Monday, September 1, 2008
ငါးချဉ်ငံစပ်အကြွပ်ကြော်
မင်္ဂလာပါရှင့့်  ဒီနေ့မှာတော့ ကျွန်မရဲ့ ချစ်မောင်နှမများကို ငါးကြော်နည်းတစ်မျိုး လက်ဆင့်ကမ်းပါရစေနော်။ ပင်လယ်ငါးတွေဟာ ရေချိုငါးနဲ့ ယှဉ်လိုက်ရင် အနံ့ပြင်းတယ်၊ ညှီတယ်ဆိုပြီး စားတာ နည်းကြပါတယ်။
အဲ့ဒီငါးကို အညှီနံ့လည်း သက်သာပြီး စားလို့ကောင်းအောင် ကြော်တဲ့နည်းလေးကို မျှဝေလိုက်ပါတယ်။
ငါးကြော်အတွက် လိုအပ်တဲ့ပစ္စည်းများကတော့
ပင်လယ်ငါး
ချင်း
ကြက်သွန်ဖြူ
ကြက်သွန်နီ
သံပုရာသီး
ငရုတ်သီးအခြောက်အပုပွတောင့်
ငရုတ်သီးခြောက်အရှည်တောင့်
ဆား
ငံပြာရည်
နနွင်းမှုန့်
ဟင်းခတ်မှုန့်
ဆီတို့ပါနော်။
ငါးကို အပေါ်ယံက ရှိတဲ့ အခွံမာတွေ လှီးပစ်ပါ။ ဆူးတောင်တွေကိုလည်း ခုတ်ပစ်ပါ။ ငါးဗိုက်ကို ခွဲထုတ်ပြီး အထဲက ကလီစာတွေ ထုတ်ပစ်ပါ။ ငါးဦးခေါင်းပိုင်းကိုလည်း ဖယ်ရှားပစ်ပါ။ ပြီးရင် ငါးကို ရေစင်အောင်ဆေးပြီး ရေစစ်ပေးထားပါ။ ငါးအကောင်ကြီးရင် ငါးကို အလယ်ရိုးမပါရလေအောင် အလျားလိုက် လှီးပြီး အရွယ်တော် အပိုင်းလေးတွေရအောင် ပိုင်းပေးပါ။ ပြီးတော့မှ ငါးတွေကို ဇလုံတစ်လုံးထဲထည့်ပြီး နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်တို့နဲ့ နယ်ပေးထားပါ။
ကြက်သွန်ဖြူနဲ့ ချင်းတို့ကို အခွံနွှာ၊ ညက်အောင်ထောင်းပြီး အရည်ညှစ်ယူပါ။ ငရုတ်သီးအခြောက်အပုပွတောင့်ကို အညှာခြွေ၊ အစေ့ထုတ်၊ ရေနွေးနဲ့စိမ်ပြီး ညက်အောင်ထောင်းပါ။ ပြီးရင် ငရုတ်သီးအနှစ်ရအောင် ယူပါ။ သံပုရာသီးကို အစိတ်လေးတွေ စိတ်ပေးထားပြီး သံပုရာရည် ညှစ်ယူထားပါ။ နယ်ထားတဲ့ ငါးတွေထဲကို ချင်း၊ ကြက်သွန်ဖြူရည်၊ ငရုတ်နှစ်၊ သံပုရာရည်တို့နဲ့ သမအောင် ရောနယ်ပေးပါ။ လက်ပူမှာစိုးရတဲ့အတွက် တစ်ခါသုံး ပလတ်စတစ်လက်အိတ်ဝတ်ပြီး ငါးထဲ အရသာဝင်အောင် နယ်ပေးပြီး နာရီဝက်၊ တစ်နာရီလောက် နှပ်ပေးထားပါ။
ကြက်သွန်နီကို အခွံနွှာ၊ အလုံးလိုက်ရေဆေးပြီး ထက်ခြမ်းခြမ်း၊ ပါးပါးလှီးပေးထားပါ။
ငရုတ်သီးအခြောက်အရှည်တောင့်ကိုလည်း အညှာခြွေထားပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် ငရုတ်သီးအခြောက်တောင့်လေးတွေကို မီးအသင့်အတင့်နဲ့ကြော်၊ ငရုတ်သီးကြော်ရပြီဆိုရင် ဆယ်ထားလိုက်နော်။ ပြီးတော့မှ ဆီအိုးထဲကို နနွင်းမှုန့်လေးခပ်ပြီး ကြက်သွန်နီကြော် ကြော်ပေးပါ။ ကြက်သွန်နီကြော်တဲ့အခါ မီးအသင့်အတင့်နဲ့ ကြက်သွန်တွေအားလုံး ဆီထဲမှာ အကျက်ညီအောင် ကြော်ပေးပါ။ ကြက်သွန်နီတွေ ရွှေဝါရောင် သန်းလာတဲ့အခါ ဆယ်ယူ၊ ဆီစစ်ပေးထားပါနော်။
ကြက်သွန်ကြော် ကြော်ပြီးတဲ့အခါ ငါးကြော်ဖို့ ဆီခပ်များများထည့်ပြီး မီးဖိုပေါ် ဒယ်အိုးတည်ပါမယ်။ ဆီပူလာတဲ့အခါ ငါးတွေကို တစ်တုံးနဲ့တစ်တုံး မကပ်ရလေအောင် သေသေချာချာ စီပြီး ဆီအိုးထဲ ထည့်ပေးပါ။ မီးအသင့်အတင့်နဲ့ စိတ်ရှည်လက်ရှည်ကြော်ပါ။ တစ်ဖက်က ငါးအသားမာလာပြီဆိုမှ နောက်တစ်ဖက်ကို အသာအယာ လှန်ပေးပါ။ ဆီများများထဲမှာ ထည့်ကြော်ရတဲ့အတွက် ဆီပေါက်မှာ မစိုးရိမ်ရတော့သလို ဒယ်အိုးမှာ ကပ်နေမှာကိုလည်း မစိုးရိမ်ရပါဘူး။ (တစ်ခုတော့ရှိတယ်နော်။ ငါးအသားတစ်ဘက်က မမာသေးဘဲ၊ နီရောင်မသန်းသေးဘဲနဲ့တော့ ဟိုဘက်ဒီဘက် မလှန်လိုက်နဲ့။ လှန်လိုက်ရင်တော့ အသားတွေ ကြေပဲ့ထွက်ကုန်ပြီး စားကောင်းတော့မှာမဟုတ်ဘူးနော်။ ဆီထဲမှာလည်း ပဲ့ထွက်လာတဲ့ ငါးအသားစတွေက မဲတူးကုန်မှာ စိုးရတယ်နော်။ )
အကျက်ညီပြီဆိုတော့မှ ငါးကြော်တွေကို ဒယ်အိုးထဲကနေဆယ်ယူပြီး၊ ဇကာထဲမှာ ဆီစစ်ပေးထားပါနော်။
ပြီးတော့မှ ပန်းကန်တစ်ခုထဲ ငါးကြော်တွေကို ထည့်၊ အပေါ်ကနေ ကြက်သွန်နီကြော်တွေကို ထည့်၊ ငရုတ်သီးတောင့်လုံးကြော်လေးတွေထည့်၊ နံနံပင်လေးအုပ်ပြီး ဟင်းပွဲပြင်နိုင်ပါပြီနော်။
အဲ့ဒါဆိုရင်တော့ ချဉ်ငံစပ်အရသာလေးနဲ့ ငါးကြော်မွမွလေး ရပါပြီနော်။ လိုက်ဖက်တဲ့ ဟင်းတွေကတော့ ဗူးသီး ပုတတ်စာဟင်းခါး၊ ပဲနီလေးဟင်းချို၊ အသီးအရွက်ကြော်တို့ပါနော်။
4 comments:
  1. hI Lu Lu, you are doing very well. Your thread has got our forum. We are wondering if you are able to post your new cooking topics on http://mandalar.net/community/viewtopic.php?f=15&t=602&start=0&st=0&sk=t&sd=a, really appreciated. You may post only first paragraph and you can leave a link directing to your blog. By doing this, our visitors will also visitors will also come to your blog.
    Thanks for your great work.
    ReplyDelete
  2. မမလုလုရေ..
    အခုမှ အလည်ရောက်ပါတယ်ရှင့်..မနေ့တုန်းက
    စောစောစီးစီး အိပ်ချင်လို့ အိပ်လိုက်တာ မလာလည်နိုင်
    လိုက်ဘူး..မမရေ..
    ဟင့်..ဒီရောက်တာနဲ့ သွားရည်ကျပြီ.. ဂလု..
    ငါးချဉ်စားချင်တယ်... :) မြန်မာဆိုင်သွားဝယ်မှရမယ်.
    သွားဘို့ အားဘူး..ဘလောဂင်ရဦးမယ်..ဟီးဟီး
    ကျေးဇူးနော် မမလုလု..သတိတရလာလည်ပြီး
    နှုတ်ဆက်သွားတဲ့အတွက်..
    ReplyDelete
  3. မန္တလာရေ့ 
    ကျွန်မအနေနဲ့ ဘလော့ဂ်မှာ ပို့စ်တင်ဖို့တောင် အတော်လေး ခက်ခက်ခဲခဲ ရှိပါတယ်။ မန္တလာကိုလည်း ပို့စ်တင်ချင်တယ်ဆိုရင် ကျွန်မ မေးလ်နဲ့ ပို့ပေးရင် အဆင်ပြေမလားဟင့့်  ဘယ်လိုလုပ်ရင် အကောင်းဆုံး ဖြစ်မယ်ဆိုတာလေးကို အကြံပေးပါနော်။
    ReplyDelete
  4. ၀ါဝါရေ့ 
    အလည်လာတဲ့အတွက် ကျေးဇူးပါနော်။
    ငါးချဉ်စာျးင်ရင် ငါးဖယ်ချဉ် လုပ်နည်း တင်ပေးပါမယ်နော်။
    ReplyDelete