
ကျွန်မမောင်နှမတွေကို ထားပြီး ကျွန်မခရီးထွက်သွားတာ ကြာပါပြီ။ ဒီနေ့မှ ပြန်ချက်ကျွေးရမှာမို့ ဒီနေ့မှာ မောင်နှမတွေ တောင်းဆိုထားတဲ့အထဲက ကြက်သားမာဆလာဟင်းကို အရင်ဦးဆုံးချက်ကျွေးပါရစေနော်။
ကြက်သားမာဆလာချက်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်သား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးခြောက်အပုပွတောင့်၊ ကရဝေးရွက်၊ သစ်ဂျပိုးခေါက်၊ ဇီယာစေ့၊ ဖာလာစေ့၊ မာဆလာ၊ ဆီ၊ ဆား၊ နနွင်းမှုန့်၊ သကြား၊ ငံပြာရည် အနည်းငယ်၊ မာဆလာအမွှေး၊ မာဆလာအစပ်တို့ပါနော်။ အဲ့ မာဆလာအမွှေး ဆိုတာကတော့ အရောင်က ရိုးရိုးမာဆလာအရောင်ပဲ၊ မာဆလာအစပ်ကတော့ အရောင်က ငရုတ်သီးမှုန့်လို အနီရောင်၊ ဒါပေမယ့် သူက အရသာစပ်ပြီး အနံ့မွှေးပါတယ်။ မော်လမြိုင်ဘက်က အခေါ်မှာ မာဆလာအမွှေး၊ မာဆလာအစပ်ရယ်ဆိုပြီး သီးသန့်စီ ခေါ်ဝေါ်ကြတာမို့ပါနော်။
ကြက်သား ငါးဆယ်သား (မြန်မာကြက်ဆိုရင်တော့ ပိုကောင်းပါတယ်) ကို အမွှေးနှုတ်၊ သန့်ရှင်းအောင် ရေနဲ့ ဆေးကြောပြီး အရွယ်တော်အတုံးလေးတွေဖြစ်အောင် တုံးထားပေးပါ။ ပြီးတော့မှ ကြက်သားကို ဆား၊ သကြား၊ အချိုမှုန့် အနည်းငယ်၊ ငံပြာရည်အနည်းငယ်တို့နဲ့ နှံ့အောင် နယ်ပေးထားပါ။ ချင်းကို ညက်အောင်ထောင်းပြီး ချင်း အရည်ကိုပါ ညှစ်ပြီးရောနယ်ပေးပါ။
ငရုတ်သီးအပွတောင့်ကို အညှာခြွေ၊ အစေ့ထုတ် ရေစိမ်ပြီး ညက်အောင်ထောင်းပါတယ်။ ပြီးတော့မှ ချင်းလက်နှစ်ဆစ်၊ ကြက်သွန်ဖြူ ဥတစ်လုံး ၇ မြွှာ၊ ကြက်သွန်နီ ဥကြီးကြီးတစ်လုံးကို အခွံနွှာပြီး ထည့်ထောင်းပါ။ ပြီးရင် ထောင်းထားတဲ့ ငရုတ်ကြက်သွန်ကို ဇွန်းနဲ့ကလော်ပြီး ပန်းကန်လုံးလေးထဲ ထည့်ပေးထားပါ။ တစ်လက်စတည်း ဇီယာစေ့နဲ့ ဖာလာစေ့ကိုလည်း ငရုတ်ဆုံထဲထည့်ပြီး မညက်တညက်လေး ခပ်မြန်မြန် ထောင်းပေးလိုက်ပါ။ ကရဝေးရွက်ကိုလည်း အခိုင်လိုက်ရေဆေးပြီးတော့မှ ရွက်နုလေးတွေကို ချွေပေးထားပါ။ ကြက်သွန်နီ ဥခပ်ကြီးကြီး သုံးဥလောက်ကို အခွံနွှာ အလုံးလိုက်ရေဆေးပြီး ခပ်ပါးပါးလှီးပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ်ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေးခပ်ပြီး မီးအသင့်အတင့်နဲ့ လှီးထားတဲ့ ကြက်သွန်နီတွေကို ထည့်ကြော်ပါ။ ကြက်သွန်နီတွေ ရွှေအိုရောင် ပြောင်းသွား တာနဲ့ ဆယ်ယူပြီး ပန်းကန်တစ်ချပ်ထဲ ပြောင်းထည့်ထားပါ။ ဒယ်အိုးထဲက ကြော်လက်စ ဆီထဲမှာ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်ကိုထည့်ပြီး ဆီသတ်၊ ဆား၊ ငံပြာရည်အနည်းငယ်၊ သကြားအနည်းငယ်နဲ့ အချိုမှုန့်အနည်းငယ်ထည့်မွှေ၊ ဆီသတ်နံ့မွှေးလာပြီဆိုတာနဲ့ ကရဝေးရွက်၊ သစ်ဂျပိုး ခေါက်၊ ထောင်းထားတဲ့ ဇီယာနဲ့ဖာလာစေ့ကိုပါထည့်မွှေ၊ တစ်လက်စတည်း နယ်ထားတဲ့ ကြက်သားတွေကိုပါ ဆီသတ်ပြီး ဟင်းအိုးအဖုံးအုပ်ပြီး ကြက်သားထဲက အရည်တွေခမ်းတဲ့အထိ မီးအသင့်အတင့်နဲ့ တည်ပေးပါ။ ရေခမ်းပြီဆိုရင် ဟင်းအိုးကို ဟိုဘက်ဒီဘက်နှံ့အောင်မွှေပြီးတော့ ကြက်သားနူးအောင် ရေထည့်ပြီး ထပ်တည် ပေးပါ။ (အာလူးကြိုက်တတ်ရင်တော့ အာလူးကို အခွံနွှာ၊ ဖန်ရည်တွေထွက်သွားအောင် ဆားနဲ့နယ်ပြီး ရေဆေးထား၊ ကြက်သားဟင်း ပထမတစ်ရည် ရေခမ်းပြီးတဲ့အချိန် အာလူးထည့်ပြီး အာလူးရော အသားပါ တပြိုင်နက်တည်း နူးအောင်တည်ပေးပါနော်။) ရေခမ်းခါနီးကျရင်တော့ ကြက်သားအနူးအမာနဲ့ အပေါ့အငံမြည်း၊ ကြက်သားနူးပြီ၊ အရသာလည်း သင့်ပြီဆိုရင်တော့ ကြက်သွန်နီကြော်ရယ်၊ မာဆလာအမွှေးနဲ့ အစပ်ကို လက်ဘက်ရည်ဇွန်းနှစ်ဇွန်းလောက်စီ ထည့်ပြီး နှံ့အောင်မွှေပေးပါ။ အဲ့ဒါဆိုရင်တော့ ကြက်သားမာဆလာချက် မွှေးမွှေးစပ်စပ်လေး ရပါပြီနော်။ အဲ့ဒီကြက်သားမာဆလာဟင်းလေးကိုတော့ ပဲထမင်း၊ ထောပတ်ထမင်းတို့နဲ့ တွဲဘက်သုံးဆောင်နိုင်သလို နံပြား၊ ပေါင်မုန့်တို့နဲ့လည်း တွဲဖက်သုံးဆောင်နိုင်ပါတယ်နော်။
0 comments:
Post a Comment