Tuesday, December 4, 2007

တူယှဉ်ဆင်နွှဲ ရာပြည့်ဟင်းပွဲ (သို့) ၀က်သားတုတ်ထိုး






ကျွန်မရဲ့မီးဖိုဆောင်လေးကို သြဂုတ်လ လေးရက်နေ့ကနေစပြီး မွေးဖွားခဲ့တာပါ။ ကျွန်မရဲ့ ဘလော့ဂ်လေး စတင်မွေးဖွားလာဖို့အတွက် အစစအရာရာ ကူညီပေးခဲ့တဲ့ ကျွန်မရဲ့ ချစ်ညီမလေး အမွန်ကို ပထမဦးဆုံး ကျေးဇူးတင်ပါတယ်။ ပြီးတော့ မေတ္တာရပ်ဝန်းမီးဖိုဆောင်လို့ နာမည်လေးရွေးပေးခဲ့တဲ့ ကျွန်မရဲ့ချစ်သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မပို့စ်တွေ မတင်နိုင်ဘဲ အခက်အခဲဖြစ်နေတိုင်း ကျွန်မကို ကူညီပြီး ပို့စ်တင်နေပေးကြတဲ့ ချစ်ညီမလေး အမွန်၊ ချစ်သူငယ်ချင်း တုတ်စ်ကြီးနဲ့ ယွန်းမင်းငယ်တို့ကိုလည်း ကျေးဇူးတင်ပါတယ်။

နောက်ပြီး ကျွန်မရဲ့ ဘလော့ဂ်ကို အလည်လာကြတဲ့ ကျွန်မရဲ့ ချစ်မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ စီပုံးမှာတစ်မျိုး၊ ကော်မန့်မှာတစ်ဖုံ မောင်နှမများ လာရောက်အားပေးအကြံပြုကြတာတွေကလည်း ကျွန်မအတွက် ဘာနဲ့မှ နှိုင်းယှဉ်ပြီးပြောလို့မတတ်တဲ့ အားဆေးတစ်ခွက်ပါ။ ကျွန်မဘလော့ဂ်ကို အလည်လာပြီး အခွင့်အရေးမပေးလို့ ဘာခြေရာလေးမှ မချန်ခဲ့ဘဲ ပြန်သွားကြရတဲ့ မိတ်ဆွေသူငယ်ချင်းများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မတတ်သမျှနဲ့ ချက်ထားတဲ့ ဟင်းပွဲတွေကို အမြဲလာရောက်အားပေး အကြံပြုကြပါဦးလို့လည်း ကျွန်မက ထပ်မံဖိတ်ခေါ်ပါရစေရှင့့်  အားလုံးအတွက် တံခါးဖွင့်ထားပါတယ်နော့့် 

ကျွန်မရဲ့ သူငယ်ချင်းမောင်နှမများကလည်း အကြံကောင်းများရှိခဲ့ရင် မျှဝေပေးကြပါဦးလို့ ကျွန်မ ထပ်လောင်း တောင်းဆိုပါရစေရှင့့်  ကျွန်မဘက်က ပျက်ကွက်တာများ ရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးကြပါနော်။

အခု ကျွန်မရဲ့မီးဖိုဆောင်လေးထဲမှာ ၀က်သားတုတ်ထိုးလုပ်ကျွေးပါလို့ ပူဆာထားတဲ့ အငတ်ကြီး၊ နုစံနဲ့ တကွ ကျန်တဲ့ မောင်နှမသူငယ်ချင်းများအားလုံးအတွက် ရည်ရွယ်ပြီး ဒီရာပြည့်ဟင်းပွဲကို တင်လိုက်ပါတယ်နော်။

ဝက်သားတုတ်ထိုးလုပ်ဖို့အတွက် ၀က်ကလီစာ အစုံ နားရွက်၊ အူချို၊ အူမကြီး၊ အချင်း၊ အသည်း၊ နှလုံး၊ ကျောက်ကပ်၊ ၀က်ခေါင်း စသဖြင့် ကိုယ်ကြိုက်သက်တဲ့ အသားမျိုးစုံကိုရွေးပြီး ၀ယ်ပါ။ ကျွန်မဈေးသွားဝယ်တော့ ဈေးသည်မှာ ကလီစာအစုံမရခဲ့တာနဲ့ပဲ ရတဲ့ကလီစာကိုပဲ ၀ယ်ခဲ့ရတယ်။ ပြီးတော့ နာနတ်ပွင့်၊ တရုတ်မာဆလာ၊ ချင်း၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည် အပျစ်၊ သကြား၊ ဆား၊ အချိုမှုန့်အနည်းငယ်နဲ့ ဆီတို့လိုအပ်ပါတယ်။



အသားနဲ့ ကလီစာတွေကို ရေသေချာဆေးပါနော်။အထူးသဖြင့် ကျောက်ကပ်ကို ဆေးတဲ့အခါမှာ သံပုရာရည်နဲ့ နယ်ပြီး ၁၅ မိနစ်လောက်ထားပြီးမှ ရေဆေးပစ်ပါ။ ရေဆေးပြီးသား အသားတွေကိုမှ ဆား၊ သကြား၊ အချိုမှုန့်နည်းနည်း၊ ဂျင်းထောင်းရည်တို့နဲ့ သေချာနယ်ပေးပါ။ ကြက်သွန်ဖြူကိုလည်း မညက်တညက်လေး ထောင်းပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အိုးထဲကို ဆီများများလေးထည့်ပေးပါ။ အသားမြုပ်သည်အထိ ဆီထည့်ပြီး ကြော်ပေးရမှာမို့ပါ။ ဆီပူလာပြီဆိုရင်တော့ သကြားကို ထမင်းစားဇွန်း ၃ ဇွန်းလောက်ထည့်ပြီး မွှေပေးပါ။ သကြားပူပြီး အနီရောင်ပြောင်းလာတဲ့အထိ မွှေပေးပါ။ မတူးအောင်သတိထားပါနော်။ ဆားလေးကိုလည်း နည်းနည်းလောက်ထပ်ထည့်ပေးပါနော်။ ပြီးရင်တော့ အူချို၊ အူမကြီး၊ အချင်းတိုင် တို့ကို အရင်ထည့်ပြီး ကြော်ပေးပါ။ အဲ့ဒီအသားတွေမှာ အရောင်ရဲလာပြီဆိုရင် ပဲငံပြာရည်အပျစ် ထမင်းစားဇွန်း ၁ ဇွန်းခွဲလောက် ထပ်ထည့်ပြီး မွှေပေးပါနော်။ ပြီးရင်တော့ အရောင်နီညိုရောင်လေးပြောင်းပြီဆိုရင် အသားတွေကို ဆယ်ပြီးတော့ တခြားဇလုံတစ်လုံးထဲ ထည့်လိုက်ပါနော်။ ပြီးတော့မှ သကြား၊ ဆားနည်းနည်း၊ ပဲငံပြာရည်အပျစ်ထည့်ပြီး အသည်း၊ နှလုံး၊ ကျောက်ကပ်နဲ့ တခြားနူးလွယ်တဲ့ အသားတွေကိုထည့်ပြီး ကြော်ပေးပါနော်။

အားလုံးကြော်ပြီးသွားရင်တော့ ပေါင်းအိုးထဲကို နာနတ်ပွင့်၊ ဆားနည်းနည်း၊ သကြားလေးနည်းနည်း၊ တရုတ်မာဆာလာနည်းနည်း၊ အချိုမှုန့်နည်းနည်းထည့်ပြီး ကြော်ထားတဲ့အသားတွေနဲ့ သေချာနယ်ပြီး ရေမြုပ်ရုံလေးထည့်ပြီး ပေါင်းအိုးနဲ့ ပေါင်းပေးပါ။ အရသာနဲ့ အနံ့အတွက် ဆား၊ သကြားနဲ့ အမွှေးအကြိုင်တွေကို ကြိုက်နှစ်သက်သလို ထည့်ပေးပါနော်။ ပြီးရင်တော့ pressure cooker ဒါမှမဟုတ် ပေါင်းအိုးနဲ့ ထည့်ပေါင်းပါ။ pressure cooker နဲ့ ပေါင်းတဲ့အခါ ၁၅ မိနစ်လောက်မှာ မီးပိတ်ပြီး အငွေ့ထွက်တာ ရပ်တဲ့အထိ ခဏစောင့်ပါ။ ပြီးတော့မှ ပေါင်းအိုးကိုဖွင့်ပြီး နုတဲ့အသား ဥပမာ နားရွက်၊ ခေါင်း၊ အဲ့ဒါမျိုးတွေ နူးမနူး ကြည့်ပါနော်။ နူးပြီဆိုရင်တော့ အဲ့ဒီအသားတွေဖယ်ထား၊ အနူးခက်တဲ့ အူမကြီးနဲ့ ကျန်တဲ့ကလီစာတွေကို နူးလာအောင် နည်းနည်းထပ်တည်ပေးပါနော်။ အားလုံးနူးပြီ၊ အရသာအပေါ့အငံကိုလည်း ကြိုက်ပြီဆိုရင်တော့ အသားသပ်သပ်၊ အရည်သပ်သပ်ဖြစ်အောင် အသားတွေကို ဆယ်ပြီး ပန်းကန်တစ်ချပ်ထဲကို ဆည်ပြီးထည့်ထားပါနော်။ စားခါနီးမှ နည်းနည်းလေး ပြန်နွှေးပြီး စားပေါ့နော်။

အချဉ်အတွက်ကတော့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကို မညက်တညက်လေးတွေဖြစ်အောင်ထောင်းပြီးတော့ ငရုတ်ဆီလေးနဲ့ စပ်လိုက်ပါနော်။ ကျွန်မအိမ်က တူမလေးတွေက အစပ်မစားနိုင်လို့ ငရုတ်ဆီထဲ ငရုတ်သီးစိမ်း ထည့်ပြီး မထောင်းဖြစ်ဘူးနော်။ ပြီးတော့ ကြက်သွန်ဖြူလေးတွေ၊ ငရုတ်သီးစိမ်းလေးတွေကိုလည်း ကိုက်စားလို့ လွယ်အောင် ပြင်ဆင်ပေးထားပါနော်။ အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်တဲ့ ၀က်သားတုတ်ထိုးကို အသင့်သုံးဆောင်နိုင်ပါပြီနော်။

နောက်တစ်မျိုးကတော့ အဲ့ဒီဝက်သားတွေ ကလီစာတွေကို မထူမပါးလေးတွေလှီး၊ ပြီးတော့ ကြက်သွန်နီပါးပါးလှီး၊ သခွါးသီးလေးလှီးထည့်၊ ငံပြာရည်နည်းနည်းထည့်၊ ရှာလကာရည်လေးထည့်၊ ကြက်သွန်ဖြူ မညက်တညက်ထောင်းထည့်၊ ငရုတ်ဆီထည့်၊ ငရုတ်သီးအလှော်မှုန့်နဲ့ အချိုမှုန့်အနည်းငယ်ထည့်ပြီး ၀က်သားသုပ် သုပ်စားလို့လည်း ရပါတယ်။ အဲ့ဒါက မော်လမြိုင်ဘက်က ၀က်သားသုပ်နည်းပါနော်။ တခြားဒေသနဲ့ ကွဲလွဲကောင်း ကွဲလွဲပါလိမ့်မယ်နော်။ ၀က်သားသုပ်ကိုလည်း အားပေးကြပါဦးနော်။

7 comments:

  1. ဝိုး!! စားမယ်။ စားမယ်။ တစ်ပန်းကန် ယူသွားမယ်။ သိုင်းကျူး ချစ်မမလု :))

    ReplyDelete
  2. လုလုနည်းလေး က ဒီက အသားတွေအတွက် ကောင်းတယ်။ ကျနော်တို့ နည်းက မကြော်တော့ ဒီဘက်က အသားတွေက ညှီစော်နံ့ တာနဲ့  လုပ်မစားဖြစ်ဘူး။ ကြော်ရင် ညှီနံ့ ပျောက်မှာဘဲ။ အာရှမှာ က အသဲဆိုရင် ကြော်ချက်ဖို့ တောင်မလို ရေနွေးဆူဆူ ထဲတာနဲ့ တင်မွှေးနေတာ။ ဒီမှာ အသဲစားတောင် မစားချင်ဘူး ညှီလို့ ။ နည်းလေးအတွက် ကျေးဇူးပါ

    ReplyDelete
  3. ဒါကြောင့် မလုကို ချစ်တာ.. .. တကူးတက ၀က်သားတုတ်ထိုးလုပ်နည်းတင်ပေးထားတာ ကျေးဇူး.. ပိတ်ရက်မှာ လုပ်စားကြည့်ရမယ်.. ကံကောင်းထောက်မလို့ ၀က်ကလီစာ ရောင်းတဲ့ဆိုင်တစ်ခုတွေ့ထားတယ်.. ပုံမှန်ဆိုရင် ဒီက လူတွေ ၀က်ကလီဇာ မစားတော့ supermarket မှာ ၀ယ်မရဘူး.. ဘာပဲဖြစ်ဖြစ် မလုရဲ့ ၀က်သားတုတ်ထိုးကို ကြည့်ရင်း သွားရည်ယိုလိုက်ရပြီ.. :)

    မေတ္တာရပ်ဝန်းမီးဖိုဆောင်လေးက တကယ်ကို မေတ္တာနဲ့ ပြည့်စုံပါပေတယ် မလုရေ.. ပို့စ် ၁၀၀ ပြည့်မှသည် နောင်လည်း ဆက်လက် ဟင်းချက်နည်းတွေ ရေးသားနိုင်ပါစေ...

    ReplyDelete
  4. hi ma ma lu
    i tried your recipe with pig-tongue and like it very much... thanks so much for the recipe.. next time, i'll try to make dote-htoe with all other organs..
    su su

    ReplyDelete
  5. ဒီနေ့ဝက်သားဒုတ်ထိုး ချက်စားတယ် အမရေ....မမလု ပြောသလိုလေးချက်တာပေါ့ အူချိုတော့ မပါဖူး ဆိုင်မှာကုန်နေလို့တဲ့
    အရမ်းကောင်းတယ် အရမ်းကောင်းပဲ
    ....ကျေးဇူးပါနော် အမ

    ReplyDelete
  6. ma lu, "ရေဆေးပြီးသား အသားတွေကိုမှ ဆား၊ သကြား၊ အချိုမှုန့်နည်းနည်း၊ ဂျင်းထောင်းရည်တို့နဲ့ သေချာနယ်ပေးပါ။ ကြက်သွန်ဖြူကိုလည်း မညက်တညက်လေး ထောင်းပေးပါ။" where shall I put crushed garlic in?

    ReplyDelete
  7. မမေ၇
    ကျေးဇူးနော်
    များဂျီးချစ်တယ်
    ဟိဟိ
    လုပ်စားတော့မယ်
    စားပါဦးးနော်..။

    ReplyDelete