
ခရမ်းသီးမှာ ထောပတ်ခရမ်း (လုံးလုံးဝိုင်းဝိုင်းလေးတွေ)၊ ခရမ်းရှည်သီးဆိုပြီး နှစ်မျိုးရှိပါတယ်။ ကျွန်မတို့ မော်လမြိုင်ဘက်မှာတော့ ထောပတ်ခရမ်းသီးမျိုးအဖြစ်များပြီး လူကြိုက်လည်း ပိုများပါတယ်။ ထောပတ်ခရမ်းကိုတော့ မီးဖုတ်ပြီးသုပ်စားတာရင် ခရမ်းရှည်သီးထက် ပိုစေးပြီး အရသာ ပိုရှိပေမယ့် မီးဖုတ်တဲ့အခါ အသားထူလွန်းတဲ့အတွက် အကျက်ညီအောင်မီးဖုတ်ရခက်တဲ့ အားနည်းချက်လေးရှိပါတယ်။ ရန်ကုန်စားသုံးသူတွေကတော့ ခရမ်းရှည်သီးကို ကြိုက်နှစ်သက်မှုများပါတယ်။ ခရမ်းရှည်သီးမှာလည်း အစိမ်းသီးနဲ့ ခရမ်းရောင်အသီးဆိုပြီး ရှိပါသေးတယ်။ အစိမ်းသီးကတော့ ခရမ်းရောင်အသီးနဲ့ယှဉ်ရင် အခွံနည်းနည်းထူပါတယ်။ ခရမ်းရောင် အရှည်သီးကတော့ ဈေးကွက်ထဲမှာ ပေါပေါများများဝယ်လို့ရပါတယ်။
ဒီနေ့ ကျွန်မခရမ်းသီးနှပ်ဖို့အတွက် ရွေးချယ်လိုက်တဲ့ အသီးကတော့ ခရမ်းရောင်အရှည်သီးပါ။
ခရမ်းသီးနှပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ခရမ်းသီး၊ ပုဇွန်ခြောက်၊ ငရုတ်သီးအရောင်မှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်းမှုန့်၊ ဆား၊ဆီ၊ ငံပြာရည်နဲ့ အချိုမှုန့်အနည်းတို့ပါနော်။
ခရမ်းသီးတွေကို ရေစင်အောင်ဆေးပြီး ထိပ်ကနေ လေးစိပ်ထိုးပြီး သုံးလက်မအရှည်လောက်လေးတွေဖြစ်အောင် လှီးပေးပါ။ ပုဇွန်ခြောက်ကို မညက်တညက်လေးဖြစ်အောင် ထောင်းပါ။ ငရုတ်သီးနဲ့ ကြက်သွန်ဖြူ၊ နီတို့ကိုလည်း ထောင်းပေးပါ။ ပြီးရင်တော့ အိုးထဲကို လှီးထားတဲ့ ခရမ်းသီးတွေရယ်၊ ထောင်းထားတဲ့ပုဇွန်ခြောက်၊ ငရုတ်သီးကြက်သွန်၊ ဆား၊ နနွင်းမှုန့်အနည်းငယ်၊ ငံပြာရည်နဲ့ အချိုမှုန့်အနည်းငယ်တို့ကို အတူသမအောင် ရောနယ်ပေးပြီး လုံးရေလေး နည်းနည်းလေးထည့်၊ ပြီးတော့မှ ဆီထည့်ပြီး ဟင်းအိုးပြင်ပါ။ (ခရမ်းသီးနှပ်မှာမို့ ဆီနည်းနည်းပိုထည့်ပေးပါ)
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဟင်းအိုးကို မီးဖိုပေါ်တင်ပြီးတည်ပေးပါ။ သုံးမိနစ်လောက်ဆိုရင်တော့ ပထမလုံးရေလေး ခမ်းလောက်ပါပြီ၊ အဲ့ဒီအချိန်ကျရင် ခရမ်းသီးတွေကိုဟိုဘက်ဒီဘက် အသာလှန်ပေးပြီး ရေနည်းနည်းထပ်ထည့်၊ အဖုံးအုပ်ပြီး ထပ်တည်ပေးပါနော်။ နောက်ထပ် သုံးမိနစ်လောက်တည်ပြီးရင်တော့ ရေလည်းခမ်း ခရမ်းသီးလည်း နပ်လောက်ပါပြီ။ အဲ့ဒီအချိန်ကျရင်တော့ ဟင်းအိုးမကပ်ရလေအောင် နည်းနည်းလှုပ်ပေးလိုက်ပါ။ ပြီးရင်တော့ အပေါ့အငံကိုမြည်းပါ၊ ကိုယ်နှစ်သက်တဲ့အရသာရပြီဆိုရင်တော့ မီးပိတ်ပြီး ဟင်းအိုးချလို့ရပါပြီနော်။
(သတ်သတ်လွတ်စားသူများ ခရမ်းသီးနှပ်ချက်လိုရင်တော့ ပုဇွန်ခြောက်အစား မြေပဲ၊ ငံပြာရည်အစား ပဲငံပြာရည်ကို အစားထိုးပြီး ချက်နိုင်ပါတယ်နော်။)
ခရမ်းသီးနှပ်ဆိုရင် သိပ်ကြိုက်၊ ခရမ်းသီးနှပ်ကို ထမင်းနဲ့ ငါးပိရည်နဲ့ ငရုပ်သီးမှုန့် နယ်စားရင် ကောင်းမှ ကောင်းပဲ၊ ငယ်ငယ်က ခရမ်းသီးနှပ်ဟင်းကြောင့် ဥပုပ် ကျိုးဖူးတယ်၊ အခုတောင် သရေတွေကျလာပြီ၊ ရှလွတ်
ReplyDelete