Sunday, December 23, 2007

ဝက်သားလိပ်ကြော်စားရအောင့့် 

ဒီနေ့တော့ ချစ်မောင်နှမတွေကို ဟင်းချက်မကျွေးဖြစ်တာကြာပြီဆိုတော့ ၀က်သားလိပ်လေးကြော်ကျွေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ၀က်သားလိပ်မကြော်ခင် ကျွန်မ ခုတလော မအားလို့ ဟင်းချက်မကျွေးဖြစ်တာကို ပထမဦးဆုံး တောင်းပန်ပါရစေနော်။ ကျွန်မကို နားလည်ခွင့်လွှတ်ပေးကြပါနော်။
ဝက်သားလိပ်လိပ်ဖို့အတွက် လိုအပ်တာလေးတွေကတော့ ၀က်သား အသားကောင်းကောင်း၊ ကြက်သွန်နီဥအကြီး၊ တရုတ်နံနံ၊ တရုတ်မာဆလာ၊ ဘဲဥ၊ ဂျုံမှုန့်၊ ကော်မှုန့်၊ ဆား၊ အချိုမှုန့်၊ပဲငံပြာရည်အပျစ်၊ ဆီ၊ ၀က်သားလိပ်လိပ်ဖို့အတွက် အောက်ခံဂျုံအပြားတို့ပါနော်။



ဝက်သားလိပ်အဆာပြုလုပ်နည်း
ဝက်သားကို သန့်စင်အောင်ရေဆေးပြီး လက်မအရွယ် အတုံးလေးတွေဖြစ်အောင်တုံး၊ ပြီးတော့မှ ဆား၊ သကြား၊ အချိုမှုန့်နည်းနည်း၊ ပဲငံပြာရည်အပျစ်နည်းနည်း၊ ကော်မှုန့်၊ ဂျုံမှုန့်တို့နဲ့ နယ်ပြီး နှပ်ထားပေးပါနော်။ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ထက်ခြမ်းခြမ်းပါ။ ပြီးတော့မှ ကြက်သွန်ကို ကန့်လန့်ဖြတ် နည်းနည်းထူထူလေးဖြစ်အောင်လှီးပါ။ အဲ့ဒါကိုမှ နောက်တခေါက် အရှည်လိုက်လေး ဘလော့ဂ်တုံးလေးတွေ ဖြစ်အောင် လှီးပေးပါ။ ကြိုက်တတ်ရင် ကြွက်နားရွက်မှိုကို ရေစိမ်ပြီးတော့ ခပ်သေးသေးတွေဖြစ်အောင် လှီးထားပေးပါ။ တရုတ်နံနံကိုလည်း ရေဆေးပြီး မထူမပါးလေး လှီးထားပေးပါ။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ်ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာတာနဲ့ကြက်သွန်နီကိုထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်နီနွမ်းပြီး စိမ်းနံ့ပျောက်သွားပြီဆိုရင် နှပ်ထားတဲ့ ၀က်သားကိုထည့်ပြီးမွှေပါ။ ပြီးရင် ကြွက်နားရွက်မှိုကိုထည့်ပြီး မွှေပေးပါ။ ၀က်သားအကျက်၊ ကြွက်နားရွက်မှိုအနူးလောက်မှာ အပေါ့အငံမြည်း၊ တရုတ်မဆလာလေးနည်းနည်းအုပ်ပြီး မွှေပေးပါ။ ပြီးရင်တော့ တရုတ်နံနံအုပ်ပြီး ပန်းကန်လုံးအကြီးကြီးထဲ ခပ်ထည့်ထားပေးပါ။
ဝက်သားလိပ်ကြော်နည်း
မုန့်နှစ်အတွက် ဂျုံမှုန့်လက်ဖက်ရည်ပန်းကန်တစ်လုံးကို ဘဲဥနှစ်လုံးနဲ့ ရောပြီးခေါက်ပါ။ ဂျုံအပြားပေါ်မှာ ၀က်သားလိပ်အဆာကို ထည့်ပြီး လုံအောင်လိပ်ထားပြီး လင်ပန်းတစ်ချပ်ထဲ တန်းစီထည့်ထားပေးပါ။ အကြော်ကြော်ဖို့အတွက် မီးဖိုပေါ် ဒယ်အိုးတင်ပြီး ဆီများများထည့်ပေးပါ။ ၀က်ဆီနဲ့ဆိုရင် ပိုဆိမ့်ပြီး အရသာပိုရှိပါတယ်။ ဆီပူလာတဲ့အခါကျရင် လိပ်ထားတဲ့အသားလိပ်ကို မုန့်ရည်ထဲနှစ်ပြီး ဆီအိုးထဲ ထည့်ပြီး ကြော်ပေးပါ။ အကျက်ညီအောင် မီးကိုအသင့်အတင့်ထားပြီး ကြော်ပါ။ နီရောင်သမ်းလာပြီဆိုရင်တော့ ဆီအိုးထဲကနေ ဆယ်၊ ဆီစစ်ထားပြီး အအေးခံထားပေးပါနော်။
အချဉ်ပြုလုပ်နည်း
အချဉ်အတွက် ငရုတ်ဆီကို မန်ကျည်းနှစ်လေးနည်းနည်းထည့်၊ ထန်းလျက်လေးနည်းနည်းထည့်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူလေးထောင်းထည့်၊ ဆားလေးနည်းနည်းထည့်ပြီး ဖျော်ပါ။ ဂေါ်ဖီ၊ သခွါးသီး၊ ကြက်သွန်နီ ကြိုက်နှစ်သက်ရာနဲ့တွဲပြီး သုံးဆောင်နိုင်ပါတယ်။ ကျွန်မတို့မော်လမြိုင်ဘက်မှာတော့ တစ်ခါတလေ မုန်လာဥကို ပိုးတီလှီးပြီး ရှာလကာရည်စိမ်ထားပြီး ငရုတ်ဆီနဲ့အချဉ်လုပ်တတ်တဲ့အလေ့ရှိပါတယ်။
အားပေးကြပါဦးနော်။

4 comments:

  1. Ma LuLu,Where can I find "အောက်ခံဂျုံအပြား" in us? Thanks.KC

    ReplyDelete
  2. KC ရေ့  အောက်ခံဂျုံပြားကလေ မြန်မာပြည်မှာဆိုရင် အာပုံ ကို သုံးကြပါတယ်နော်။ ဒါမှမဟုတ်ရင် rice paper ကို သုံးလည်းရပါတယ်နော်။ အာပုံကတော့ အဆင်ပြေဆုံးပါပဲနော်။

    ReplyDelete
  3. လုရေ
    အမတို့ rice paper ကိုဘယ်မှာဝယ်ယလို့ရမလဲ။ မတ်ပဲနဲ့ တိုဆေးလုပ်တာ တောင့်မနေဘဲ ပျော့ဖတ်နေတယ်။ အဲဒါသိခြင်တယ်။ နေကောင်းပါစေ။ သားကောင်းသမီးကောင်း မိခင်ဖြစ်ပါစေ။

    ReplyDelete
  4. မုန့်နှစ်ကဘယ်အချိန်မှုထဲ့တာလဲဟင်....အဲ့တာကိုကျနော်မရှင်းဘူးဖြစ်နေလို့ပါ....ကျေးဇူးပါ။

    ReplyDelete