Tuesday, December 4, 2007

ဆိတ်သားအချဉ်ချက်

ဆိတ်သားကို ဒီအတိုင်းချက်စားရင် ညှီလိုက်တာ၊ အနံ့ပြင်းလိုက်တာဆိုပြီး ငြီးကြတဲ့ ကျွန်မသူငယ်ချင်းတွေရှိပါတယ်။ ကျွန်မရဲ့ ညီမတစ်ယောက်ကလည်း ဆိတ်သားကို ဒီအတိုင်းချက်ရင် မစားချင်ဘူးလို့ ခဏခဏ ပြောတဲ့အတွက် မီးဖိုချောင်ဝင်ရတဲ့ ကျွန်မ စိတ်ညစ်ရပါတယ်။ အိမ်မှာလည်း သရက်သီးသနပ်တွေ လုပ်ထားတာ အများကြီးအဆင်သင့်ရှိနေတာမို့ ဆိတ်သားသရက်သီးသနပ်ဟင်းချက်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

ဈေးသွားရင်းနဲ့ လိုအပ်တာတွေတစ်ခါတည်း ၀ယ်ခဲ့ပါတယ်။ ဆိတ်သားကို အရိုးနုလေးတွေနဲ့ တွဲဝယ်ပါတယ်။ ပြီးတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးအပွတောင့်၊ ဟင်းခတ်အမွှေးအကြိုင်ဖြစ်တဲ့ ဇီယာစေ့၊ နံနံစေ့၊ ဖါလာစေ့ စတဲ့ အမွှေးအကြိုင်အစုံ၊ ကရဝေးနဲ့ သစ်ဂျပိုးခေါက်လည်း ပါသေးတယ်။ ဆီနည်းနည်းနဲ့ ကုလားလေးမာဆလာလည်း အိမ်မှာရှိပြီးသားမို့ အားလုံးအစုံအလင်ဖြစ်သွားပါပြီ။
ဆိတ်သားကို ရေဆေးပြီး အရိုးအသားရောတစ်ဆက်တည်းဖြစ်အောင် ခုတ်ပါတယ်။ ပြီးတော့မှ ဆား၊ သကြား၊ အချိုမှုန့်၊ ဟင်းခတ်အမွှေးအကြိုင်အစုံထောင်းနဲ့ နယ်ပြီး နာရီဝက်လောက် နှပ်ထားလိုက်ပါတယ်။ ငရုတ်သီးအခြောက်တောင့်ကိုလည်း အစေ့ထုတ် ရေစိမ်ပြီး ညက်အောင်ထောင်းပါတယ်။ ပြီးတော့မှ ချင်း၊ ကြက်သွန်ဖြူနီကို အခွံနွှာပြီး ထည့်ထောင်းပါတယ်။ ဆိတ်သား အစိတ်သားချက်မှာမို့ သရက်သီးသနပ် နှစ်ကျပ်ခွဲသားလောက်ကို ထည့်ဖို့လည်း ပြင်ထားလိုက်ပါတယ်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင်တော့ နနွင်းမှုန့်လေးနည်းနည်းထည့်၊ ပြီးရင်ထောင်းထားတဲ့ ငရုတ်သီးကိုထည့်ပြီး ဆီသတ်ပါ။ ဆီသတ်နံ့မွှေးလာပြီဆိုရင်တော့ နှပ်ထားတဲ့ ဆိတ်သားတွေထည့်ပြီး ဆီသတ်ပါ။ ပြီးရင်တော့ ဆိတ်သားမြုပ်ရုံ ရေထည့် အဖုံးအုပ်ပြီး ရေခမ်းခါနီးထိတည်ပေးပါ။ ရေခမ်းခါနီးကျရင် ဟင်းအိုးအဖုံးဖွင့်ပြီး သရက်သီးသနပ်ကို ထည့်ပြီးမွှေပေး၊ ပြီးတော့မှ ရေ လက်ဖက်ရည်ကြမ်းတစ်ပန်းကန်လုံးလောက် ထပ်ထည့်ပြီး တည်ပေးပါ။ ရေလေး ခပ်စပ်စပ်လေးကျန်တဲ့အချိန်ကျရင်တော့ ဟင်းအိုးအဖုံးဖွင့် အပေါ့အငံမြည်း၊ မာဆလာလေးအုပ်ပြီး ဟင်းအိုးချလိုက်ရုံပါပဲ။ အဲ့ဒါဆိုရင်တော့ ဆိတ်သားသရက်သီးသနပ်ချက် ရပါပြီနော်။ ငရုတ်သီးဆားထောင်းလေးရယ်၊ ပန်းမုန်လာပွင့်ကြော်ရယ်၊ ပဲနီလေးကြာဇံဟင်းရည်သောက်လေးနဲ့ တွဲဖက်သုံးဆောင်ပါနော်။

2 comments:

  1. မလု.. ဗိုက်ဆာနေတုန်း မလုရဲ့ ဆိတ်သားအချဉ်ချက်ကို ကြည့်ပြီး စားချင်လိုက်တာ.. ဆိတ်သားကို အရမ်းကြိုက်တာ. သရက်သီးသနပ်နဲ့တော့ မစားဖူးဘူး.. သွားရည် ကျပြီးရင်းသာ ကျနေရတဲ့ ဘ၀ ပါလားနော်.. :D

    ReplyDelete
  2. ဆိတ်သား ဒီဘက်မှာမရဘူး သိုးသားကို mutton ဆိုပြီးရောင်းတယ်။ တောင်ဆိတ်ကို deer ပြောရောင်းတယ် သမင်သားမှမဟုတ်တာ နောက် ဆိတ်သားစားချင်ရင် deer အသားနဲ့ ချက်မှဘဲ။ ဆိတ်သားခါးပတ်။ မောင်အေး စမူဆာမှာ ဆိတ်သားနဲ့ လုပ်တာလေ.. သတိရသွားပြီ

    ReplyDelete