Thursday, April 17, 2008

ဝက်လက်စွပ်ပြုတ်


ဒီတစ်ခါမှာတော့ ကျွန်မမောင်နှမတွေကို ၀က်လက်စွပ်ပြုတ်လေး လုပ်ကျွေးပါရစေဦးနော်။ ၀က်ခြေထောက်နဲ့ ယှဉ်လိုက်ရင် ၀က်လက်က ပိုပြီး အသားများတယ်မဟုတ်လား။ အဲ့ဒီတော့ ၀က်လက်လေးကို စွပ်ပြုတ်လေး လုပ်ကျွေးဦးမယ်နော်။

ဝက်လက်စွပ်ပြုတ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ၀က်လက်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်ကောင်း၊ တရုတ်မာဆလာအနည်းငယ်၊ ရှောက်ရွက်နု၊ ဆား၊ ပဲငံပြာရည်အပျစ်၊ ငရုတ်ကောင်းမှုန့်၊ သကြားနဲ့ နှမ်းဆီ အနည်းငယ် တို့ပါနော်။

ဝက်လက်ကို အမွှေးတွေ ပြောင်အောင် သန့်ရှင်းရေးလုပ်ပေးပါ။ အမွှေးအမျှင် သိပ်များနေတယ်ထင်ရယ် တချို့က မီးကင်ကြပေမယ့် ကျွန်မကတော့ ၀က်လက်ကို ရေနွေးပွက်ပွက်ဆူထဲကို ခဏလေးနှစ်ထည့် လိုက်တယ်၊ ပြီးတော့ ကွမ်းစားထုံးလေးသုပ်လိမ်းပေးပြီး အခြောက်ခံလိုက်တယ်၊ ပြီးတော့မှ ဘရိတ်ဒါးနဲ့ ရိတ်ပစ်ပြီး ကျန်တာလေးတွေကို ဇာဂနာလေးတွေနဲ့ နှုတ်ပစ်လိုက်တယ်နော်။ အမွှေးအမျှင်တွေ ကုန်ပြီဆိုရင်တော့ အရွယ်တော် အတုံးလေးတွေဖြစ်အောင် တုံးပြီးတော့ ရေစင်အောင် ဆေးကြောရင်း အမွှေးအမျှင်တွေ ရှိမရှိ သေချာအောင် စစ်ပြီး သန့်ရှင်းရေးလုပ်ပါ။ ပြီးတော့မှ ၀က်လက်တုံးလေးတွေကို ဇကာထဲထည့်ပြီး ရေစစ်ပေးထားပါနော်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ချင်းကို အခွံနွှာပြီးတော့ ချင်းတချို့ကို ညက်အောင်ထောင်းပြီး အရည်ညှစ် ယူထားပါ။ ကျန်တဲ့ ချင်းတစ်ဝက်ကိုတော့ ပါးပါးလေးတွေဖြစ်အောင် လှီးပေးထားပါနော်။ ကြက်သွန်ဖြူတွေကို ဓားပြားရိုက်၊ ကြက်သွန်နီကို လေးစိပ်စိပ်ပေးထားပါနော်။ ရှောက်ရွက်လေးတွေကို ရေစင်အောင် ဆေးထားပေးပါနော်။

ပြီးတော့မှ ဇလုံတစ်လုံးထဲ ၀က်လက်ကိုထည့်၊ ပြီးတော့ သကြား၊ ဆား၊ ပဲငံပြာရည်အပျစ်၊ တရုတ်မာဆလာ အနည်းငယ်၊ ချင်းအရည်တို့နဲ့ နှံ့အောင် နယ်ပေးထားပါ။ အားလုံးအသင့်ဖြစ်ပြီဆိုတော့မှ မီးဖိုပေါ် အိုးတစ်လုံးတင်၊ နှမ်းဆီအနည်းငယ်ထည့်ပြီး ချင်း၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုထည့်ပြီး ဆီသတ်လိုက်ပါနော်။
ကြက်သွန်နွမ်းပြီဆိုတာနဲ့ နယ်ထားတဲ့ ၀က်သားတွေကိုထည့်ပြီး အသားကအရည်ခမ်းတဲ့အထိ အဖုံးအုပ်ပြီး တည်ပေးပါနော်။ ပထမတစ်ကြိမ် ရေခမ်းပြီဆိုတာနဲ့ ၀က်လက်တွေ နူးအိပြီး အရသာရှိနေအောင် pressure cooker ဒါမှမဟုတ် ပေါင်းအိုးတစ်အိုးထဲ ထည့်၊ ၀က်လက်မြုပ်တဲ့အထိ ရေထည့်ပြီး မိနစ် ၂၀ လောက် တည်ပေးပါနော်။ ပြီးရင်တော့ အိုးကို ခဏအအေးခံပြီးတော့ ဖွင့်ကြည့်၊ အရသာအပေါ့အငံကိုမြည်း၊ နူးမနူးမြည်းကြည့်ပါနော်။ အရသာလည်းကြိုက်ပြီ၊ အသားလည်း နူးပြီဆိုရင်တော့ ငရုတ်ကောင်းမှုန့်လေး ခပ်လိုက်နော်။ စားခါနီးကျရင်တော့ ရှောက်ရွက်နုနုလေးခပ်ပြီး သောက်နော်။ အဲ့ဒါဆိုရင်တော့ ချိုအိမွှေး အနံ့အရသာအစုံနဲ့ ၀က်လက်စွပ်ပြုတ်လေး ရပါပြီနော်။

5 comments:

  1. ကျွန်တော်က ၀က်သား ကြိုက်တယ် .. အတော်ပဲ ... ပြီးတော့ ၀က်လက် က ရွှေဘိုနဲ့ နီးတယ် ... ကျွန်တော်က ရွှေဘိုသားဗျ :P

    ReplyDelete
  2. ကျနော်တို့ ကတော့ မန်ကျည်းသီးနဲ့  ငရုပ်သီးခြောက်ပွပွ ထပ်ထဲ့တယ်။ အဲဒါထဲ့ရင် အနံ့ ပိုမွှေးတယ် ကြိုက်တတ်ရင်ပေါ့။ ချက်နည်း တမျိုးပေါ့နော်။ ကြက်သွန်ဖြူကို အခွံ နဲ့ ပါထဲ့ရင် ပိုမွှေးတယ်.. အခွံကိုတော့ သန့် အောင် ရေဆေးပါတယ်

    ReplyDelete
  3. (ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ချင်းကို အခွံနွှာပြီးတော့ ချင်းတချို့ကို ညက်အောင်ထောင်းပြီး အရည်ညှစ် ယူထားပါ။ )....အမရေအဲ့ဒီနားလေးမရှင်းလို့ပါ...အားလုံးရောထောင်းပြီးဆီသတ်ရမှာလား....ချင်းအရည်ကရောဘယ်အချိန်ထဲ့ရမလဲသိဘူးနော်....ကျေးဇူးပြုပြီးနဲနဲလေးရှင်းပြပေးပါ...အရမ်းလုပ်စားချင်နေလို့ပါ။ကျေးဇူးတင်ပါတယ်မမလု

    ReplyDelete
  4. Thant Zaw Oo ရေ့
    အမရေးထားပေးတဲ့အထဲမှာလေ ----- ( ပြီးတော့မှ ဇလုံတစ်လုံးထဲ ၀က်လက်ကို ထည့်၊ ပြီးတော့ သကြား၊ ဆား၊ ပဲငံပြာရည်အပျစ်၊ တရုတ်မာဆလာ အနည်းငယ်၊ ချင်းအရည်တို့နဲ့ နှံ့အောင် နယ်ပေးထားပါ။) လို့ ပြောထားပါတယ်နော့့် 
    ချင်းအရည်ကို ဒီအချိန်မှာ သုံးပါတယ့့် 
    ပြီးတော့မှ ဆီသတ်ဖို့အခါကျမှ (အားလုံးအသင့်ဖြစ်ပြီဆိုတော့မှ မီးဖိုပေါ် အိုးတစ်လုံးတင်၊ နှမ်းဆီအနည်းငယ်ထည့်ပြီး ချင်း၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုထည့်ပြီး ဆီသတ်လိုက်ပါနော်။) လို့ ရေးပေးထားပါတယ်နော့့် 
    လှီးထားတဲ့ချင်းကို ဒီလိုသုံးပါမယ်နော့့် 
    ဒီလိုဆို အဆင်ပြေပြီလားမသိ့  လိုတာရှိရင် ထပ်ပြောဦးနော့့် 

    ReplyDelete
  5. today, i cooked it, it turns out great, thank you, ma ma lu. :)

    ReplyDelete