Sunday, February 22, 2009
မရမ်းသီးထောင်း
ကျွန်မရဲ့ ချစ်မောင်နှမများအားလုံးမင်္ဂလာပါရှင်။ ကျွန်မ အလုပ်များနေတာရော၊ ကျန်းမာရေးအညံ့ နည်းနည်းရှိသွားတာကြောင့် ဘာဟင်းမှ ချက်မကျွေးဖြစ်တာ ကြာပါပြီ။ ဘလော့ဂ်ကို ကျွန်မဆီကနေ ၀င်လို့ မရတာလည်း ပါပါတယ်။ ကျော်ခွတဲ့ ultra surf လည်း ကျော်လို့မရတော့ ကျွန်မ စီဘောက်စ်က မောင်နှမတွေကိုလည်း အကြောင်းမပြန်ရတာ ကြာပါပြီနော်။ ကျွန်မရဲ့ ဒီဘက်က အခြေအနေအခက်အခဲလေးကို ပထမဦးစွာ ပြောပြပြီး တောင်းပန်ပါတယ်နော်။
ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ရာသီစာ မရမ်းသီးလေးတွေကို ထောင်းကျွေးပါမယ်နော်။ မရမ်းသီးထောင်းဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ မရမ်းသီး တစ်ဆယ်ကျပ်သား၊ ငါးပိစိမ်းစား ၂ ကျပ်ခွဲသား၊ ပုစွန်ခြောက် (ကြိုက်သလောက်)၊ ငရုတ်သီးစိမ်း (အစပ်စားနိုင်သလောက်)၊ ကြက်သွန်ဖြူ (၁၀) မွှာ၊ ငရုတ်ကောင်းစေ့ အနည်းငယ်နဲ့ ဆား၊ ဟင်းချိုမှုန့်အနည်းငယ်တို့ပါနော်။
မရမ်းသီးကို ရေဆေး၊ ထက်ခြမ်းခွဲပြီးတော့မှ အဖန်ရည်တွေ ထွက်သွားရအောင်လို့ ဆားရည်လေးနဲ့ စိမ်ပေးထားပါနော်။ ပြီးရင် ငါးပိစိမ်းစားကို ယောက်ချိုဇွန်းမှာ ကပ်ပြီးတော့ မီးကင်ပါတယ်။ (အအေးပိုင်းနိုင်ငံက မောင်နှမများ ငါးပိမီးဖုတ်တဲ့အခါ အနံ့နံမှာစိုးရင် ငါးပိကို သေချာလုံအောင် ထုပ်ပြီးတော့မှ ထမင်းအိုး ပေါင်းအိုးနဲ့ ထမင်းချက်တဲ့အခါ ထမင်းကျက်ပြီး ခလုတ်တက်သွားတဲ့အခါ ထမင်းအပေါ်ဘက်မှာထည့်၊ အဖုံးအုပ်၊ နှပ်ပေးပြီး အသုံးပြုရင်လည်း ရပါတယ်။ သူ့ကတော့ ငါးပိကင်မဟုတ်ဘဲ ငါးပိကို ကျက်သွားအောင် ပေါင်းလိုက်သလိုပါ။) ကြက်သွန်ဖြူတွေကိုလည်း အခွံပါအမွှာလိုက် မီးအုံးပါတယ်။ ပြီးတော့မှ ကြက်သွန်ဖြူလေးတွေကို အခွံလေးတွေ သင်ပြီး သပ်သပ်ဖယ်ထားပါတယ်။ ငရုတ်သီးစိမ်းကိုတော့ ရေဆေး၊ အညှာခြွေပြီး ဒယ်အိုးလေးထဲထည့်၊ ရေလည်းနည်းနည်းထည့်ပြီးတော့ မီးမျှင်းမျှင်းလေးနဲ့ ခြောက်အောင် လှော်ပါတယ်။ ပြီးရင် ငရုတ်ကောင်းစေ့လေးတွေကိုလည်း လှော်ပါတယ်နော်။ အဲ့ဒါတွေ အားလုံးလုပ်ပြီးတဲ့အခါမှာတော့ ကျွန်မက မရမ်းသီးတွေကို ရေထဲကနေ ဆယ်ယူပြီး ရေစစ်ထားလိုက်ပါတယ်။ ပြီးတော့မှ ပုစွန်ခြောက်လေးတွေကို ဒယ်အိုးထဲထည့်ပြီး မီးနွေးနွေးနဲ့ ပုစွန်ခြောက်လေးတွေကို ကြွပ်သွားအောင်လို့ လှော်ပေးပါတယ်။ အဲ့ဒီလို လှော်လိုက်ခြင်းဖြင့် ပုဇွန်ခြောက်နံ့ ပိုမွှေးသလို ပိုပြီးစားလို့ကောင်းတယ်လို့ ကျွန်မထင်လို့ပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ငရုတ်ဆုံကိုယူပြီးတော့ စစချင်းမှာ ကြက်သွန်ဖြူနဲ့ ငရုတ်သီးတွေကို ထောင်းပါတယ်။ ပြီးတော့ ငရုတ်ကောင်းစေ့လေးတွေ ထည့်ထောင်းပါတယ်။ ပြီးတော့ ပုစွန်ခြောက်တွေ ထည့်ထောင်းပါတယ်။ ပုစွန်ခြောက်လေးတွေ မညက်တညက်ဖြစ်ပြီဆိုရင် မရမ်းသီးတွေကို နည်းနည်းချင်းစီထည့်ပြီး ထည့်ပြီး ညက်တာညီအောင် ထောင်းပါတယ်။ ဆားလေးနည်းနည်းနဲ့ အချိုမှုန့်လေးနည်းနည်းထည့်ထောင်းပါတယ်။ ပြီးတော့ ငါးပိစိမ်းစားတွေကိုထည့်ပြီး အားလုံးအထက်အောက် သမအောင် ဇွန်းရှည်ရှည်လေးနဲ့ မွှေပေးရင်း ထောင်းရင်း လုပ်ပါတယ်နော်။ ပြီးရင်တော့ အပေါ့အငံလေးမြည်းပြီး ကြိုက်တဲ့အရသာကို ထပ်ကဲပေးပါနော်။ မရမ်းသီးထောင်းမို့လို့ ငါးပိကို နည်းနည်းပဲထည့်ပြီး ထောင်းပါတယ်။ မရမ်းသီးထောင်းတွေကို ပန်းကန်ထဲ ခပ်ထည့်ပြီးတော့ ငရုတ်ဆုံမှာကပ်နေတာတွေကို ထမင်းလေးနဲ့ ထည့်ထောင်းပြီး ထမင်းဆုပ်လေးတွေ လုပ်ပြီး တူ၊ တူမတွေကို ကျွေးလိုက်သေးတယ်။ စပ်တယ်၊ ချဉ်တယ်၊ ငံတယ်၊ အရသာစုံလျှာကျွမ်းပြန်ဖြစ်နေလေရဲ့လေ။
မရမ်းသီးထောင်းနဲ့ လိုက်ဖက်တဲ့ဟင်းအစပ်ကတော့ ဖရုံညွှန့်ကြော်ချက်၊ ပဲပင်ပေါက်ပဲပြားကြော်၊ ၀က်သားအချိုချက်၊ ဗူးသီးပုတပ်စာဟင်းခါးတို့ပါနော်။ မောင်နှမတွေလည်း အဆင်ပြေရင် မရမ်းသီးထောင်းလေး လုပ်စားကြည့်ကြဦးနော်။ (ငရုတ်ဆုံမရှိခဲ့ရင်တော့ ကြိတ်စက်လေးနဲ့ဆိုရင်လည်း အဆင်ပြေပါတယ်နော်။)
8 comments:
  1. မလု ယူနန်မုန်ညင်းချဉ် လုပ်နည်းလေးများသိရင် ရေးပေးစေလိုပါတယ်ခင်ဗျား..။
    ကြိုတင်ကျေးဇူးတင်လျက်..
    ReplyDelete
  2. မလု
    မရမ်းသီးထောင်းသရေကျသွားတယ်။
    မလုတို့ဝိုင်းတော်သားတွေ နှိပ်စက်တယ်။
    စားချင်တယ်
    :((
    ခင်ကြည်ပြာ
    ReplyDelete
  3. စားချင်လိုက်တာ။ စားချင်လိုက်တာ။ ဘယ်တော့များမှ ပါလိမ့်။ :(
    ReplyDelete
  4. မလုရေ.. မရမ်းသီးထောင်းတော့ အရမ်းစားချင်တယ်။
    ဒီမှာ မရမ်းသီးက မရှိဘူးရယ်။း(
    ReplyDelete
  5. အပေါ်က မမ၀ါပြောသလို လိုက်ပြောလိုက်တယ် မလုရေ.. စားချင်တယ်..စားချင်တယ်.. ဒီမှာ မရမ်းသီး မရှိဘူး.. :D
    ReplyDelete
  6. KMA ရေ့  ယူနန်မုန်ညင်းချဉ်တော့ မမလုမသိဘူးနော်။ သိတဲ့မုန်ညင်းချဉ်လုပ်နည်းတော့ ရေးပေးပါမယ်နော်။
    ညီမခင်ကြည်ပြာရေ အလည်လာတဲ့အတွက်ကျေးဇူးပါ။
    megumi, war lay နဲ့ နုစံရေ
    မမလု မတ်လ ၂ ရက်နေ့မှာ တိုကျိုလာဖို့ ရှိပါတယ်။ မရမ်းသီးသယ်ခဲ့ပေးရမလား။
    မမလုကို ဆက်သွယ်လိုက်ပါနော်။ မေးလ်ပို့လိုက်ပါနော်။
    ReplyDelete
  7. This comment has been removed by the author.
    ReplyDelete