Saturday, December 20, 2008

ငါးသလဲထိုးဆီပြန်


လိုအပ်တဲ့ပစ္စည်းတွေကတော့ ငါးသလဲထိုး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးအပုတောင့်၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ နနွင်းမှုန့်၊ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်နဲ့ ဆီတို့ပါနော်။

ပထမဦးဆုံး ငါးသလဲထိုးကို ဆားနဲ့ပက်ပြီးတော့မှ ရေနဲ့စင်အောင်ဆေးပေးပြီး ရေစစ်ထားပါ။ ရေစစ်သွားတဲ့အခါ ငါးသလဲထိုးကို ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်တို့နဲ့ နယ်ပေးထားပါ။ ပြီးရင် ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလှီးပေးထားပါ။ ကြက်သွန်ဖြူ၊ နီနဲ့ ချင်းတို့ကိုလည်း အခွံနွှာရေဆေးပေးထားပါ။ ငရုတ်သီးစိမ်းနဲ့ နံနံပင်ကိုလည်း အမြစ်ဖြတ်ပြီး ရေစင်အောင်ဆေးပေးပြီး ရေစစ်ပေးထားပါ။

ငရုတ်သီးအပုတောင့်ကို အညှာခြွေ၊ အစေ့ထုတ်၊ ရေနွေးနဲ့ စိမ်ပြီးမှ ဆေးပေး၊ ပြီးတော့မှ ငရုတ်သီးတွေကို ညက်အောင်အရင်ထောင်းပါ။ ငရုတ်သီးညက်ပြီဆိုရင် ချင်းထောင်းထည့်ပါ။ ပြီးတော့မှ ကြက်သွန်ဖြူထည့်ထောင်း၊ နောက်ဆုံးမှ ကြက်သွန်နီကို ထည့်ထောင်းပေးပါ။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်ထည့်၊ ပြီးတော့မှ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တို့ကိုထည့်ပြီး မီးအသင့်အတင့်နဲ့ ဆီသတ်ပေးပါ။ ဆီသတ်နံ့ မွှေးပြီဆိုရင်တော့ လှီးထားတဲ့ ခရမ်းချဉ်သီးတွေကို ထည့်ပြီး သမအောင်မွှေပြီး ခရမ်းချဉ်သီးတွေ နွမ်းသွားတဲ့အထိ တည်ပေးပါ။ ခရမ်းချဉ်သီးတွေ နွမ်းသွားပြီဆိုရင်တော့ နယ်ထားတဲ့ ငါးလေးတွေကို ထည့်ပြီး ဟင်းအနှစ်တွေနဲ့ နှံ့ရအောင် ယောင်းမနဲ့ ဖြေးဖြေးချင်း နှံ့အောင်လုပ်ပေးပါ။ ပြီးရင် ဒယ်အိုးအဖုံးလေးကို ခဏပိတ်ထားပြီး ငါးထဲက ထွက်မယ့်အရည်ခမ်းအောင် တည်ပေးပါ။ ပထမတစ်ရည်ခမ်းလို့ ဆီပြန်ပြီဆိုရင်တော့ ဆုံဆေးရည်လေး ထည့်ပြီး နောက်တစ်ရည် တည်ပေးပါနော်။ နောက်တစ်ကြိမ် ဆီပြန်ပြီဆိုရင်တော့ အပေါ့အငန်မြည်း၊ လိုအပ်တဲ့ အရသာ ထပ်ဖြည့်၊ ပြီးတော့မှ ငရုတ်သီးစိမ်းလေးတွေရယ်၊ နံနံပင်လေးတွေ အုပ်ပြီး မီးဖိုမီးပိတ်လိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ ငါးသလဲထိုး ဆီပြန်ချက်လေး ရပါပြီနော်။

3 comments:

  1. စားပြီနော် မမလု အမ်ကောင်းမှကောင်း

    ReplyDelete
  2. မမရေ
    နောက်တခါ ငါးဈေးသွားရင် ငါးလေးတွေဝယ်လာရမယ်။
    အရမ်းစားချင်သွားပြီ။

    ReplyDelete
  3. အမည်မသိရေ့ 
    စားလို့ကောင်းလားနော်။ အ၀စားနော်။
    ညီမလေးရှင်မင်းရေ့ 
    ညီမလေးချက်ပြီးရင် မမကိုလည်း တစ်ပွဲကမ်းလိုက်ပါဦးနော်။

    ReplyDelete