Monday, January 7, 2008

ဘဲပေါင်း


ဒီနေ့တော့ ကျွန်မတို့ ဘဲသားပေါင်းစားကြရအောင်နော်။ ဘဲကို တစ်ကောင်လုံးပေါင်းလို့ရသလို ဘဲကို ခပ်ကြီးကြီး အတုံးလေးတွေ တုံးပြီးလည်း ပေါင်းလို့ရပါတယ်။ ဘဲပေါင်းဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ဘဲသား၊၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ကြွက်နားရွက်မှို (jew's ear fungus)၊ ပန်းခြောက် (dry lily buds)၊ ပဲပြားလိပ် (dry bean curd)၊ ပဲငံပြာရည်အပျစ်၊ ပဲငံပြာရည်အကြည်၊ ရှာလကာရည်အနည်းငယ်၊ တရုတ်ပဲငါးပိ (black bean paste) အနည်းငယ်၊ ဆား၊ သကြား၊ အချိုမှုန့်နဲ့ တရုတ်မဆလာအနည်းငယ် တို့ပါ။
ဒီတစ်ခေါက်တော့ ကျွန်မက ဘဲကို ခုတ်ထစ်ပြီး အတုံးလေးတွေတုံးပြီး ပေါင်းမှာဖြစ်ပါတယ်။ (ဒါပေမယ့် ဘဲတစ်ကောင်လုံးကို ပေါင်းချင်တဲ့သူတွေ ပေါင်းလို့ရအောင် နည်းလမ်းလေးလည်း မျှဝေပေးမှာဖြစ်ပါတယ်။ ဘဲသားခပ်နုနုအကောင်တစ်ကောင်ကို ရေစင်စင်ဆေး၊ အမွှေးအမျှင်တွေသန့်စင်အောင် ဖယ်ရှားပစ်ပစ်ပါ။ ပြီးတော့ ရင်ကိုမခွဲဘဲကို အဆီဘူးအပေါ်ဘက်နားလေးကနေ တစ်လက်မလောက် အရာပေးပြီး ခွဲလိုက်ပါ။ ပြီးတော့မှ အူအသည်းတွေကို အသားလေး နှုတ်ယူပစ်ပါ။) ဘဲတစ်ကောင်လုံး (ကောင်လုံးဖြစ်ဖြစ်၊ အတုံးဖြစ်ဖြစ်) ကို ဆားလက်ဘက်ရည်ဇွန်း ၃ဇွန်း၊ အချိုမှုန့်လက်ဘက်ရည်ဇွန်း ၁ဇွန်းခွဲ၊ သကြား လက်ဘက်ရည်ဇွန်း ၂ ဇွန်း၊ ရှာလကာရည် ၂ဇွန်း၊ ပဲငံပြာရည်အပျစ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၃ ဇွန်းတို့နဲ့ သေသေချာချာ နှံ့အောင် နယ်ပေးပါ။ ချင်းကို အခွံနွှာ ရေဆေးပြီး ခပ်ပါးပါးအပြားလိုက်လေးတွေဖြစ်အောင်လှီးပါ။ ပြီးတော့မှ အမျှင်လေးတွေဖြစ်အောင် ခပ်ရိတ်ရိတ် ထပ်လှီးပေးပါ။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ။ ကြက်သွန်နီကို ဘလော့ဂ်တုံးလေးတွေဖြစ်အောင် လှီးထားပေးပါ။ ကြွက်နားရွက်မှိုခြောက်ကို သေသေချာချာ ရေနွေးနဲ့စိမ်ပြီး အရွယ်တော်လေးတွေဖြစ်အောင် ညှပ်ပေးပါ။ ပန်းခြောက်ကို ရေစိမ်၊ အထဲက ၀တ်မှုန်တိုင်လေးတွေကို ထုတ်ပစ်ပြီး အထုံးလေးတွေဖြစ်အောင် ထုံးပေးထားပါ။ ပဲပြားခြောက်ကို ရေစိမ်ထားပေးပါ။

အကောင်လိုက်ပေါင်းမယ်ဆိုရင်တော့ သမအောင်နယ်ထားတဲ့အဆာတွေဖြစ်တဲ့ ချင်း၊ ကြက်သွန်ဖြူ၊ တရုတ်မာဆလာ၊ ကြက်သွန်နီ၊ ပဲငါးပိ သုံးဇွန်းတို့ကို ဘဲကို ဓါးနဲ့ခွဲထားတဲ့ နေရာကနေ ထည့်ပါနော်။ အဆာသွပ်ပြီးတာနဲ့ အဲ့ဒီခွဲထားတဲ့နေရာကို နှီးနဲ့ ပြန်ယက်ပြီး ပိတ်ပေးပါ။ ပြီးတော့မှ ပဲငံပြာရည်အပျစ်အကျဲ လက်ဘက်ရည်ဇွန်း (၃) ဇွန်းစီကို ရေ လက်ဘက်ရည်တစ်ပန်းကန်လုံးနဲ့ ရော၊ တရုတ်ပဲငါးပိ စားပွဲတင်ဇွန်းတစ်ဇွန်း၊ လက်ဘက်ရည်ဇွန်းတစ်ဇွန်းထည့်၊ ရှာလကာရည် စားပွဲတင်တစ်ဇွန်းလောက်နဲ့ ရောဖျော်ပြီး ဘဲတစ်ကောင်လုံးနဲ့ ရောပြီး pressure cooker ထဲ ထည့်ပြီး ၁၀ မိနစ်ပေါင်းပေးပါ။ ၁၀ မိနစ်ပြည့်ပြီးရင် ပေါင်းအိုးကို ၅ မိနစ်လောက်ခဏအအေးခံပြီး ဘဲကို ဟိုဘက်ဒီဘက်လှည့်ပေးပါ။ ဒီနည်းနဲ့ ၁၀ မိနစ်တစ်ကြိမ် သုံးကြိမ် ပေါင်းပေးပါ။ သုံးကြိမ်ပြည့်ပြီးလို့ အအေးခံပြီးပြန်ဖွင့်တဲ့အခါ မှိုခြောက်ပန်းခြောက်နဲ့ ပဲလိပ်ခြောက်ကို ထည့်ပေးပြီး နောက်ထပ် ၁၀ မိနစ်ထပ်ပေါင်းပေးပါ။ အဲ့ဒါဆိုရင်တော့ နူးအိပြီး ချိုဆိမ့်နေတဲ့ ဘဲကောင်လုံးပေါင်းကို ရပါလိမ့်မယ်နော်။
ဘဲသားတုံးလေးတွေကိုပေါင်းမယ်ဆိုရင်တော့ ဘဲသား၊ ချင်း၊ ကြက်သွန်ဖြူနီ၊ တရုတ်မာဆလာ၊ တရုတ်ပဲငါးပိ၊ ပဲငံပြာရည်အပျစ်အကျဲ၊ ရှာလကာရည်တို့နဲ့ အတူ နယ်ပြီး ပေါင်းအိုးထဲကိုထည့်ပြီး ရေအနည်းငယ်ထည့်ပြီး ပေါင်းပေးပါ။ သူ့ကိုလည်း ဘဲကောင်လုံးပေါင်းသလို သုံးကြိမ်ပေါင်းပေးပါ။ နောက်တော့မှ မှိုခြောက်ပန်းခြောက်နဲ့ ပဲလိပ်ခြောက်ကိုထည့်ပြီး ၁၀ မိနစ်ထပ်ပေါင်းပေးပါ။ အဲ့ဒါဆိုရင် မှိုခြောက်ပန်းခြောက်တွေရော ပဲပြားလိပ်တွေ ဘဲသားနဲ့အတူ နူးအိနေပြီး အရသာရှိလှတဲ့ ဘဲသားပေါင်းကို ရပါမယ်နော်။ ကြက်သွန်မြိတ်၊ တရုတ်နံနံတို့ရှိရင် အပေါ်ကနေဖြူးပြီး သုံးဆောင်ပါနော်။

2 comments:

  1. ဘဲပေါင်း ချက်နည်းလေးဖတ်သွားပါတယ်.၀ယ်ထားပြီးချက်နည်းမသိလို့.
    .ကျေးဇူးပါမလုလုေ၇..

    ReplyDelete
  2. ဝက်သားတုတ်ထိုးလုပ်နည်းလေး ပြောပြပေးပါလား ခင်ဗျာ ..အရမ်းလုပ်စားချင်လို့ ... ကျေးဇူးနော် အစ်မ လုလု

    ReplyDelete