Friday, August 15, 2008
မှိုထမင်းသုပ်
မင်္ဂလာပါရှင်။ ဒီနေ့ ကျွန်မရဲ့ မွေးနေ့မှာ ၀ိုင်းတော်သားများနဲ့အတူ ၀ိုင်းဝန်းဆုတောင်းပေးကြတဲ့ မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်။
မွေးနေ့မှာ သူများလို ကိတ်မုန့်လည်း မလှီးဖြစ်ဘူး။ ထူးထူးဆန်းဆန်းလေးလည်းဖြစ်အောင်၊ အကုန်အကျလည်း သက်သာအောင်၊ စားလို့လည်းကောင်းအောင်၊ အ၀လည်း စားလို့ရအောင် မှိုထမင်းသုပ်နဲ့ ကြက်သားကြော်လေး လုပ်ကျွေးပါခဲ့တာလေးကို မျှဝေပေးလိုက်ပါတယ်နော်။
မှိုထမင်းသုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းလေးတွေကို ပြောပြပါမယ်နော်။
ဆန် နို့ဆီဗူး (၄) လုံး
ကောက်ရိုးမှိုအလုံး (၂၅) ကျပ်သား
ကြက်သား ရင်အုပ်သား၊ ပေါင်သား (၇၅) ကျပ်သား
ကြက်သွန်ဖြူ (၂၀) ကျပ်သား
ကြက်သွန်နီ (၃၀) ကျပ်သား
ချင်း
ငရုတ်သီးအပုအပွတောင့် (၁၅) ကျပ်သား
ပုဇွန်ခြောက် (၁၅) ကျပ်သား
ငရုတ်သီးအစိမ်း
သံပုရာသီး
ငံပြာရည်
ဆီ
နနွင်း
ဆား
သကြား
အချိုမှုန့်
နံနံပင်၊ ဂျူးမြစ်၊ ကြက်သွန်မြိတ်တို့ပါနော်။
ဆန်နို့ဆီဗူး(၄)လုံးကို သန့်စင်အောင် ရေဆေးပြီး ပေါင်းအိုးနဲ့ တည်ပေးထားပါ။ ထမင်းသား မပျော့မမာစေဘဲ အနေတော်ဖြစ်အောင် ချက်ပေးပါ။
ကောက်ရိုးမှိုအလုံးမှာ ကပ်ငြိနေတဲ့ ကောက်ရိုးမျှင်လေးတွေကို ဓားနဲ့အသာအယာသန့်ရှင်းရေး လုပ်၊ ရေနဲ့စင်ကြယ်အောင်ပွတ်ဆေးပြီး ရေစစ်ပေးပါ။ ပြီးရင် မှိုလုံးလေးတွေကို ဓားနဲ့ ထက်ခြမ်းခြမ်းပေးထားပါ။
ကြက်သားကို ရင်အုပ်သားနဲ့ ပေါင်သားတို့ကို ရွေးဝယ်ပြီး သန့်ရှင်းရေးပြုလုပ်ပြီး ရေစင်အောင်ဆေးပေးပါ။ ပြီးရင် ကြက်သားကို ဆား၊ သကြား၊ အချိုမှုန့်တို့နဲ့အတူ ချင်းရည်လေးပါညှစ်ထည့်ပြီး နယ်ပေးထားပါ။
ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာ၊ အလုံးလိုက်ရေဆေးပြီး ပါးပါးလေးတွေ လှီးပေးထားပါ။
ငရုတ်သီးအပုအပွတောင့်ကို အညှာခြွေ၊ အစေ့ထုတ်ပြီး ရေနွေးပူပူနဲ့ လောင်းချပြီး ဆေးပစ်လိုက်ပြီးမှ နောက်တစ်ရေ အသစ်လဲပြီး ငရုတ်သီးကို စိမ်ပေးပါ။ ပြီးရင် ငရုတ်ဆုံထဲကို ငရုတ်သီးတွေ ထည့်ပြီး ညက်အောင် ထောင်းပေးပါ။
ပုစွန်ခြောက်ကိုလည်း ညက်အောင်ထောင်းပေးထားပါ။
နံနံပင်၊ ဂျူးမြစ်နဲ့ ကြက်သွန်မြိတ်၊ သံပုရာသီး တို့ကိုလည်း သန့်ရှင်းရေးလုပ်ပြီး ရေစင်အောင်ဆေး ပေးပြီး ရေစစ်ထားပါ။ သံပုရာသီးကိုလည်း အစိတ်လေးတွေ စိတ်ပေးထားပါ။
မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးခပ်ပြီးတော့ ကြက်သားတုံးတွေကို ဒယ်အိုးထဲ စီစီရီရီထည့်ပါ။ ကြက်သားမကပ်စေအောင် ဆီများများနဲ့ ကြော်ပေးပါ။ တစ်ဘက်ကျက်ရင် နောက်တစ်ဘက်ကိုလှန်ပေးပါ။ အဲ့ဒီလိုနဲ့ ကြက်ကြော်လေးကို အရောင်နီနီလေးနဲ့ အကျက်ညီ အကြွပ်ညီအောင် ကြော်ပြီးရင် ဇကာတစ်ခုထဲထည့်ပြီး ဆီစစ်ပေးထားပါ။ ကြက်သားကြော်တွေ ပျော့မသွားအောင် ပူနေတဲ့ ကြက်သားတုံးတွေ တစ်ခုနဲ့တစ်ခု မထပ်မိစေနဲ့နော်။
ကြက်သားကြော်ပြီးရင် အဲ့ဒီဆီတွေကို တခြားဒယ်အိုးတစ်လုံးထဲ ပြောင်းထည့်ပြီး ဆီပူအောင်တည်ပြီး ထောင်းထားတဲ့ ငရုတ်သီးတွေထည့်ပြီး ငရုတ်ဆီ ချက်ပေးပါ။ ငရုတ်ဆီကျက်ပြီဆိုရင် ဇလုံတစ်လုံးထဲ ပြောင်းထည့်ပေးထားပါနော်။
ပြီးရင် ကြက်သွန်ဖြူနီဆီချက်ကြော်ဖို့ ဒယ်အိုးတစ်လုံးကို မီးဖိုပေါ်တင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့် ထည့်ပြီး လှီးထားတဲ့ ကြက်သွန်နီတွေကို အရင်ထည့်ကြော်ပေးပါ။ ကြက်သွန်နီတွေ နည်းနည်းနွမ်းလာပြီဆိုရင် ကြက်သွန်ဖြူပါထည့်ပြီး ကြော်ပေးပါ။ မီးအားသိပ်မပြင်းစေဘဲ မီးအသင့်အတင့်နဲ့ ကြက်သွန်တွေကို သေချာ အကျက်ညီအောင် မွှေပေးပါ။ ကြက်သွန်အရောင် ရွှေရောင်လေးပြောင်းလာပြီဆိုရင်တော့ ကြက်သွန်ကြော်အဖတ်တွေကို ဆီထဲကနေ ဆယ်ယူပြီး ပန်းကန်ပြားတစ်ချပ်ထဲ ထည့်ပေးပြီး အအေးခံထားပါ။ ဆီတွေကိုလည်း ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး အအေးခံထားပေးပါ။
ဆီချက်ကြော်တဲ့ ဒယ်အိုးထဲနဲ့ပဲ မှိုထည့်ပြီး လုံးပေးပါ။ မှိုထဲကို ဆား၊ သကြားလေးနည်းနည်း၊ အချိုမှုန့်လေး ထည့်ပြီး လုံးပေးပါ။ မှိုက နူးညံ့တာမို့ ခဏလေးနဲ့ နူးတယ်နော်။ အဲ့ဒါဆိုရင် မှိုရပြီနော်။
ထမင်းလည်းကျက်ပြီ၊ မှိုလည်း ရပြီ၊ ငရုတ်ဆီကျက်၊ ကြက်သွန်ဖြူနီဆီကျက်လည်းရပြီ၊ ကြက်သားကြော်လည်း ကျက်ပြီ၊ ထမင်းသုပ်ဖို့ ကျန်တာတွေလည်း အားလုံးအသင့်ဖြစ်ပြီဆိုရင် ထမင်းသုပ်ဖို့ ပြင်ကြရအောင်နော်။
ဇလုံတစ်လုံးထဲကို ထမင်းထည့်၊ မှိုထည့်၊ ငရုတ်သီးဆီကျက်၊ ကြက်သွန်ဆီချက်အရည်တို့ထည့်၊ ဆား၊ ငံပြာရည်၊ အချိုမှုန့်၊ ပုဇွန်ခြောက်မှုန့်ထည့်၊ ပြီးရင် သံပုရာရည်ညှစ်ထည့်၊ ကြိုက်တတ်ရင် ငရုတ်သီးစိမ်းလေးတွေကို ညှပ်ထည့်ပြီး အားလုံးကို နှံ့အောင် နယ်ပေးပါ။ အရသာအပေါ့အငံကိုလည်း ကိုယ်ကြိုက်တတ်သလိုလေး ကဲထည့်ပေးပါ။ အဲ့ဒါဆိုရင် မှိုထမင်းသုပ် ချဉ်ငံစပ်လေးရပါပြီ။
ပန်းကန်ပြားတစ်ချပ်ထဲကို မှိုထမင်းသုပ်လေးထည့်၊ အပေါ်က ကြက်သွန်ကြော်ဖြူး၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ဂျူးမြစ်တို့ထည့်၊ ကြက်သားကြော်လေးတွေကို အသားထွင်ပြီး ထည့်ပေး၊ ကြိုက်တတ်ရင် မြေပဲဆံကြော်လေးဖြူးထည့်ပေးလိုက်ရင်ဖြင့် အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ မှိုထမင်းသုပ်လေး ရပြီနော်။
သတ်သတ်လွတ်မှိုထမင်းသုပ်ဆိုရင်တော့ ပုဇွန်ခြောက်၊ ငံပြာရည်မထည့်ဘဲ သုပ်ပေးပါနော်။
5 comments:
  1. စားချင်တယ့့်  စားချင်တယ့့် 
    နာလိုဘူ့း့  နာလိုဘူ့း့ 
    ReplyDelete
  2. မှိုထမင်းသုပ်လေး လုပ်စားကြည့်ဦးမယ် မလုရေ.. တခါမှ မစားဖူးဘူး။ စာဖတ်ရင်း သွားရည်ကျပြီး စားချင်လာပြီ။ ပစ္စည်းတွေကလည်း ဒီမှာရှိလောက်တယ်ဆိုတော့ တနေ့နေ့တော့ လုပ်စားဖြစ်မှာ သေချာတယ်... :D
    ReplyDelete
  3. မလုလု ရဲ့ လင့်ခ် ကလေးကိုရလို့ လည်
    လည် လာပါတယ်နော်။ ပျော်စရာကောင်းလိုက်တာရှင်။
    တကယ်ပါ၊ စားစရာတွေအများကြီးပဲ..လုပ်စားရဦးမယ်။
    မလုလု ဘလော့ဂ် က ဂွတ်တယ်တဲ့ ကျမ ကြားဖူးတယ်၊
    ဒါပေမယ့် အခုမှ ပထမဆုံးအကြိမ် အလည်ရောက်ခဲ့တာပါရှင်။ နောက်လည်း မကြာခဏ
    လာမယ်နော်။ လင့်ခ် သွားတာပဲကောင်းမယ်ထင်တယ်၊
    အဲ့ဒါမှ အမြဲရောက်မှာ။ လင့်ခ် ခွင့်ပြုပါနော်။ :D
    ခင်မင်လျှက်..
    ReplyDelete
  4. မနုစံရေ့  လုပ်စားကြည့်နော်။
    အရသာတစ်မျိုးထူးတယ်အမရေ့  လုပ်ရတာလည်း လွယ်တယ်လေနော်။ အသားကြော်မပါလည်း အရသာက ရှိပြီးသားပါ။
    ကီကေနဲ့ အမည်မသိတို့ကိုလည်း ကျေးဇူးတင်ပါတယ်နော်။
    ReplyDelete