Thursday, June 5, 2008

ခရုသုပ်


အားလုံးသော မောင်နှမများ မင်္ဂလာပါနော်။ နာဂစ်ကတည်းက ကျွန်မမောင်နှမတွေနဲ့ အဆက်အသွယ်ပြတ်သွားတာ အခုမှ ပြန်ချက်ကျွေးပါဦးမယ်။ နာဂစ်နောက်ပိုင်း ကျွန်မတို့ခိုးသုံးနေတဲ့ အင်တာနက်လိုင်းက နာဂစ်စာမိသွားလို့ ခုထိ ပြန်မရသေးဘူးလေ။ အခု စိုင်ဘာကဖေးကနေလာသုံးတာ။ ကျော်တဲ့ခွတဲ့လင့်ခ်တွေလည်း မသိတော့ ပို့စ်လေးရိုက်ပြီး ၀ိုင်းတော်သားတွေဆီကို မေးလ်နဲ့ ပို့ပေးထားလိုက်မယ်နော်။ ၀ိုင်းတော်သားတွေ ဆက်လက်ပြီး ဘလော့ဂ်ပေါ်အရောက် တင်ပေးပါလိမ့်မယ်နော်။

ဒီနေ့တော့ ခရုသုပ် သုပ်ကျွေးပါရစေ။

ခရုသုပ်လုပ်ဖို့လိုအပ်တဲ့ပစ္စည်းတွေကတော့ ခရုအသား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှောက်ရွက်၊ သံပုရာသီး၊ ငရုတ်သီးစိမ်း၊ ငံပြာရည်၊ ဆီ၊ နနွင်းမှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ဆားနဲ့ သကြားအနည်းငယ်တို့ပါ။







ခရုအသားတွေကို ရေနဲ့သေချာစင်အောင်ဆေးပြီး မစင်တွေဖယ်ပစ်၊ ရေစစ်၊ ပြီးတော့ ဆား၊ သကြား၊ အချိုမှုန့်၊ ငံပြာရည်အနည်းငယ်တို့နဲ့ နယ်ပေးပါ။


ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံသင်ပြီး ကြက်သွန်နီကို ထက်ခြမ်းခြမ်း၊ ပါးပါးလှီးပြီး ရေစင်အောင်ဆေးပြီး ရေစစ်ပေးထားပါ။


ကြက်သွန်ဖြူကိုလည်း ပါးပါးလှီးပေးထားပါ။ ငရုတ်သီးစိမ်းနဲ့ရှောက်ရွက်ကို ရေဆေးပြီး ပါးပါးလှီးပေးထားပါ။ သံပုရာသီး စိပ်ထားပေးပါ။


အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်ပြီးတော့ ဆီနည်းနည်းထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေး နည်းနည်းခပ်ပြီး ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူ ထည့်ပြီးကြော်ပါ။


ကြက်သွန်လေးတွေ ၀ါရောင်သန်းလာပြီဆိုရင် ဒယ်အိုးကို မီးဖိုပေါ်ကနေ ချလိုက်ပြီး ဆီအပူရှိန် ကြက်သွန်ကြော်လေးတွေ ရဲလာတဲ့အထိ မွှေပေးပါနော်။ ပြီးရင်တော့ ဆီချက်တွေကို ပန်းကန်လုံးတစ်လုံးထဲ ထည့်လိုက်ပါနော်။
ပြီးတော့မှ ဒယ်အိုးကို မီးဖိုပေါ်ပြန်တင်ပြီး နယ်ထားတဲ့ ခရုတွေကိုထည့်၊ ရေလေး ခရုအသားမြုပ်ရုံထည့်၊ ဒယ်အိုးအဖုံးအုပ်ပြီး တည်ပေးပါ။ ရေခမ်းခါနီးကျ ခရုအသားတွေကို ဟိုဘက်ဒီဘက်လှန်ပေးပြီး ရေခမ်းပါစေနော်။


ခရုအသားကျက်ပြီးသားကို အအေးခံ၊ လက်နဲ့ ကိုင်နိုင်တဲ့ အနွေးဓာတ်လေးရောက်တဲ့အခါ ခရုအသားတွေကို ပါးပါးလှီးပေးပါ။ ခရုအသားတွေ လှီးပြီးသားရပြီဆိုရင်တော့ ဇလုံတစ်လုံးယူ၊ လှီးထားတဲ့ ခရုအသား၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ရှောက်ရွက်၊ ငံပြာရည်၊ သံပုရာရည်၊ ဆီချက်၊ ငရုတ်သီးအကျက်မှုန့်၊ ( ကြိုက်တတ်ရင် ပဲမှုန့် အကျက်မှုန့်ပါထည့် ) ထည့်ပြီး အားလုံးနှံ့အောင် နယ်ပေးပါ။ အရသာကိုတော့ ကိုယ်ကြိုက်တဲ့အရသာ ကဲထည့်ပေါ့။


ကျွန်မကတော့ ချဉ်စပ်အရသာလေးကို ပိုကြိုက်တယ်။ ခရုအသားလေးက ၀ါးရတာ မာထုတ်ထုတ်လေးနဲ့ အရသာပြင်းပြင်းလေးဆို သိပ်ကောင်းတယ်လေ။ ရှောက်ရွက်နံ့လေးကလည်း သင်းလို့။ အော် ... မေ့လို့ ငရုတ်ကောင်းမှုန့်လေးပါ ထည့်ဖြူးပြီး သုပ်လိုက်နော်။ ဗိုက်မနာရအောင်ပေါ့။


အဲ့ဒါဆိုရင်တော့ အရသာရှိလှတဲ့ ခရုသုပ်လေးရပါပြီနော်။ ဟင်းခါးပူပူလေးတစ်ခွက် ဒါမှမဟုတ် ရေနွေးပူပူလေးနဲ့ဆိုရင်တော့ အခုလို မိုးရွာတဲ့နေ့မှာ အရမ်းကို လိုက်ဖက်ညီတဲ့ အသုပ်လေးပေါ့နော်။


ချစ်မောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေနော်။

5 comments:

  1. ဒီပို့စ်ကို ဖတ်၊ သွားရည်ကျပြီး ပြန်သွားပါတယ်။

    ReplyDelete
  2. မလုရေ.. ခရုသုပ်က စားကောင်းမှာပဲ.. ဒီမှာဆို ဘယ်လို ခရုမျိုးကို သုပ်ရမလဲဆိုတာ အကြံပေးပါဦး။ ကမာလိုမျိုးတွေလည်းတွေ့တယ်။ တစ်ခါမှ မစားဖြစ်ဘူး။ ဘယ်လိုချက်စားရမလဲမသိတာလည်းပါတာမို့ ခရု၊ ကမာဆိုရင် စားကြည့်ဖို့စိတ်မကူးမိဘူး။ ရေဘ၀ဲတောင် Takoyaki မှာပဲ စားဖူတာ မလုရေ.. :)

    ReplyDelete
  3. ခက်ခက်ခဲခဲ ရောက်လာပြီး ကျွေးတာ ကျေးဇူး တင်ပါတယ် =)

    ReplyDelete
  4. အွန်လိုင်းမှာမွှေရင်း ဗိုက်ဆာလာလို့ ဝင်ကြည့်လိုက်တာ ခရုသုပ်ပို့စ်ကို ဖတ်ပြီး ဘီယာခွက်ကလေးပါ ပြေးမြင်လာတယ် ဟီးဟီး။

    ReplyDelete