
ကြက်သည်းကြက်မြစ်တို့ကို သန့်စင်အောင် ရေဆေးပြီး ပါးပါးလှီးထားပါ။ ဆား၊ သကြား၊ ကြက်သားမှုန့်နည်းနည်း၊ ကော်မှုန့်၊ ဂျုံမှုန့်တို့နဲ့နယ်ပြီး နှပ်ထားပေးပါ။ ပဲပြားက ကြော်ပြီးသားမို့ မထူမပါးလေး လှီးလိုက်ပါ။ ပဲပင်ပေါက်ကိုလည်း ရေဆေးပြီး စစ်ထားပါ။ ဂေါ်ဖီထုပ်ကိုလည်း ရေသေချာဆေးပြီး မထူမပါး လှီးပေးထားပါ။ မှိုကိုလည်း ရေဆေးပြီး စစ်ထားပေးပါ။ ပဲသီးတောင့်ရှည်ကိုလည်း ရေဆေးပြီး ခပ်စောင်းစောင်းပါးပါးလေး လှီးထားပေးပါ။ မုန်လာဥနီကိုလည်း ရေဆေးပြီး ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကို အခွံနွှာပြီး ဓါးပြားရိုက်ထားပေးပါ။ ကြက်သွန်နီကို အခွံနွှာ ရေဆေးပြီး လေးစိပ်ထိုးထားပေးပါ။
အားလုံးအသင့်ဖြစ်တာနဲ့ မီးဖိုပေါ် ဆီအိုးတင်၊ ဆီပူလာရင် ကြက်သွန်ဖြူနီကိုထည့်၊ ကြက်သွန်စိမ်းနံ့ပျောက်သွားပြီး နွမ်းလာပြီဆိုတာနဲ့ နှပ်ထားတဲ့ ကြက်သည်းကြက်မြစ်ကိုထည့်ပြီးကြော်ပေးပါ။ ကြက်မြစ်က နည်းနည်းအနူးခက်တာမို့ ရေလေးနည်းနည်းထည့်ပြီး အဖုံးအုပ်ပြီး ကြော်ရအောင်နော်။ ၂ မိနစ်လောက်နေရင် အဖုံးဖွင့်ပြီးအိုးထဲကို ပဲပြားကြော်ထည့်ပါ။ ပြီးရင်တော့ မှိုကိုထည့်ကြော်ပါ။ ပြီးတော့မှ မုန်လာဥနီ၊ ဂေါ်ဖီထုပ်နဲ့ ပဲတောင့်ရှည်တို့ထည့်ပြီးမွှေပါ။ ပြီးတော့မှ ဆားနည်းနည်းနဲ့ ကြက်သားမှုန့်လေးပါထည့်ပြီး မွှေပါ။ နောက်ဆုံးကျမှ ပဲပင်ပေါက်ကိုထည့်ပြီး ကြော်ပေးပါ။ အပေါ့အငံကိုမြည်းပြီးတော့မှ ကိုယ်နှစ်သက်ရာ အရသာအတိုင်းဖြစ်အောင် ပြင်ပြီး အစိမ်းကြော်အိုးချလို့ရပါပြီ။ အမြန်ဆုံးသော ဟင်းရွက်ကြော်နည်းတစ်မျိုးပါနော်။
Thank you so much for your recipes.
ReplyDeletePadre Islander, TX, U.S.A.