Saturday, November 17, 2007

ပုဇွန်ကင် မွှေးမွှေးလေး


ပုဇွန်ကို ချက်စားရတာထက်၊ သုပ်စားတာရယ်၊ ကင်စားတာရယ်ကို ကြိုက်ပါတယ်။
ပုဇွန်ကင်တဲ့အခါမှာ ထွက်လာတဲ့ အနံ့မွှေးမွှေးလေးရယ်၊ ပြီးတော့
ပူပူနွေးနွေးအချိန်လေးမှာ သံပုရာရည်လေး နည်းနည်းဆမ်းပြီး တို့စားရတဲ့
အရသာကိုလည်း သိပ်နှစ်သက်ပါတယ်။
အခုတော့ ကျွန်မသိပ်ကြိုက်တဲ့ ပုဇွန်ကင်အကြောင်းကို ပြောပါပြမယ်နော်။




ပုဇွန်ကင်ဖို့အတွက် မီးသွေးမီးဖိုနဲ့ဆိုရင် အဆင်ပြေပါတယ်နော်။
ပုဇွန်တွေကို ရေသန့်စင်အောင်ဆေးပြီး ရေစစ်ထားပါတယ်။ မီးတက်လာတာ
ညီပြီဆိုရင်တော့ မီးဖိုပေါ် ကင်ဖို့ ဇကာလေးကိုတင်၊ ပြီးတော့မှ အပေါ်ကနေ
ပုဇွန်လေးတွေကို တန်းစီပြီး ကင်ပေးပါနော်။ အကျက်ညီပြီး မတူးသွားရလေအောင်
ဟိုဘက်ဒီဘက် လှန်ပေးဖို့လည်း မမေ့နဲ့နော်။ ကျက်ခါနီးပြီဆိုရင်တော့
ပုဇွန်လေးတွေက ကွေးကွေးလေးနဲ့ နီရဲရဲလေးဖြစ်လာပြီး အနံ့ကလည်း
မွှေးကြိုင်ပြီး ထွက်လာတော့တာပါပဲနော်။
ပန်းကန်ပြားထဲမှာ ရှောက်ရွက်လေးတွေ ခင်းပြီး ကျက်သွားတဲ့
ပုဇွန်ကင်လေးတွေကို တန်းစီပြီး ထည့်ပေးပါ။ ပုဇွန်ကင်က အပူနဲ့
ရှောက်ရွက်နဲ့ အတွေ့မှာ ရှောက်ရွက်နဲ့ အနံ့ရှိန်းရှိန်းမွှေးမွှေးလေးက
ပုဇွန်ကင်ထဲကို စိမ့်ဝင်သွားပြီး စားတဲ့အခါမှာ ပိုပြီး
ခံတွင်းတွေ့လှပါတယ်။
တချို့ကတော့ ပုဇွန်ကင်ကို ဒီအတိုင်းစားတတ်သလို တချို့ကလည်း
သံပုရာရည်လေးနဲ့ ငံပြာရည်လေးကို ရော၊ ငရုတ်သီးစိမ်းလေးနဲ့၊ ကြက်သွန်ဖြူ
မညက်တညက်ထောင်းပြီးစပ်ထားတဲ့ အချဉ်ရည်လေးနဲ့
တွဲဖက်သုံးဆောင်တတ်ကြပါသေးတယ်။
ပုဇွန်ကင်မွှေးမွှေးလေးကို အားပေးကြဦးနော်။

4 comments:

  1. ညီမတစ်ခုမေးချင်လို့ပါရှင် ပုဇွန်ကိုမကင်ခင်မှာ အကင်ဆိုင်တွေကလို့ တခုခု သုတ်လိမ်းပေးဖို့လိုသေးလားမသိဘူး..ပြီးတော့ဆားတို့ ဟင်းချိုမှုန့်တို့နဲ နယ်ပေးဖို့လိုသေလားမသိဘူးနော်

    ညီမက ဟင်းသိပ်မချက်တတ်သေးလို့ပါနော်ပြောပြပေးပါနော်...

    ReplyDelete
  2. ကျနော်လည်း အဲဒီလို မေးချင်ပါတယ်၊ ပုဇွန်ကင် အတွက် ကျေးဇူးပါ။

    ReplyDelete
  3. ပုစွန်ကင်ကို အကင်ဆိုင်တွေမှာလို သုတ်လိမ်းတာကို မမလု မလုပ်ပါဘူး။ ဘာလို့လဲဆိုတော့ ပုစွန်ကိုက အရင်ကတည်းက ချိုပြီးသား၊ ပြီးတော့ ပုစွန်အခွံကလည်း အပြင်မှာ ကာထားတာဆိုတော့ သုတ်လိမ်းမနေတော့တာပါနော်။ တကယ်လို့များ ဆန္ဒရှိရင်တော့ သုတ်လိမ်းပြီးမှ ကင်ပါနော်။

    ReplyDelete
  4.ှ်သုတလိမ်းပြီးမှကင်????

    ReplyDelete