Monday, December 10, 2007

ဗူးသီးကြော် ကြော်စားကြရအောင်

ဒီပို့စ်လေးကိုတော့ ကျွန်မကို ဗူးသီးကြော်စားချင်တယ်လို့ ပြောထားတဲ့ မဂျူဝယ်နဲ့ မုန့်နှစ်စပ်နည်း (မြန်မာနည်း) ကို မေးထားတဲ့ ဂျေနဲ့အတူ ကျွန်မရဲ့ မောင်နှမအားလုံးအတွက် ရည်ရွယ်လိုက်တာပါနော်။
အကြော်တွေကြော်တဲ့အခါ မုန့်နှစ်က အရေးကြီးပါတယ်။ မုန့်နှစ်အစပ်အဟပ်ကောင်းမှ အကြော်က ကြွပ်ရွပြီး စားလို့ကောင်းမှာမဟုတ်လား။ အခုကျွန်မရေးမယ့် မုန့်နှစ်စပ်နည်းကတော့ ကျွန်မရဲ့အဘွားအကြော်ကြော်တဲ့အခါ သူစပ်နေကျ အချိုးလေးပါနော်။
မုန့်နှစ်စပ်ဖို့အတွက်ကတော့ ဆန်ကြမ်း၊ ကောက်ညှင်း၊ ရွှေချီ၊ စားဆော်ဒါအနည်းငယ်၊ ဆားအနည်းငယ်၊ အရောင်အတွက် ပဲငံပြာရည်အပျစ်အနည်းငယ်တို့ပါနော်။

မုန့်နှစ်စပ်နည်း
ဆန်ကြမ်းတစ်ဗူးဆိုရင်၊ ကောက်ညှင်းက ဗူးဝက်ထည့်၊ နှစ်ခုကို ရောပြီး တစ်ညသိပ် ရေစိမ်ထားပြီး မနက်ကျရင် မုန့်ကြိတ်ဆုံမှာ မုန့်ကြိတ်ပါနော်။ ကောက်ညှင်းနည်းရင် အကြော်က မကြွတ်ဘဲ မာသွားတတ်တယ်နော်။ မုန့်ရည်ရလာပြီဆိုရင် အဲ့ဒီမုန့်ရည်ထဲကို ဆားအနည်းငယ်၊ စားဆော်ဒါ အနည်းငယ်နဲ့ ရွှေချီမှုန့်အနည်းငယ် တို့ကိုပါ ထည့်ပြီး မွှေပေးပါ။ ပြီးတော့ အရောင်အတွက် ပဲငံပြာရည်အပျစ်နည်းနည်းထည့်ပေးပါ။

အကြော်ကြော်နည်း
ဗူးသီးကိုတော့ ကိုယ်ကြိုက်မယ့်အရွယ်လေးတွေဖြစ်အောင် အချောင်းလေးတွေ လှီးထားပါ။ ကျွန်မတို့ မော်လမြိုင်ဘက်ကတော့ ဗူးသီးကို လက်သန်းလောက်လေးတွေ လှီးပြီးတော့မှ ကြော်တာပါ။ ရန်ကုန်ရောက်မှ ဗူးသီးကြော်ကြီးတွေက တစ်ချောင်းတစ်ချောင်းကို အကြီးကြီးတွေ၊ စစချင်းတုန်းက မစားတတ်ဘူး။ နောက်ပိုင်းကျတော့လည်း အထာကျသွားပါတယ်။ အဲ့ဒီဗူးသီးအချောင်းလေးတွေကိုမှ မုန့်ရည်ထဲမှာ နှစ်ပြီးတော့ ဆီများများနဲ့ ကြော်ပေးပါနော်။ ကြော်တဲ့အခါမှ ဆီပူ မပူ ကို ဆီထဲကို မုန့်နှစ်လေး နည်းနည်းထည့်ကြည့်ပါ။ မုန့်နှစ်လေး ပွတက်လာပြီဆိုရင်တော့ ဆီပူပါပြီ။ မီးကိုလည်း မပြင်းမလျော့ဘဲ အသင့်အတင့်ထားပါ။ ဒါမှ အကျက်ညီ အကြွတ်ညီပြီး မြင်ရတာ အရောင်လည်းလှ စားရတာလည်း ကြွတ်ကြွတ်ရွရွလေး ဖြစ်နေမှာလေ။ ဂျေပြောတဲ့ ကြာရင်ပျော့သွားတာမျိုးလည်း မဖြစ်တော့ဘူးလေနော်။
နောက်တစ်နည်းကတော့ မုန့်နှစ်ထဲကို ငါးပြုတ် (အရိုးနွှင်ပြီးသား) နည်းနည်း၊ ဂျင်း၊ ကြက်သွန်ဖြူနဲ့ စပါးလင်ကို ပါးပါးလှီးပြီး ညက်နေအောင် ထောင်းထားတာလေးရယ်၊ ဗူးသီးတွေကို ပါးပါးလေးလှီးထားတာလေးတွေရယ်ကို ဆားလေး၊ အချိုမှုန့်လေးနည်းနည်းထည့်နယ်ပြီး လက်ဘက်ရည်အောက်ခံပန်းကန်ပြားလေးထဲ ဗူးသီးနဲ့မုန့်နှစ်အရောကို ခပ်ဝိုင်းဝိုင်းလေးဖြစ်အောင် ထည့်၊ ပြီးတော့မှ ဆီအိုးထဲ ထည့်ပြီးကြော်ပါ။ အဲ့ဒါကတော့ ဗူးသီးငါးပေါင်းကြော်လို့ ခေါ်ကြပါတယ်။ မနက်စာ အဆာပြေ ထမင်းပူပူလေးနဲ့ အဲ့ဒီအကြော်လေးနဲ့ တွဲဖက်ပြီး စားလို့ ကောင်းပါတယ်။

အချဉ်ရည်စပ်နည်း
ကျွန်မကတော့ ပိုတယ်ပဲပြောပြော ကိုယ်ကြီးပြင်းခဲ့တဲ့ မော်လမြိုင်ဘက်က အချဉ်ရည်စပ်နည်းကိုပဲ ပိုကြိုက်တယ်။ မန်ကျည်းသီးတွေကို အနှစ်လေးတွေဖြစ်လာရအောင် ရေနွေးပူပူနဲ့ စိမ်ထားပြီးတော့မှ အနှစ်တွေချည်း ယူပါ။ ပြီးတော့မှ ရေနွေးလေးနဲ့ ထပ်ထည့်ပြီး ငံပြာရည်နဲ့ ရောဖျော်ပါ။ ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါ။ ပြီးတော့မှ အဲ့ဒီမန်ကျည်းငံပြာရည်ထဲကို ပဲမှုန့်အကျက်မှုန့်နဲ့ ငရုတ်သီးအကျက်မှုန့်ထည့်ဖျော်ပါ။

ပြီးတော့မှ ဗူးသီးကြော်ကို ဆတ်လတ်ရွက်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့နဲ့ တွဲဖက်သုံးဆောင်ပါ။

ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်အနည်းငယ်၊ ဆတ်လတ်ရွက်၊ ကြက်သွန်စိမ်းအနည်းငယ်၊ နံနံပင်တို့ထည့်ပြီးတော့လည်း ဗူးသီးကြော်သုပ် သုပ်စားနိုင်ပါတယ်နော်။
အဆင်ပြေတဲ့အခါ ဓါတ်ပုံတင်ပေးပါ့မယ်နော်။

5 comments:

  1. ကျေးဇူးကမ်ဘာပါဘဲလုလုရယ် ဂလုဂလုမြည်ပြီး ပြန်သွားတယ်

    ReplyDelete
  2. မမရေ ... သမီး နည်းနည်းလေး မေးချင်လို့ပါ ... ဘူးသီးကြော် ကို ကောင်းကောင်းမွန်မွန် ကြော်စားတတ်ချင်ပါတယ် .. မမပေးတဲ့ နည်းအတိုင်းဆို တော်တော်ကောင်းမှာပါ ... ဒါပေမယ့် သမီး ဆီမှာက မုန့်နှစ်စပ်ဖို့ အခက်အခဲလေးတွေ ရှိနေလို့လေ .. အဲဒါ တချို့က ယိုးဒယားမယ် လား ရွှေလိပ်ပြာလား အဲလို အမှုန့်တွေ သုံးလို့ရတယ် ပြောကြပါတယ် ... အဲဒါ ဟုတ်လားရင် .. အဲဒါ သုံးရင်ရော ဘယ်လို အစပ်အဟပ်တွေ ထပ်တည့်ရသေးလဲ ဆိုတာ သမီးသိချင်ပါတယ်ရှင် ..

    ReplyDelete
  3. ညီမလေးရေ့ 
    မမလုက ဘလော့ဂ်ကို ကျော်ခွဝင်ရသူမို့ ကော်မန့်ကို မတွေ့လို့ပါနော်။ စိတ်မဆိုးပါနဲ့နော်။ တောင်းပန်ပါတယ်နော်။
    မမပြောထားတဲ့နည်းအတိုင်း မုန့်နှစ်စပ်ကြော်ဖို့ ခဲယဉ်းတယ် ဆိုရင် ယိုးဒယားမယ်ဖြစ်ဖြစ် ရွှေလိပ်ပြာဖြစ်ဖြစ် သုံးလို့ရပါတယ်နော်။ မမကတော့ အဲ့ဒီအကြော်မှုန့်သုံးတဲ့အခါ ကောက်ညင်းမှုန့်လေးနည်းနည်း ထပ်စပ်ပြီး ကြော်ပါတယ်။ ယိုးဒယားမယ် အကြော်မှုန့်တစ်ထုပ်ကို ကောက်ညှင်းမှုန့် ထမင်းစားဇွန်း ၃ ဇွန်းရောပါတယ်။ ပြီးတော့ ဆား၊ ဟင်းခတ်မှုန့်နည်းနည်း၊ ကြက်သွန်ဖြူနဲ့ ချင်းခြစ်ပြီး ရောပါတယ်။ ရေကို ခပ်ကျဲကျဲလေးဖျော်ပါတယ်နော်။ အဲ့ဒီလို ကြော်စားတာလည်း အရသာရှိပါတယ်နော်။ စမ်းသုံးကြည့်ပါဦးနော်။
    ချစ်ခင်စွာဖြင့်
    မမလု

    ReplyDelete
  4. မမရေ ကျေးဇူးတင်ပါတယ် .. ဘယ်တုန်းက မမ ပေးလိုက်မှန်းတောင် မသိလိုက်ဘူး ဒီနေ့မှပဲ တွေ့ဖြစ်တော့တယ် .. အဲလို ကြော်စားကြည့်ဦးမယ် .. တစ်ခါမှ မစမ်းသပ်ရသေးပါဘူး .. အစ်မရဲ့ blog လေးက အရမ်းကို အထောက်အကူဖြစ်တယ် .. အထူးသဖြင့် သမီးတို့လို ဘာမှ မချက်တက် မပြုတ်တက်ပဲ နိုင်ငံရပ်ခြားရောက်နေတဲ့ သမီးလိုလူမျိုးအတွက်ပေါ့ .. :) .. ကျေးဇူးပဲနော် .. နောက်လည်း အဆင်ပြေရင် မမ ပို့စ်လေးတွေ တင်ပါဦးနော် ...
    အားပေးလျက် ..
    ညီမငယ်

    ReplyDelete
  5. မမလုရေ....
    ပဲကြော် ကြော်နည်းလေးများရှိရင် ပေးပါအုံးနော်၊ ရေမြေခြားနေတော့ ငတ်လွန်းလို့ပါ၊ မမရေ... မုန့်နှစ်ကို အမှုန့်နဲ့စပ်နည်းပဲပေးပါနော်။
    ကျေးဇူးတင်လျှက်...

    ReplyDelete