Wednesday, April 9, 2008

မုန့်လက်ကောက်

ကျွန်မတို့ငယ်ငယ်တုန်းက မောင်နှမတွေ ပွဲဈေးတန်းလျှောက်ပြီး ပြန်လာရင် အိမ်အတွက် မုန့်ဝယ်တဲ့အထဲမှာ မုန့်လက်ကောက်လည်း မပါမဖြစ်ပါ။ မုန့်လက်ကောက်ကို မော်လမြိုင်ဘက်မှာ ရောင်းတာကတော့ မုန့်လက်ကောက်ကို အပေါ်ကနေ ညောင်စေးကျအောင် ထန်းလျက်ရည် သုတ်လိမ်းပေးထားတာပါ။ ရန်ကုန်ဘက်ရောက်တဲ့ မုန့်လက်ကောက်ဝယ်စားတဲ့အခါမှာ မုန့်လက်ကောက်က သပ်သပ်၊ ထန်းလျက်ရည်က သပ်သပ်ဖြစ်ပြီး တို့စားရတာ။ စားရတာ မတူဘူး ဘယ်လိုကြီးမှန်းမသိပေမယ့် မုန့်လက်ကောက်ကို ဘယ်လိုနေနေ ကြိုက်ပါတယ်။
မုန့်လက်ကောက်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို အရင်ပြောပြပါရစေ။ ကောက်ညှင်း၊ ဆန်၊ စားဆိုဒါ၊ ဆား၊ ဆီ၊ ထန်းလျက်တို့ပါ။


ကောက်ညှင်းဆန်လေးဗူးဆိုရင် ဆန်ကြမ်းတစ်ဗူးနှုန်း ထည့်နိုင်ပါတယ်။ မုန့်သားအိတာကို ကြိုက်နှစ်သက်တဲ့ အပေါ် မူတည်ပါတယ်။ ကောက်ညှင်းဆန်ရော ဆန်ကြမ်းကို ရေဆေးပြီးတော့ မုန့်ကြိတ်ပါ။ ကြိတ်ပြီးသား မုန့်ရည်တွေကို ပိတ်သားနဲ့ချုပ်ထားတဲ့ အိတ်ထဲ ထည့်ပြီး မုန့်ရေစစ်ထားပေးပါ။ ပြီးတော့မှ မုန့်သားကို စားဆိုဒါ လက်ဘက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ ဆားအနည်းငယ်ထည့်ပြီး မုန့်သားတွေကို နှံ့အောင် နယ်ပေးပါ။ မုန့်သားတွေ စေးပိုင်လာပြီဆိုရင်တော့ မုန့်သားကို လက်ဆစ်ဆုပ်စာအရွယ်လေးတွေဖြစ်အောင် လုံးပေးပါ။ ပြီးတော့မှ အဲ့ဒီမုန့်လုံးလေးကို လက်ဝါးပြင် နှစ်ဘက်ကြားညှပ်ပြီး ရှည်ရှည်လေး ဖြစ်သွားအောင် လှိမ့်ပေးပါ။ မုန့်သားရှည်ရှည်လေး ရလာပြီးဆိုရင်တော့ အဲ့ဒီမုန့်သားလေးကို လက်ကောက်လေးကို ၀ိုင်းပြီး ဆက်လိုက်ပါနော်။ ထန်းလျက်ကိုလည်း ရေနဲ့စိမ်ထားပြီး သဲနဲ့ အမှိုက်တွေမပါအောင် ရေစစ်နဲ့ ထန်းလျက်ရည်ကို စစ်ယူထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်ပြီး ဆီပူလာရင် မီးအသင့်အတင့်နဲ့ မုန့်လက်ကောက် ကြော်သလို၊ မီးဖိုနောက်တစ်ဖိုပေါ်မှာလည်း ထန်းလျက်ရည်ကို ညောင်စေးကျတဲ့အထိ မီးအသင့်တင့်နဲ့ ကျိုပေးပါနော်။ ထန်းလျက်ရည်ရပြီဆိုရင် မီးဖိုပေါ်ကနေချပြီး အအေးခံထားပါ။ မုန့်လက်ကောက်ကြော်ရလာပြီဆိုရင်တော့ ဆီစုပ်တစ်သျှူးလေးခံထားတဲ့ ဇကာလေးထဲ မုန့်လက်ကောက်ကို ထည့်ပြီး အအေးခံ၊ မုန့်လက်ကော်ကြော် နည်းနည်းအေးသွားပြီဆိုရင် မုန့်လက်ကောက်ကြော်ကိုယူပြီး ထန်းလျက်ရည်ထဲ အသာလေးနှစ်ပေးလိုက်ပြီး ပြန်ဆယ်ယူလိုက်ပါနော်။ အဲ့ဒါဆို မော်လမြိုင်မုန့်လက်ကောက် ဖြစ်ပြီ။ ရန်ကုန်မုန့်လက်ကောက်ဆိုရင်တော့ မုန့်လက်ကောက်ကြော်ကို ကပ်ကျေးလေးနဲ့ လက်တစ်ဆက် အရွယ်လောက်လေးတွေဖြစ်အောင် ဖြတ်ပြီးတော့မှ အပေါ်ကနေ ထန်းလျက်ရည်ဆမ်း၊ ဒါမှမဟုတ် ထန်းလျက်ရည်နဲ့ တို့စားနိုင်ပါတယ်နော်။

0 comments:

Post a Comment