Tuesday, April 22, 2008

သင်္ဘောသီးသုပ် (မွန်သုပ်)


နေပူပူ လေပူပူ ဒီလိုအချိန်မှာ ဆီပြန်ဟင်းတွေ၊ ဆီကြော်တွေ မစားချင်၊
အစားအသောက် မစားချင်လောက်အောင် ခံတွင်းပျက်တဲ့အချိန်မှာ
ဘာစားရရင်ကောင်းမှာလဲဆိုပြီး တွေးမိတာ အကြိမ်ကြိမ်။ သင်္ဘောပင်မှာ
ကြည့်လိုက်တော့ အသီးကလည်း အဆင့်သင့်ရှိတယ်ဆိုတော့ အစားအသောက်ပျက်
နေတာလည်း ပျောက်သွားအောင်၊ လျှာလည်သွားရအောင် သင်္ဘောသီးကို မွန်သုပ်လေး
ချဉ်ချဉ်စပ်စပ်လေး သုပ်မယ်လို့ စိတ်ကူးရမိပါတယ်။
မွန်သုပ်ဆိုတော့ ဆီမပါသလို ပဲမှုန့်လည်း မပါဘူး။ ပြီးတော့
အားလုံးသိတဲ့အတိုင်း မင်းသားချောမရမ်းပြားနဲ့ မင်းသမီးချော
ငရုတ်သီးစိမ်းတို့က မပါမဖြစ်လေ။ သူတို့က ထိပ်တန်းမင်းသား၊
မင်းသမီးတွေပေါ့။ ဇာတ်ပို့ ငါးပိစိမ်းစားကလည်း သူမပါရင် ပွဲပျက်မယ်တဲ့လေ။
ကဲ့  မွန်သုပ်အတွက် ဘာတွေလိုလဲ အရင်ပြောပြမယ်နော်။ သင်္ဘောသီးစိမ်း၊
မရမ်းပြား၊ မိုးမျှော်ငရုတ်သီး အစိမ်းနဲ့ အမှည့်၊ ကြက်သွန်ဖြူ၊
ငရုတ်ကောင်း၊ ငါးပိစိမ်းစား၊ ပုစွန်ခြောက်၊ ဆား၊ အချိုမှုန့်တို့ပါနော်။



သင်္ဘောသီးကို အခွံနွှာ၊ ထက်ခြမ်းခွဲ၊ အစေ့ထုတ်၊ ရေဆေးပြီး သင်္ဘောခြစ်နဲ့
ခြစ်ပေးပါ။ ရလာတဲ့ သင်္ဘောသီးတွေကို အစေးတွေကုန်သွားအောင်
အရည်ညှစ်ထုပ်ပစ်ပါ။ ငါးပိစိမ်းစာကို မီးကင်ပေးထားပါ။ ငရုတ်သီးစိမ်းတွေကို
ရေဆေး၊ အညှာခြွေ၊ ရေစစ်ပေးထားပါ။
ပြီးရင် ငရုတ်ဆုံထဲကို ငရုတ်သီးတွေထည့်ပြီးထောင်း၊ မျက်လုံးထဲ ငရုတ်သီးမစင်ရလေအောင် ပုစွန်ခြောက်တွေပါ ထည့်ထောင်း၊ ပြီးရင် မရမ်းပြားတွေထည့်၊ တစ်လက်စတည်း ကြက်သွန်ဖြူ၊ ငရုတ်ကောင်းစေ့၊ မီးဖုတ်ထားတဲ့ ငါးပိစိမ်းစားတို့ကိုပါ ဆက်ထောင်းပေးပါနော်။ အဲ့ဒါဆိုရင် အဆာပလာ အားလုံးအဆင်သင့်ဖြစ်သွားပါပြီ။
အားလုံးအသင့်ဖြစ်ရင် ဇလုံတစ်လုံးထဲကို သင်္ဘောသီးထည့်၊ ခုနက ထောင်းထားတဲ့
အဆာပလာတွေထည့်၊ ဆားလေးနဲ့ အချိုမှုန့်လေးနည်းနည်းစီထည့်ပြီး သမအောင်
နယ်ပေးပါ။ သင်္ဘောသီးနဲ့ အဆာပလာ နှံ့ဖို့ကို တော်တော်လေး ဂရုစိုက်ပြီး
နယ်ပေးပါနော်။ နှံ့ပြီဆိုရင် အပေါ့အငံ အရသာကို မြည်းပြီး လိုတဲ့ အရသာကို
ထပ်ဖြည့်ပေးနော်။ အဲ့ဒါဆိုရင်တော့ မရမ်းပြား မိုးမျှော်သီးနဲ့
မွန်စတိုင်လ်သုပ်တဲ့ သင်္ဘောသီးသုပ်လေး ရပါပြီနော်။ ရေနွေးကြမ်းလေးနဲ့
သင်္ဘောသီးသုပ်ချဉ်ငံစပ်လေးဆိုတော့ လျှာဂျွမ်းပြန်ဖြစ်နေတော့တာ။ ချွေးလည်း
သုပ်၊ နှာရည်လည်း ညှစ်ရနဲ့ လက်မလည်ဖြစ်နေမှာတော့ မြင်ယောင်မိသေ့း့ 

4 comments:

  1. မရမ်းပြားက ဘယ်လိုထည့်ရမလဲ မပါဘူးဖြစ်နေတယ်
    ပြောပေးပါနော်

    ReplyDelete
  2. chim ရေ ကျေးဇူးပါနော်။ လု အလောကြီးသွားလို့ပါ။
    မောင်နှမများအားလုံး ဒီလိုပြင်ဖတ်ပေးကြပါနော်။

    ပြီးရင် ငရုတ်ဆုံထဲကို ငရုတ်သီးတွေထည့်ပြီးထောင်း၊ မျက်လုံးထဲ ငရုတ်သီးမစင်ရလေအောင် ပုစွန်ခြောက်တွေပါ ထည့်ထောင်း၊ ပြီးရင် မရမ်းပြားတွေထည့်၊ တစ်လက်စတည်း ကြက်သွန်ဖြူ၊ ငရုတ်ကောင်းစေ့၊ မီးဖုတ်ထားတဲ့ ငါးပိစိမ်းစားတို့ကိုပါ ဆက်ထောင်းပေးပါနော်။ အဲ့ဒါဆိုရင် အဆာပလာ အားလုံးအဆင်သင့်ဖြစ်သွားပါပြီ။

    ReplyDelete
  3. မော်လမြိုင်ကို သတိရလိုက်တာ..ကျိုက္ခမီက ကျောက်ပွင့်သုပ်လေး စားချင်လိုက်တာ..သုတ်နည်းလေး သိရင်ပြောပြပေးပါလား..ဒီတစ်ခါမြန်မာပြည်ပြန်ရင် သုပ်စားကြည့်ချင်လို့..နောက်ထပ်မွန်ဟင်းလေးတွေ ရှိရင်ချက်ပါအုံးနော်..ဒီ blog ကိုလာတိုင်း ဗိုက်ဆာရတယ်.. :D..သိလား

    ReplyDelete
  4. မွန်ပြည်ကို လွမ်းလိုက်တာ၊ ကိုယ့်ရိုးရာ အစားအသောက်တွေ လုလု ဘလော့မှာ ဖတ်ပြီး အလွမ်း ဖြေနေရတယ်၊၊ ကျေးဇူးပါဘဲ လုလုရယ်၊၊

    ReplyDelete