Tuesday, December 11, 2007

ငါးသလောက် ချဉ်စပ်ချက်


ငါးသလောက်က အရိုးကများ အနံ့ကပြင်း ဒီကြားထဲ စားပြီးရင် အကြောတက်တတ်တာမို့ ကျွန်မတို့ မိသားစုရဲ့ ထမင်းဝိုင်းမှာ ချက်လေ့ချက်ထ သိပ်မရှိလှပါဘူး။ ဒါပေမယ့် ငါးသလောက်တွေက ဒီနှစ် အရမ်းကို ပေါပြီး လတ်လည်းလတ်တာမို့ အမေက ဈေးသွားရင်းနဲ့ ၀ယ်လာပါတယ်။ အိမ်ရောက်တော့ သားသမီးတွေကို သားတို့သမီးတို့ရုံးပိတ်ရက် အလုပ်ပိတ်ရက်မို့ တစ်ခါတလေ ချက်စားကြရအောင်ဆိုပြီး ပြောပါတယ်။
ဆီပြန်ဟင်းလည်း မစားချင်တာမို့ ငါးသလောက်ကို ငရုတ်သီးစိမ်း၊ မရမ်းပြားလေးထည့်ပြီး ချဉ်စပ်လေး ချက်စားကြရအောင်လို့ ကျွန်မက ပြောလိုက်တော့ ကျွန်မရဲ့ မောင်နှမတွေက ကောင်းသားပဲ့ ချဉ်ငံစပ်လေးဆိုတော့ ပွင့်သွားတာပေါ့ ဆိုပြီး ချက်ဖို့ပြင်ပါတော့တယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ငါးသလောက် ခပ်လတ်လတ်အကောင်တစ်ကောင်၊ မရမ်းပြားအနည်းငယ် (မရမ်းပြားမရှိရင် မန်ကျည်းသီးနဲ့လည်းရတယ်) ငရုတ်သီးစိမ်း၊ ချင်း၊ ကြက်သွန်ဖြူ၊နီ၊ ဆား၊ ငံပြာရည်၊ အချိုမှုန့်နဲ့ ဆီအနည်းငယ်တို့ပါနော်။
စစချင်း ငါးသလောက်ကို တစ်ကောင်လုံး အကြေးထိုး၊ ဗိုက်ခွဲပြီး အထဲက အူတွေ ကလီစာတွေထုတ် (သည်းခြေ မပေါက်အောင် ဂရုတစိုက်ထုတ်ပါ)၊ ငါးခေါင်းထဲက ပါးဟက်ကို ထုတ်၊ ပြီးတော့မှ ငါးတစ်ကောင်လုံးကို ရေနဲ့ သေချာသန့်ရှင်းရေး လုပ်ပါတယ်။ ပြီးမှ ငါးကို ခေါင်းကို စပြီးခုတ်ပါတယ်။ တဆက်တည်း ငါးကို အလယ်က ထက်ပိုင်းပိုင်းပြီးတော့မှ အတုံးညီလေးတွေဖြစ်အောင် တုံးပါ။ ငါးတွေကို တုံးပြီးတော့မှ ဆား၊ အချိုမှုန့်အနည်းငယ်၊ ငံပြာရည်အနည်းငယ်ထည့်ပြီး နယ်ပေးထားပါနော်။
ငရုတ်သီးစိမ်းတွေကို ရေဆေးပြီး ထောင်းပါ။ ချင်း၊ ကြက်သွန်ဖြူနီတို့ကိုလည်း တဆက်တည်းရောထောင်းပါ။ မရမ်းပြားကိုလည်း ရေနွေးလေးနဲ့ စိမ်ထားပေးပါ။
ပြီးရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီလေးနည်းနည်းထည့်၊ ဆီပူလာပြီဆိုရင်တော့ နနွင်းမှုန့်လေးနည်းနည်းခပ်၊ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေထည့်ပြီး ဆီသတ်ပါ။ နည်းနည်းတော့ မွှန်မယ်နော်။ ဆီသတ်နံ့လေး မွှေးလာပြီဆိုရင်တော့ နယ်ထားတဲ့ငါးတွေထည့်ပြီး မွှေပြီးတော့ ခဏလောက် အဖုံးအုပ်ပြီးတည်ပေးပါ။ အဲ့ဒီလိုတည်ပေးရင်းနဲ့ နှစ်မိနစ် သုံးမိနစ်လောက်ကြာရင် ဟင်းအိုးလည်း ဖျစ်ဖျစ်မြည်လာပါမယ်။ အဲ့ဒီအချိန်မှာ အဖုံးပြန်ဖွင့်ပြီး မရမ်းပြားရည်လေးကို ထည့်၊ အဖုံးပြန်အုပ်ပြီး ဟင်းအိုးပွက်ပွက်ဆူတဲ့အထိ တည်ပေးပါနော်။ ဟင်းအိုးဆူလာပြီဆိုရင်တော့ အပေါ့အငံမြည်းပြီး နံနံပင် ဒါမှမဟုတ် ရှမ်းနံနံလေးအုပ်ပြီး ဟင်းအိုးချလိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ ချဉ်ငံစပ်ငါးသလောက်ချက်လေးရပါပြီနော်။

ဂျပန်က ပင်လယ်ငါးတွေကိုလည်း အညီနံ့သက်သာအောင် ဒီနည်းနဲ့ ချက်လို့ရပါတယ်နော်။

3 comments:

  1. I like both 5 tha laut & ma yann thee.Looks a good match curry. Thanks!

    ReplyDelete
  2. ဒီလိုမျိုး ငါးဟင်း တခါမှ မစားဖူးဘူး။ တော်တော်ကောင်းမယ့်ပုံပဲ

    ReplyDelete
  3. ကြိုက်တယ်ရှင် ငါးဟင်းဆိုအကုန်ကြိုက်တာ:P

    ReplyDelete