Sunday, December 2, 2007

မုန့်ဗိုင်းတောင့် လုပ်စားကြရအောင်


ဒီနေ့တော့ အချိုပွဲဖြစ်တဲ့ မုန့်ဗိုင်းတောင့်၊ ဘီးမုန့်နဲ့ ပဲမုန့်လုပ်စားကြရအောင်နော်။ မြန်မာမုန့်တွေက လုပ်ရတာ လက်ဝင်လှတဲ့အတွက် တက်ညီလက်ညီ ၀ိုင်းဝန်းလုပ်ကိုင်ရတာ ပျော်စရာကောင်းသလို စားလို့လည်း သိပ်ကောင်းပါတယ်နော်။ မုန့်ဗိုင်းတောင့်လုပ်ဖို့ လိုအပ်တာတွေကို ပြောရရင် ဆန်၊ ပဲ၊ အုန်းသီး၊ ဆား၊ နှမ်းလှော်နဲ့ ဆီနဲ့ ထုံးအနည်းငယ်တို့ပါနော်။


ဆန်ကိုရေနဲ့စင်အောင်သေချာဆေးပြီး ထုံးရည်ကြည်နဲ့ တစ်ညသိပ်စိမ်ထားပေးပါနော်။ နောက်တစ်နေ့မနက်မှာ မုန့်ကြိတ်ဆုံမှာ မုန့်ကြိတ်ပြီးတော့ မုန့်နှစ်ရအောင် မုန့်ရည်တွေကို ပိတ်အိတ်ထဲထည့်ပြီး ရေစစ်ထားပါ။ ပိတ်အိတ်ကို မြင်အောင်ပြောရရင် ခေါင်းဦးစွပ်လိုပဲ တစ်ဖက်ပိတ် တစ်ဖက်ဖွင့်ပါ။ ရေစစ်သွားပြီဆိုရင်တော့ မုန့်နှစ်တွေကို သေသေချာချာနှံ့စပ်အောင် နယ်ပြီး အလုံးလေးတွေဖြစ်အောင်လုံးပါ။ ပြီးထဲမှာ ပေါင်းအိုးထဲ ထည့်ပြီး ပေါင်းပေးပါနော်။ ထမင်းပေါင်းအိုးထဲမှာ ပေါင်းတဲ့အဆင့်ပါရင် အဲ့ဒီအထဲမှာ အောက်ကရေထည့်ပြီး အပေါ်ကနေပေါင်းတဲ့အဆင့်မှ မုန့်လုံးတွေထည့်ပြီး ပေါင်းပေးပါနော်။ မုန့်ကျက်လာတဲ့အထိ ပေါင်းပေးပါနော်။ ကျက်လာတဲ့မုန့်ကိုမှ ထောင်းပေးပါ။ ထောင်းပြီးတဲ့မုန့်ကိုမှ တစ်ခါ မုန့်ပျော့လာတဲ့အထိ ထပ်နယ်ပေးပါ။ ပဲမုန့်အတွက်လည်း ပဲလွန်းကို နူးအောင်ပြုတ်ထားပေးပါနော်။ အုန်းသီးကို ခြစ်ထားပေးပါ။ နှမ်းလှော်နဲ့ ဆားကို ထောင်းထားပေးပါနော်။
မုန့်ပျော့လာပြီဆိုမှ မုန့်ကို လက်နဲ့ပွတ်ပြီး အတောင့်လေးတွေရအောင် လုပ်ရပါမယ်။ အဲ့ဒီလိုလုပ်တဲ့အခါမှာ လက်က သန့်ရှင်းနေဖို့ အရေးကြီးပါတဲ့အတွက် လက်ကိုဆပ်ပြာနဲ့ သေချာဆေးပြီး ခြောက်အောင်သုပ်ပါ။ ပြီးတော့မှ မုန့်တွေ လက်မှာမကပ်ရလေအောင် ဆီလေးနည်းနည်းလက်မှာဆွတ်ပြီးတော့ အတောင့်လေးတွေ ရအောင်လုပ်ပါနော်။
ဘီးမုန့်အတွက်ကိုတော့ ဘီးသန့်သန့်နဲ့ မုန့်သားတွေမှာ ဘီးရာပေါ်အောင် ပွတ်တိုက်ချပေးပါနော်။ ဘီးမုန့်နဲ့ မုန့်ဗိုင်းတောင့်အတွက်တော့ မုန့်တောင့်လေးတွေဖြစ်အောင်လုပ်ပြီးပြီဆိုရင်တော့ ပေါင်းအိုးထဲမှာ ထည့်ပြီး နောက်တစ်ကြိမ် ထပ်ပေါင်းပေးပါနော်။ ပေါင်းချောင်နဲ့ပေါင်းရင် ပိုကောင်းပါတယ်။ ပေါင်းချောင်မရှိရင်တော့ ထမင်းပေါင်းအိုးအပေါ်ဆင့်မှာ ပိတ်စိမ်းပါးလေးခင်းပြီး မုန့်သားတွေကို စီစီရီရီလေးထည့်ပြီး ပေါင်းပေးပါနော်။
ပဲမုန့်အတွက်ကတော့ ပဲလွန်းကိုနူးအောင်ပြုတ်ထားတဲ့ မုန့်နဲ့ ထောင်းပြီးသားမုန့်ကို သမအောင် ရောနယ်ပါ။ ပြီးတော့မှ အပြားလေးတွေဖြစ်အောင်လုပ်ပြီး နပ်အောင် ပြန်ပေါင်းပေးပါနော်။ ပြီးရင်တော့ ဓါးနဲ့ ပါးပါးလှီးလိုက်ပါ။
အားလုံးပေါင်းပြီး မုန့်သားလည်းနပ်ပြီ၊ ကိုယ့်အကြိုက်အပျော့အမာလည်းဖြစ်ပြီဆိုရင်တော့ ပန်းကန်ထဲ မုန့်ဗိုင်းတောင့်၊ ဘီးမုန့်နဲ့ ပဲမုန့်တွေ့ကို ပန်းကန်တစ်ချက်ထဲ လှလှပပထည့်၊ အပေါ်ကနေ အုန်းသီးခြစ်ထားတာလေး ဖြူး၊ ပြီးတော့မှ နှမ်းထောင်းလေးထည့်ပြီး သုံးဆောင်နိုင်ပါပြီရှင်။ ရေနွေးကြမ်းနဲ့သုံးဆောင်ပါနော်။ နေ့လည်စာ အဆာပြေပါနော်။ ကျွန်မတို့အိမ်မှာ ဒီနေ့လည် မောင်နှမတွေနဲ့တူတူ တက်ညီလက်ညီလုပ်စားဖြစ်ခဲ့တဲ့ မုန့်လေးပါနော်။ အားပေးကြပါဦးနော်။

2 comments:

  1. အမရေ...ဟင့်ဟင့်..လက်ဝင်လို့ လုပ်ပြီးသားပဲ သားရေကျပြီးပြန်သွာြး့ပီ..
    မြန်မာမုန့်ထဲမှာ အကြိုက်ဆုံး..
    ကျနော်ပြောတဲ့မုန့်နာမည်က တွန့်လိမ်တွန့်လိမ်မုန့်
    ဟီးဟီး
    တကယ်စားချင်တယ်

    ReplyDelete
  2. ဟုတ်ပါ့မလုလုရယ် တော်တော်လက်ဝင်တာဘဲနော် စား လို့ လဲ အရမ်းကောင်းတာဘဲ ခုတော့ ဗိုက်ဆာလာလို့  ပြန်တော့မယ်

    ReplyDelete