Friday, April 25, 2008

ပြည်ကြီးငါးငပိချက်

ပြည်ကြီးငါးကို အသီးအရွက်တွေနဲ့ အစိမ်းကြော်ကြော်တာ၊ တန်ပူရာကြော်တာ၊ ဟင်းရည်သောက် ချက်တာ၊ ကျောက်ပွင့်တို့၊ ခရမ်းချဉ်သီးတို့နဲ့ သုပ်တာအပြင် ဆီပြန်ဟင်းလည်း ချက်စားတတ်ကြပါသေးတယ်။ ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမတွေကို ပြည်ကြီးငါးကို ခရမ်းချဉ်သီးလေးနဲ့ ငါးပိချက်လေး ချက်ကျွေးပါရစေနော်။

ပြည်ကြီးငါးငပိချက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို အရင်ပြောပြရရင်ဖြင့် ပြည်ကြီးငါး၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးအရောင်မှုန့်၊ ငရုတ်သီးစိမ်း၊ ငါးပိစိမ်းစား၊ ဆီ၊ ဆား၊ နနွင်းမှုန့်၊ အချိုမှုန့်အနည်းငယ်နဲ့ သကြားတို့ပါနော်။

ပြည်ကြီးငါးကို ဈေးက၀ယ်လာပြီးတဲ့အခါ လက်တွေဖြုတ်၊ ပြီးတော့ အပေါ်က ခရမ်းရောင် အရေခွံတွေ ဆုပ်ပစ်၊ မျက်လုံးထဲက အမဲအိပ်လေးတွေကို အိပ်မပေါက်အောင် သတိထားပြီး ဖယ်ပစ်၊ ပြီးတော့ လက်ချောင်းတွေရဲ့ အထက်နားက အမဲရောင် အလုံးလေးတွေကို ညှစ်ပြီး ဖယ်ရှားပစ်ပါနော်။ ပြီးတော့ ရေနဲ့ သေချာ အထပ်ထပ်ဆေးပစ်ပါ။ အသားဘက်အပိုင်းကိုလည်း ဓားနဲ့ ပိုင်းပြီး အထဲက အညစ်အကြေးတွေ ကုန်စင်အောင် ဆေးကြောပေးပြီး လိုအပ်တဲ့အရွယ်လေးတွေဖြစ်အောင်လှီးပြီး ရေစစ်ပေးထားပါနော်။ ပြီးရင် ချင်းကို အခွံနွှာ၊ ညက်အောင်ထောင်းပြီး ချင်းရည်နဲ့ ပြည်ကြီးငါးတွေကို နှံ့အောင် နယ်ပြီး ၁၅ မိနစ်လောက် နှပ်ထားလိုက်ပါနော်။


အဲ့ဒီအချိန်အတွင်းမှာ ငရုတ်သီးအရောင်မှုန့်နည်းနည်းကို ရေနဲ့ဖျော်၊ ပြီးတော့ ကြက်သွန်ဖြူနီတို့ကို အခွံနွှာ၊ ရေဆေးပြီး ငရုတ်သီးနဲ့ ရောထောင်းပေးထားပါနော်။ ပြီးရင်တော့ ခရမ်းချဉ်သီးတွေကို ရေဆေး၊ ထက်ခြမ်းခွဲ၊ အစေ့ထုတ်ပြီး ခပ်ပါးပါးလေးတွေဖြစ်အောင် လှီးပေးထား၊ ငရုတ်သီးစိမ်းကိုလည်း ရေဆေး၊ အညှာခြွေပြီး ထက်ခြမ်းခြမ်းပေးထားပါ။

အားလုံး အသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် အိုးတစ်လုံးတင် ရေထည့်ပြီး ရေပွက်ပွက်ဆူအောင် အရင်တည်၊ ရေနွေးပွက်ပွက်ဆူတာနဲ့ နှပ်ထားတဲ့ ပြည်ကြီးငါးတွေကို ထည့်ပြီး ၂ မိနစ်လောက် အဖုံးဖွင့်ပြီးတည်၊ ပြီးတာနဲ့ အရည်တွေကို သွန်ပစ်ပြီး ပြည်ကြီးငါးအဖတ်တွေကို ဆယ်လိုက်ပါ။ အဲ့ဒါဆို ပြည်ကြီးငါး ညှီနံ့ ပျောက်ပြီး ချင်းနဲ့ မွှေးမွှေးလေးဖြစ်နေတဲ့အပြင် အသားတွေကိုလည်း ပျော့ပျော့လေးဖြစ်နေရာကနေ မာမာလေးဖြစ်သွားစေ ပါတယ်။

ပြီးရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးခပ်၊ ပြီးတော့ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်ထည့်ပြီး ဆီသတ်ပါ။ ဆီသတ်နံ့မွှေးလာတဲ့အခါ ခရမ်းချဉ်သီးထည့်၊ တစ်လက်စတည်း ဆား၊ အချိုမှုန့်အနည်းငယ်နဲ့ ငါးပိစိမ်းစားကွမ်းသီးလုံးလောက်ထည့်ပြီး ဆီသတ်ပေးပါနော်။ ခရမ်းချဉ်သီးထဲက အရည်တွေနဲ့ ခရမ်းချဉ်သီးကြေတဲ့အထိ တည်ပေးပါ။ ခရမ်းချဉ်သီးကြေပြီဆိုရင် ပြည်ကြီးငါးတွေထည့်ပြီး အားလုံးနှံ့အောင်မွှေ၊ ပြီးတော့မှ ရေလေးလက်ဖက်ရည်ပန်းကန်လုံးတစ်လုံးလောက်ထည့်ပြီး ဟင်းအိုးနှံ့အောင် မွှေ၊ အဖုံးအုပ်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါနော်။ ဟင်းအိုးပွက်ပွက်ဆူလာရင် ဆီကျန်ရေကျန်လေး ဖြစ်နေတဲ့အချိန်မှာ ဟင်းအိုးအပေါ့အငံမြည်း၊ လိုအပ်တဲ့ အရသာထပ်ဖြည့်ပြီးတော့ ထက်ခြမ်းခွဲထားတဲ့ ငရုတ်သီးစိမ်းလေးတွေအုပ်ပြီး ဟင်းအိုးချလိုက်ရုံပါပဲ။ အဆင်သင့်လည်းရှိ၊ ကြိုက်လည်း ကြိုက်တတ်မယ် ဆိုရင်တော့ နံနံပင်၊ ဒါမှမဟုတ် ရှမ်းနံနံလေးပါ အုပ်လိုက်ဦးနော်။ အဲ့ဒါဆိုရင်တော့ ပြည်ကြီးငါး ခရမ်းချဉ် သီးချက်လေး ရပါပြီနော်။ တချို့ကလည်း ပြည်ကြီးငါး ငပိချက်လို့လည်း ခေါ်ကြတာပေါ့နော်။ ကန်ဇွန်းရိုးနီ အချဉ်ပြုတ်တို့စရာ၊ အသီးအရွက်ကြော်တမျိုးမျိုး၊ ပဲဟင်းလေးနဲ့ဆိုရင်တော့ အလိုက်ဖက်ဆုံးပဲပေါ့နော်။

ချစ်မောင်နှမများအားလုံးလည်း ပူလောင်လှတဲ့ နေပူပူမှာ ခံတွင်းသွက်သွားစေမယ့် ဟင်းလေးနဲ့ တ၀ကြီး အားရပါးရ လွေးလိုက်ကြပါဦးနော်။

2 comments:

  1. မမ လု.. ဘာလို့ ညီမလေးကြိုက်တာချည်းပဲ..
    ချက်တာလဲ...ငိုချင်လာပြီ.. အဟင့်..ဟင့်..

    ReplyDelete
  2. မလုရေ.. ပြည်ကြီးငါးက ဒီမှာရပေမယ့် တခါမှ ချက်မစားဖြစ်ဘူး။ အခုတော့ မလုပြောသလိုချက်စားကြည့်ဦးမယ်.. ကျေးဇူး.. :D

    ReplyDelete