Monday, December 24, 2007

စတိုင်လ်တစ်မျိုးနဲ့ ပဲကြာဇံသုပ်


ဒီနေ့ခရစ္စမတ်အကြိုနေ့မှာ ချစ်မောင်နှမများအတွက် ပဲကြာဇံသုပ်လေး သုပ်ကျွေးပါရစေဦး။ အသုပ်ဆိုတာက လုပ်ရတာ လက်ဝင်ပေမယ့် စားတဲ့အခါကျရင် လျှာဖျားမှာ စွဲသွားစေတယ်မဟုတ်လား။ အခုပဲကြာဇံသုပ်ကိုတော့ စတိုင်လ်တစ်မျိုးနဲ့ သုပ်ပေးပါမယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ပဲကြာဇံ၊ တူနာငါးသေတ္တာ၊ ကြက်အူချောင်း၊ ငံပြာရည်အနည်းငယ်၊ ဆား၊ အချိုမှုန့်အနည်းငယ်၊ သကြားအနည်းငယ်၊ သံပုရာသီး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ မြေပဲလှော်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးအလှော်မှုန့်အနည်းငယ်တို့ပါနော်။
ပဲကြာဇံကို ၁၀ မိနစ်ခန့် ရေစိမ်ထားပြီးမှ ရေနွေးဆူဆူမှာပြုတ်ပြီး ရေစစ်ထားပေးပါ။ ပြီးတော့မှ သုံးလက်မအရှည်လောက်စီဖြစ်အောင် လှီးဖြတ်ထားပေးပါ။ တူနာငါးသေတ္တာဗူးကို ဖွင့်ပြီး ဆီတွေကို သွန်ပစ်ပြီး ငါးအသားဖတ်တွေကိုချည်းယူပါ။ ကြက်အူချောင်းကို ရေလေးနည်းနည်းနဲ့ထည့်ကြော်ပြီး ခပ်စောင်းစောင်းလေးတွေဖြစ်အောင် လှီးထားပေးပါ။ မြေပဲလှော်ကို မညက်တညက်လေး ထောင်းထားပေးပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေး၊ အညှာချွေပြီးတော့ ခပ်သေးသေးလေးဖြစ်အောင် လှီးထားပေးပါ။ ကြက်သွန်နီကိုလည်း အခွံနွှာ၊ ရေဆေးပြီး တခြမ်းလောက်ကို ခပ်ပါးပါးလေး လှီးထားပေးပါနော်။ ခရမ်းချဉ်သီးကိုလည်း မထူမပါးလေး လှီးထားပါ။ သံပုရာသီးကိုလည်း အရည်ညှစ်ထားပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲမှာ ပြုတ်ထားတဲ့ ပဲကြာဇံရယ်၊ တူနာငါးသေတ္တာရယ်၊ ကြက်အူချောင်းရယ်၊ မြေပဲလှော်ထောင်း၊ ငရုတ်သီးစိမ်းပါးပါးလှီးရယ်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးလှီးပြီးသားရယ်၊ ဆားအနည်းငယ်၊ ငံပြာရည်လေးရယ်၊ သကြားလေးနည်းနည်းရယ်၊ အချိုမှုန့်ရယ်၊ သံပုရာရည်ရယ် အားလုံးထည့်ပြီး သေချာနှံ့အောင် နယ်ပေးပါနော်။ အပေါ့အငံကို ကြိုက်နှစ်သက်သလိုမြည်းပါနော်။ အရသာကြိုက်ပြီဆိုရင်တော့ ပန်းကန်ထဲမှာတော့ အောက်မှာ ဆတ်လတ်ရွက်လေးခင်းပြီး ပဲကြာဇံသုပ်ကိုထည့်ပါ။ အဲ့ဒါဆိုရင်တော့ ငါးသေတ္တာကြက်အူချောင်းပဲကြာဇံသုပ် ချဉ်ငံစပ်လေးရပါပြီနော်။ အစပ်ပြေသွားရအောင်လို့ သီးစုံကော့တေးလ်လေးနဲ့ တွဲပြီးသုံးဆောင်ပါနော်။

0 comments:

Post a Comment