Sunday, April 20, 2008

ငါးဂျူးမြစ်သရက်သီးချက်


သင်္ကြန်ရက်တွေတုန်းက အိမ်မှာပဲနေပြီး လုပ်စရာရှိလုပ်နေရပေမယ့် စိတ်က
အွန်လိုင်းက မောင်နှမတွေကို သတိရနေတာ၊ နှစ်ဆန်းနှစ်ရက်နေ့လည်းကျရော
မနေနိုင်မထိုင်နိုင်နဲ့ အွန်လိုင်းကို အပြေးအလွှား တက်တော့တာ။
အကျော်အခွဆော့ဖ်ဝဲလ်တွေသုံးပြီး ဘလော့ဂ်ကို တစ်ဖက်၊ ဂျီမေးလ်ကိုတစ်ဖက်
ခပ်သွက်သွက်လေး ၀င်လိုက်တဲ့အခါမှာ ညီမလေးတစ်ယောက်ရဲ့ မေးလ်ကို
ဖတ်လိုက်ရတော့ သူတို့ဇနီးမောင်နှံကိုယ်စား အရမ်းကို
ဝမ်းသာပီတိဖြစ်မိသွားသလို ငါလည်း ကြီးတော်လုဖြစ်ဦးမှာပါလားလို့
တစ်ကိုယ်တည်း တွေးပြီး ပြုံးမိပြန်ပါတယ်။ ပြီးတာနဲ့ ဂျီတော့ခ်ကို ၀င်ပြီး
အဲ့ဒီညီမလေးကို ကွန်ဂရက်ကျူလေးရှင်းလုပ်၊ ပြီးတော့ ကျန်းမာရေးရော
အနေအထိုင်အစားအသောက်ရော အစစအရာရာ ဂရုစိုက်ဖို့ မှာရင်း စကားတွေ
အပြန်အလှန် လက်ဆုံကျမိနေပြန်ရော။ ညီမလေးက ကိုယ်ဝန်ရှိခါစမို့
ခံတွင်းပျက်ပြီး မကြာခဏ အန်ချင်နေတဲ့အကြောင်း၊ ဘာကိုမှ
စားချင်စိတ်မရှိပေမယ့် ငါးကို သရက်သီးလေးနဲ့ ငါးပိချက်လို ချက်ထားတာလေး
စားချင်တဲ့အကြောင်း စကားစပ်မိတာနဲ့ ညီမလေး တကယ်မစားရတောင်
အာသာပြေလေးဖြစ်အောင် ချက်ကျွေးမယ်လို့ ကတိပေးခဲ့မိ ပါတယ်။ ဒီလိုနဲ့ပဲ
ငါးဂျူးမြစ်သရက်သီးချက်လေး ချက်ဖြစ်ခဲ့ပါတယ်။
ဟင်းမချက်ခင် လိုအပ်တဲ့ပစ္စည်းတွေကို ပြောပြပါရစေဦးနော်။ ငါးကြင်းဖြူ၊
သရက်သီးဝင်းရောင်၊ ဂျူးမြစ်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးအပုတောင့်၊ ချင်း၊
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ စိမ်းစားငါးပိ၊ ငံပြာရည်၊ ဆား၊
အချိုမှုန့်၊ နနွင်းမှုန့်နဲ့ ဆီတို့ပါနော်။<ငါးကြင်းကို ၀ယ်ကတည်းက အလယ်သားကောင်းကောင်းကိုဝယ်၊ ပြီးတော့ အကြေးထိုး၊

ရေသန့်စင်အောင် ဆေးပြီး အရွယ်တော်အတုံးလေးတွေတုံး၊ ပြီးတော့ ငံပြာရည်၊
ဆား၊ အချိုမှုန့်လေးနဲ့ နယ်ပြီး နှပ်ထားပါနော်။ ငရုတ်သီးအပုတောင့်ကို
အညှာခြွေ၊ အစေ့ထုတ်၊ ရေနွေးလေးနဲ့ဆေး၊ ရေညှစ်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်း၊
ပြီးရင် တစ်လက်စတည်းချင်း၊ ကြက်သွန်ဖြူနဲ့ကြက်သွန်နီကို အခွံနွှာပြီး
ထည့်ထောင်းပေးပါနော်။
အခုအချိန်မှာ သရက်သီးတွေက ၀င်းရောင်လေးတွေ ဖြစ်နေပြီ၊ တချို့ဆို ခူးပြီး
အုပ်ထားလို့ရပြီး အမှည့်တောင် စားလို့ရနေပြီ။
အဲ့ဒီလိုသရက်သီးဝင်းရောင်လေးတွေနဲ့ ဟင်းချက်စားတဲ့အခါ ချိုချဉ်လေးနဲ့မို့
လျှာမှာ အရသာ က ချိုတလှည့် ချဉ်တလှည့်နဲ့ လျှာလည်နေတော့တာ။
သရက်သီးလေးတွေကို အညှာကို တိကနဲ နေအောင် ဖြတ်၊ အစေးတွေထွက်နိုင်သလောက်
ထွက်သွားအောင် ရေစိမ်ပေးထား၊ ပြီးတော့ အခွံနွှာပြီး သရက်သီးကို ဓားလေးနဲ့
ပေါက်ပေးပါနော်။ အဲ့ဒါဆိုရင် သရက်သီးဝါဖန့်ဖန့်လေးတွေက စီစီရီရီနဲ့
ထွက်လာပါ တော့တယ် နော်။ ခရမ်းချဉ်သီး နှစ်လုံးလောက်ကိုလည်း ရေဆေးပြီး
ခပ်ပါးပါးလေးလှီးပေးထားပါနော်။ ဂျူးမြစ် လေးတွေကို လည်း ရေစင်အောင်ဆေး၊
ပြီးတော့မှ အမြစ်လေးတွေကို ၂ လက်မအရှည်လောက် ရအောင် ဖြတ် ထားပါနော်။
ငရုတ်သီးစိမ်းလေးတွေကိုလည်း ရေဆေး၊ အညှာခြွေပြီး
ဓားပြားလေးရိုက်ထားပေးပါနော်။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီနည်းနည်းထည့်၊
ဆီပူလာပြီဆိုရင်တော့ နနွင်းမှုန့်လေးခပ်၊ ပြီးတော့ ထောင်းထားတဲ့
ငရုတ်သီးတွေကိုထည့်ပြီး ဆီသတ်ပါနော်။ ဆီသတ်နံ့မွှေး လာပြီဆိုရင်တော့
ခရမ်းချဉ်သီးတွေထည့်၊ တစ်လက်စတည်း ငါးပိစိမ်းစား ကွမ်းသီးလုံး ၂
လုံးစာလောက်ထည့်ပြီး မွှေ၊ ခရမ်းချဉ်သီးတွေ ကြေအောင် အဖုံးအုပ်ပြီး
ခဏတည်ပေးပါ။ ခရမ်းချဉ်သီးတွေ ကြေပြီဆိုရင်နယ်ထားတဲ့ ငါး တွေထည့်ပြီး မွှေ၊
ပြီးတာနဲ့ သရက်သီးလေးတွေထည့်ပြီး ငါးရယ်၊ သရက်သီးရယ်၊ ဟင်းအနှစ်တွေရယ်
အားလုံး သမအောင် မွှေပြီးရင် အဖုံးအုပ်ပြီး လုံးရည်လေးခမ်းအောင်တည်ထား၊
လုံးရည်ခမ်းပြီဆိုရင်တော့ ဂျူးမြစ်လေး တွေထည့်၊ နောက်ထပ်
လက်ဘက်ရည်ပန်းကန်လုံး တစ်လုံးခွဲလောက်ထပ်ထည့်၊ ပွက်ပွက်ဆူအောင်တည်၊
အပေါ့အငံအရသာကိုမြည်း၊ ကြိုက်ပြီဆိုရင် ဓားပြားရိုက်ထားတဲ့
ငရုတ်သီးစိမ်းလေးအုပ်လိုက်ပြီး ဟင်းအိုးချ လိုက်ရုံပါပဲနော်။
အဲ့ဒါဆိုရင်တော့ ချိုချဉ်ငံစပ်အရသာလေးနဲ့ ငါးဂျူးမြစ်သရက်သီးချက်လေး
ရပါပြီနော်။ တညင်းသီးဆားစိမ်၊ ဒါမှမဟုတ် တညင်းသီးပြုတ် စေးစေးလေး၊
ရှောက်ရွက်နု၊ သခွါးသီး တို့စရာတို့နဲ့ တွဲဖက်သုံးဆောင်ပါနော်။

0 comments:

Post a Comment