Saturday, December 29, 2007

ငှက်ပျောပေါင်း


ငှက်ပျောပေါင်းကို ကျွန်မတို့ မော်လမြိုင်ဘက်မှာ ပေါင်းတဲ့ပုံစံအတိုင်း ပြောပြမယ်နော်။ ငှက်ပျောသီးပေါင်းဖို့အတွက် ရခိုင်ငှက်ပျောသီး၊ အုန်းသီး၊ သကြား၊ ဆားအနည်းငယ်တို့လိုပါတယ်။ အုန်းသီးအနည်းအများကိုတော့ အုန်းသီးကြိုက်နှစ်သက်တဲ့အပေါ် မူတည်ပြီး ထည့်ပေးပါနော်။(နိုင်ငံခြားမှာတော့ ရခိုင်ငှက်ပျောသီး ရဖို့မလွယ်ပါဘူး။ ကျွန်မ ဂျပန်မှာ နေတုန်းကတော့ သီးမွေးငှက်ပျောသီးနဲ့ တစ်ခါ ငှက်ပျောပေါင်းလုပ်ဖူးပါတယ်။)

ရခိုင်ငှက်ပျောသီးကို အခွံတွေနွှာ၊ ထက်ခြမ်းခြမ်းပြီး အဖန်ရည်တွေ ထွက်သွားအောင် ရေနဲ့ နှစ်ကြိမ်မှ သုံးကြိမ်ထိ ပြုတ်ပစ်ပါ။ နောက်ဆုံးအကြိမ်ပြုတ်ပြီးရင်တော့ ရေတွေသွန်ပစ်ပြီး ငှက်ပျောသီးတွေကို ရေစစ်ပြီး အအေးခံထားလိုက်ပါ။
အုန်းသီးကို ခြစ်ထားပြီးတော့မှ ဦးရေကို ညှစ်ပြီး သီးသန့်ဖယ်ထားပါ။ ပြီးတော့မှ ကျန်တဲ့ညှစ်ရေတွေကို သပ်သပ်ဖယ်ထားပါ။ လက်ခြစ်နဲ့လည်း သပ်သပ်ခြစ်ထားပါ။
ပြီးရင် အိုးတစ်လုံးထဲကို အုန်းနို့ဦးရေကို ထည့်ပြီး ကျိုပေးပါ။ အဆီဥလေးတွေ တက်လာပြီဆိုရင်တော့ ပန်းကန်တစ်လုံးထဲ သပ်သပ်ခပ်ထားလိုက်ပါ။
အိုးကြီးကြီးတစ်လုံးထဲ ပြုတ်ထားတဲ့ ငှက်ပျောသီးတွေကို တန်းစီပြီး ထည့်ပါ။ ပြီးရင် သကြား၊ ဆားအနည်းငယ်နဲ့ အုန်းနို့ရေတွေ ထည့်ပြီး မီးဖိုပေါ် တင်ပြီး မီးနွေးနွေးနဲ့ တည်ပါ။ သကြားကိုလည်း အချိုကြိုက်နှစ်သက်တဲ့အပေါ် မူတည်ပြီး ထည့်ပါ။ မုန့်အိုးဆူလာပြီး အုန်းနို့ရည်တွေ ခပ်ပျစ်ပျစ်ဖြစ်လာပြီဆိုရင်တော့ အုန်းနို့ဆီကျိုထားတာတွေကိုပါ ထည့်ပြီး ငှက်ပျောသီးတွေကို ဟိုဘက်ဒီဘက်လှန်ပေးပါ။ ပြီးတော့မှ အပေါ်ကနေ လက်ခြစ်နဲ့ခြစ်ထားတဲ့ အုန်းသီးတွေထည့်ပြီး မီးနွေးနွေးနဲ့ ငါးမိနစ်လောက် ထပ်တည်ပေးပါနော်။ အဲ့ဒါဆိုရင်တော့ ငှက်ပျောပေါင်း မွှေးမွှေးချိုချိုအိအိလေး ရပါပြီနော်။ စမ်းကြည့်ပါနော်။ မုန့်လုပ်စားဖြစ်တဲ့နေ့ကျရင် ဓါတ်ပုံတင်ပေးမယ်နော်။

2 comments:

  1. သမီးတော်ရေ..ဒီနေ့လည်း...နောက်နေ့ကျွေးလို့ရအောင်..copyလုပ်သွား
    ပြန်ပြီနော်...ကုသိုလ်တွေရအောင်ပေါ့(သာဓုခေါ်နော်)

    ReplyDelete
  2. ကျေးဇူးဘဲ...ရှဲးသွားပြီနော်၊

    ReplyDelete