဒီမုန်လာဥခြောက်ကို အနံ့ မခံနိုင်လို့ မကြိုက်ခဲ့ပေမယ့် ရေနဲ့ သေချာဆေးပြီးမှ ချက်လိုက်ရင် အလွန်စားကောင်းတာမို့ ကြိုက်သွားပါတယ်။ မုန်လာရွက်ကိုတော့ အချဉ်တည်ပြီး ငါးပိနဲ့ တို့သလို၊ မုန်ညင်းချဉ်လိုပဲ အသားနဲ့လည်း ကြော်တတ်၊ ချက်တတ်ပါသေးတယ်။ (ကျွန်မရဲ့အဖေဘက်က အဘွားရဲ့ အမကြီး (အမေကြီး)က အချဉ် (ချဉ်ဖတ်)တည်တာ အရမ်းတော်တာ။ ကျွန်မတို့ ငယ်ငယ်တို့က အမေကြီးက အဲ့ဒီလိုချဉ်ဖတ်တည်ပြီး ကျွန်မတို့ကို ကျောင်းထားပေးခဲ့တာ။)
ကံမဆိုင်
မုန်ညင်းစိမ်းကို ရေဆေး၊ တစ်နေလှန်း၊ ပြီးတော့မှ ဆား၊ ဆန်ဆေးရည်နဲ့ အချဉ်တည်တာပါ။ ပုလင်းနဲ့ သွပ်ပြီး နှစ်ပေါက်ထားနိုင်အောင် နေလှန်းလှန်းပေးပြီး သိမ်းပါတယ်။ ၀က်နံရိုးနဲ့ ပြုတ်သောက်သလို၊ ၀က်သားသုံးထပ်သားနဲ့ ကြော်စားစား၊ ချက်စားစား အရသာရှိလှပါတယ်။
မှိုခြောက်
မော်လမြိုင် ညောင်ပင်ဆိပ်ရွာက အဘွားရဲ့ ဆွေမျိုးတွေအများကြီးပဲ။ မိုးလေးတဖြိုက် နှစ်ဖြိုက်ရွာလိုက်၊ နေလေးပူလိုက်ဆိုရင် ညောင်ပင်ဆိပ်မှာ မှိုတွေ တအားထွက်ပြီ။ သဘာဝက ပေါက်တဲ့ မှိုတွေမို့ အဆိပ်ရှိနိုင်တယ်ပဲ ပြောပြော၊ ဘာပဲပြောပြော မှိုဆိုရင် အရမ်းအရမ်းကို ကြိုက်ပါတယ်။ ညောင်ပင်ဆိပ်က အမျိုးတွေက ကျွန်မတို့အိမ်ကို မှိုတွေတောင်းတွေနဲ့ လာပေးကြပါတယ်။ တချို့ကလည်း မှိုချဉ်တည်ပြီး လာပေးကြတယ်။ တချို့ကလည်း မှိုခြောက်လုပ်ပြီး လာပေးကြပါတယ်။ အဲ့ဒါကို ကျွန်မက အတုယူပြီး တစ်ခါတလေ ငွေနှင်းမှိုတွေများ ပေါများခဲ့ရင် ၀ယ်ပြီး မှိုခြောက်လုပ်ပြီး အသားဟင်းထဲ ထည့်ချက်သလို ဟင်းချို၊ ကြာဇံချက် စတာတွေထဲလည်း ထည့်ချက်ပါသေးတယ်။ ကျွန်မအစ်ကိုက အိမ်ထောင်ကျတော့ သူ့အမျိုးသမီးဘက်က အမျိုးတွေက ပြည်၊ ပေါက်ခေါင်းဘက်ကလို့ ပြောပါတယ်။ သူတို့ဆီကလည်း မှိုခြောက်တွေ နှစ်စဉ်လက်ဆောင်ရပါတယ်။ စကားမစပ် ဒီနေ့တောင်မှ ဘဲသားနဲ့ အဲ့ဒီမှိုခြောက်ကို ချက်လာပါသေးတယ်။
သစ်တိုသီး
မော်လမြိုင်ဘက်မှာ အချဉ်ပေါင်းရောင်းတဲ့သူလည်း သစ်တိုသီးကို အခွံနွှာ၊ ဘေးသားလေးတွေကို ဓားလေးနဲ့ပေါက်၊ ဆေးသကြား၊ ဆား၊ ငရုတ်သီးမှုန့်နဲ့နယ်ပြီးရောင်းတယ်။ ကျွန်မက သစ်တိုသီးအစေ့ကို ပိုကြိုက်တယ်၊ အစေ့ရဲ့အခွံမှာပါတဲ့အနှစ်နုနုလေးတွေက စားလို့ အရမ်းကောင်းတယ်။ သစ်တိုသီးကို အိမ်မှာတော့ အဘွားက ၀က်သားနဲ့ ချက်သလို သစ်တိုသီးတွေကို ပုစွန်ခြောက်နဲ့လည်း ဘာလချောင်ကြော်ပါတယ်။ သစ်တိုသီးဆားရည်စိမ်ထားရင်တော့ နှစ်ပေါက်အောင် ခံတာမို့ ကျွန်မတို့ မော်လမြိုင်မှာနေတုန်းက အမြဲစားရပါတယ်။ အခုတော့ သစ်တိုသီးမစားရတာတောင် ကြာပြီ။
ဆီးဖြူသီး
ဆီးဖြူသီးကို ငါးမြင်း၊ ငါးတန်စတဲ့ အဆီများ၊ အသားထူတဲ့ ငါးမျိုးနဲ့ ချက်ပါတယ်။ ပြီးတော့ ဆီးဖြူသီးကို ငါးပိကောင်နဲ့လည်း ချက်တတ်ပါသေးတယ်။ အိမ်မှာရှိတဲ့ ခြံဝင်းထဲ၊ တံခါးကြား၊ ကုတင်အောက်၊ ဗီရိုအောက်တို့မှာလည်း မြွှေဝင်ခွေမှာစိုးလို့ဆိုပြီး ဆီးဖြူသီး ချထားပါတယ်။ နောက်ပြီး ဆီးဖြူသီးကို အခြောက်လုပ်ထားပြီး ရာသီချိန်မဟုတ်တဲ့အခါမှာ ဟင်းထဲ ထည့်ချက်စားပါတယ်။ နောက်တစ်နည်းက ဆီးဖြူသီးခြောက်ကို ဆံပင်သန်အောင်လုပ်တဲ့ အုန်းဆီထဲ ထည့်ပါသေးတယ်။
ကျွန်မရဲ့ အဖေနဲ့အမေဘက်က အဘွားနှစ်ယောက်က ဂျပန်ခေတ်ကို ဖြတ်သန်းလာခဲ့ရတဲ့သူတွေမို့ လို့ ထင်ပါတယ်။ စားသောက်စရာတွေကို ဘယ်တော့မှ လွှင့်ပစ်ရတယ်မရှိအောင် ထိန်းသိမ်းထားတတ်ပါတယ်။ ဥပမာ - ထမင်းလေး ပိုခဲ့ရင်တောင်မှ လွှင့်မပစ်ဘဲ နေပူလှန်းပြီး နေ့ခင်းနေ့လည်ကျရင် ဆီပူလေးထိုးပြီး ထမင်းခြောက် ကြော်လေး ကြော်ကျွေးတတ်ပါတယ်။ ထမင်းချိုး (ဂျိုး) ကိုလည်း ထိုနည်းတူပဲ တစ်ခါမှ လွှင့်ပစ်တာ မတွေ့ဖူးပါဘူး။ ကျွန်မတို့ အိမ်ခေါင်မိုးနဲ့ ခြံစည်းရိုး ပတ်ပတ်လည်မှာ စကောတွေ ဗန်းတွေနဲ့ ရာသီပေါ် ဟင်းသီးဟင်းရွက်တွေကို အခြောက်လှန်းတာ အမြဲမပြတ်ပါ။


အဲ့ဒီလိုလုပ်ထားတော့ အစားအစာတွေကို စားချင်တိုင်းစားနေရတဲ့ ကျွန်မ ပြည်ပမှာ ကျောင်းလေး ခဏသွားတက်ပါတယ်။ ဟိုမှာ အဲ့ဒီလိုဟာတွေ မရှိဘူးလေနော်။ ဟင်းချက်တိုင်း မရမ်းပြားပါချင်ရတာနဲ့။ ဆီးသီးဟင်းချိုလေး ချက်စားချင်ရတာနဲ့၊ ဗူးသီးဟင်းခါးလေး သောက်ချင်ရတာနဲ့၊ ဒန့်သလွန်သီးနဲ့ ငါးရံ့ချဉ်ရည်ဟင်းချက်စားချင်ရတာနဲ့  စသော စသော ``ချင်´´ များကို ပေါင်းပြီး အိမ်ကို အမှာပါးလိုက်တာတွေက ပင်စိမ်းရွက်ခြောက်၊ ဒန့်သလွန်ရွက်ခြောက်၊ မြင်းခွာရွက်ခြောက်၊ ကွမ်းရွက်ခြောက်၊ ဗူးသီးခြောက်၊ ဒန့်သလွန်သီးခြောက်၊ လက်ပံပွင့်ခြောက်၊ စတာတွေလည်းမှာရော့  ကျွန်မ အစ်ကိုက ကျွန်မကို ထောပနာပြုပါတယ့့်  ဂျပုမ့  နင်မြန်မာပြည်ပြန်လာပြီး တစ်အိမ်လုံးသာ မ သွားလိုက်တော့တဲ့  နင် စပြီး ကျောင်းတက်ကတည်းက အိမ်ကနေ ပို့လိုက်ရတာ့  နင်ကျောင်းလည်းပြီးလို့ ဘွဲ့လည်းရရော ငါတို့ နင့်ကို စားစရာတွေ ပို့ခနဲ့တင် မွဲပြီတဲ့လေ။ :D အဲ့ဒီလိုချစ်တာ။

8 comments:

  1. မလုတို့အိမ်ကတော့ အားရတယ် ရှိမှာ မဟုတ်ဘူးနော်။
    လေးစားပါတယ်
    ညီမတို့အိမ်ကတော့ အဲ့ဒီလို မလုပ်ဖြစ်ဘူး
    ကျေးဇူးပါ မလု

    ReplyDelete
  2. ဒီပိုစ် ဖတ်ပြီး အဘွား ကို သတိရလိုက်တာ၊ အိမ်က အဘွား လည်း မလုလု အဘွားတွေလို ပဲ။

    ReplyDelete
  3. အမရေ မင်္ဂလာပါ။ ဒီပို့ စ် ဖတ်ပြီး အမတို့ အိမ်က အိမ်နောက်ဖေး စီမံခန့် ခွဲတတ်တာ အရမ်း သဘောကျတယ်ဗျာ။ ဗဟုသုတလည်း ရလိုက်တယ်။ ကျေးဇူးပါ။

    ReplyDelete
  4. မလုပြောတာ ဖတ်ပြီး သွားရည် မြိုချရတာ အခါခါ.. တော်လိုက်ကြတာနော်.. မလုတို့လည်း အဲဒီလို လုပ်နည်းတွေ အဘွားတွေ ဆီကနေ အမွေရလိုက်မှာပဲ... ကိုယ့်မြန်မာအစားအစာကတော့ ဘယ်ပဲရောက်နေ ရောက်နေ လွမ်းတယ် မလုရေ.. သူ့တို့အစားအစာတွေ ရေရှည်မှ မစားနိုင်တာ.. :)

    ReplyDelete
  5. မမလု စာတွေဖတ်တော့ အဘွားကို သတိရတယ်။ အဘွားရှိတုန်းက ထမင်းခြောက်ကြော် စားရတယ်။ အမေဆိုလည်း စည်းကမ်းအရမ်းရှိတယ်။ အလေအလွင့်မရှိဘူး ။ အိမ်သတိရလိုက်တာ မမလုရေ...

    ReplyDelete
  6. သစ်တိုသီး ငါးပိချက် ဆိုတာကို လွမ်းလိုက်တာ။

    ReplyDelete
  7. အမည်မသိ ညီမရေ့  အလည်လာတဲ့အတွက် ကျေးဇူးပါနော်။ မမလုတို့အိမ်ကတော့ အဲ့ဒါမျိုး လုပ်ထားမှ တော်ကာကျတယ်။ မိသားစုများလို့လေ
    ကိုရဲမြတ်သွင်ရေ့  အလည်လာတဲ့အတွက်လည်း ကျေးဇူးပါနော်။ အဘွားတွေက အဲ့ဒီလိုမျိုးပဲ နေမှာနော်။ အဘွားတိုင်း အတူတူပဲနေမှာနော်။
    ကိုနေညိုရင့်ရေ့  အလည်လာတဲ့အတွက်လည်း ကျေးဇူးပါနော်။ ဗဟုသုတရသွားတယ်ဆိုလို့ ပိုပြီး ပီတိဖြစ်မိပါတယ်နော်။ နောက်လည်း လာလည်ပါလို့ ဖိတ်ခေါ်ပါတယ်နော်
    နုစံရေ့  မလုတို့ အဘွားတွေက မလုတို့ ငယ်ငယ်ကတည်းက အဲ့ဒါတွေကို ၀ိုင်းကူလုပ်ခိုင်းတော့လေ ကျင့်သားရသွားတာပေါ့နော်။ အခုလည်း အိမ်မှာ ဒီလိုပဲ လုပ်နေကျပါပဲနော်။ မြန်မာအစားအစာပဲ ကြိုက်တယ်။ တခြားအစားအစာကို ဘယ်လောက်ပဲ စားရစားရ တင်းတိမ်တယ်မရှိဘူးနော်
    ညီမလေး စုဗူးရေ့  ထမ်းခြောက်ကြော်လေးနဲ့ ရေနွေးကြမ်းလေးနဲ့ဆို သိပ်ကောင်းတာနော်။ အိမ်ကို အိမ်သတိရအောင် လုပ်မိတယ်ဆိုရင်လည်း ခွင့်လွှတ်ပါနော်။
    ပုံရိပ်ရေ့  သစ်တိုသီးငါးပိချက် အရမ်းကောင်းတယ်နော်။ ပြောရင်း စားချင်လာပြီ။ သွားရေကျတယ်နော်

    ReplyDelete
  8. hi sister...thanks a lot.i have already copied ur blog.now i like to cook much. thanks sister. May u be healthy and happy forever.

    ReplyDelete