Thursday, February 21, 2008

ပုစွန်ချဉ် တည်နည်း

ဒီနေ့ မယုယုစံအပါအ၀င် မောင်နှမများအားလုံးအတွက် ပုစွန်ချဉ်တည်နည်းလေးကို ပြောပြပါရစေနော်။
ပုစွန်ချဉ်တည်ဖို့ လိုအပ်တာတွေကတော့ ပုစွန်ဘော့ချိတ် ဒါမှမဟုတ် အရွတ်ခပ်လတ်လတ် (၂၅) ကျပ်သား၊ ထမင်း(ကလေးလက်သီးဆုပ်တစ်ဆုပ်)၊ ဆား (စားပွဲတင်ဇွန်း၎ ဇွန်း)၊ ငှက်ပျောဖက် စတာတို့ပါနော်။
စစချင်းမှာ ပုဇွန်တွေကို ခေါင်းက အခွံမာတွေခွာပစ်ပါ။ ခြေချောင်းတွေကို ဖယ်ပစ်ပြီး ရေစင်အောင် ဆေးပေးပါနော်။ ပုဇွန်အကောင်သိပ်ကြီးရင်တော့ ဘေးအခွံတွေပါ အကုန်ခွာပစ်ပါနော်။ ပြီးတော့ ဇကာခုံးလေးထဲ ပုစွန်တွေကိုထည့်ပြီး ရေစစ်ပေးထားပါ။ ငှက်ပျောဖက်တွေကို သန့်စင်အောင် ရေဆေးပြီး ခြောက်သွေ့အောင် ပြုလုပ်ထားပေးပါ။ ဖက်မသုံးရင် ပုလင်း/ အင်တုံ/ စဥ့်အိုး စသဖြင့် အသုံးပြုနိုင်ပါတယ်နော်။

ထမင်းကို ခပ်မာမာချက်ထားပြီး အအေးခံထားပါနော်။ ထမင်းအေးသွားပြီဆိုရင် လက်ကို သန့်အောင် ဆေးပြီးတော့ ထမင်းမာမာနဲ့ ဆာနဲ့ နှံ့အောင် ထမင်းကျေအောင် နယ်ပေးပါ။ ပြီးတော့မှ ထမင်းနဲ့ ပုဇွန်အသားတွေကို နှံ့အောင်နယ်ပေးပါ။ ပြီးရင် ငှက်ပျောဖက်နဲ့ ထုပ်မယ်ဆိုရင်တော့ ငှက်ပျောဖက်ကို နှစ်ထပ်သုံးထပ်လောက် အောက်ခံထားပြီး အပေါ်ကနေ ပုဇွန်နဲ့ထမင်းနယ်ထားတာတွေကို ထည့်ပြီး ကျစ်လျစ်နေအောင် ထုပ်ပေးပါ။ ဖက်မရှိခဲ့ရင်လည်း ခုနက နယ်ထားတဲ့ ပုဇွန်နဲ့ ထမင်းတွေကို ပုလင်း ဒါမှမဟုတ် အင်တုံထဲထည့်ပြီး အပေါ်ကနေ ဆားလေးနည်းနည်းထပ်ဖြူးပြီး ပိတ်စိမ်းပါးလေးအုပ်ပြီးတော့ ပိတ်စကိုကြိုးနဲ့ခိုင်အောင်ချည်နှောင်ပြီး ပုလင်းနဲ့သိပ်ထားတာဆိုရင် အထဲကနေ အချဉ်တွေလည်း စီးကျလာမှာမို့ ပုလင်းအောက်မှာ ကြွေဇလုံတစ်ခုခံထားပြီး ပုလင်းကို ဇောက်ထိုးထားပေးပါ။ အင်တုံနဲ့ တည်ထားတယ်ဆိုရင် အပေါ်က ပိတ်စနဲ့ အုပ်ပြီးရင် အပေါ်ကနေ ငရုတ်ဆုံ ဒါမှမဟုတ် ကျောက်ပြင်ကဲ့သို့ လေးလံမယ့်အတုံးကြီးနဲ့ ဖိထားပေးပါ။ ရာသီဥတုအေးရင်တော့ ပုဇွန်ချဉ်ဖို့ အချိန်ကြာမှာဖြစ်ပါတယ်နော်။ မြန်မာပြည်ရာသီဥတုနဲ့ဆိုရင် ငါးရက်လောက်ဆိုရင်တော့ ချဉ်ပါပြီ။ အရမ်းချဉ်သွားမှာစိုးရင်တော့ ရေခဲသေတ်တာထဲ ထည့်ထားပြီး အချဉ်ဓာတ်ထိန်းထားနိုင်ပါတယ်နော်။
ရလာတဲ့ ပုဇွန်ချဉ်ကိုမှ သုပ်စားတဲ့အခါမှာ ပုဇွန်ချဉ်သုပ်ထဲကိုထည့်ဖို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို အခွံနွှာ ပါးပါးလှီး ရေစင်အောင်ဆေးထားပါနော်။ ပြီးရင် ဂျူးမြစ်ကိုလည်း ရေစင်အောင်ဆေးပြီး လှီးပေးထားပါ။ ပင်စိမ်း ဒါမှမဟုတ် နံနံပင်နဲ့ ငရုတ်သီးစိမ်းတို့ကိုလည်း ရေဆေးပြီး ပါးပါးလှီးပေးထားပါနော်။ ပြီးရင်တော့ ဇလုံတစ်လုံးထဲကို ပုဇွန်ချဉ်ရယ်၊ လှီးထားတဲ့ ကြက်သွန်ဖြူ၊နီ၊ ပင်စိမ်း၊ ဂျူးမြစ်၊ ငရုတ်သီးစိမ်းစတာတွေကိုထည့်၊ ပြီးတော့ အချိုမှုန့်လေးနည်းနည်းနဲ့ ဆီတို့ကို ထည့်ပြီး ရောနယ်ပါ။ အဲ့ဒါဆိုရင်တော့ ပုဇွန်ချဉ်သုပ်လေး ရပါပြီနော်။

6 comments:

  1. လွမ်းလိုက်တာ ပုစွန်လည်းဈေးကြီးလို့  မျက်စိနဲ့ ဘဲ စားတော့မယ်

    ReplyDelete
  2. ကျေးဇူးတင်လိုက်တာနော်။ ပုဇွန်ချဉ်စားချင်နေတာ ကြာပြီ။ အခုမှ လုပ်နည်းတွေ့တော့တယ်။

    ReplyDelete
  3. နော် အရမ်းကြိုက်တယ် ဇွန်ချင်သုပ်ကို၊၊ လုပ်စားအုံးမှ၊၊

    ReplyDelete
  4. အမရေဆားနဲ့ထမင်းအချိုးအဆလေးပြောပြပါလားဟင်။ ကျေးဇူးအထူးတင်ရှိပါသှ်။

    ReplyDelete
  5. sorry အမ။ ဆားတော့တွေ့ပီ။ သေသေချာချာ မဖတ်မိတာ ကျွန်တော်အမှား ခင်ဗျ။ ထမင်းတော့ ဘယ်နှလုံးချက်ရမှာလဲ အမ။

    ReplyDelete
  6. မမလု ပိတ်စိမ်းပါးဆိုတာ ကျောင်းစိမ်း တထရွန်စကိုပြောတာလား.. အဲဒါမရှိရင်ကော တခြားပိတ်နဲ့လုပ်လို့ရလား.. အရောင်နဲ့ ပိတ်ကောရလား..

    ReplyDelete