Tuesday, November 20, 2007

စမူဆာ



စမူဆာကို မြန်မာပြည်မှာတော့ လက်ဘက်ရည်ဆိုင်တိုင်းမှာလိုလို အလွယ်တကူဝယ်စားလို့ရပါတယ်။ စမူဆာကို ဒီအတိုင်း ငရုတ်ဆီနဲ့ တို့စားသလို ဂေါ်ဖီ၊ ခရမ်းချဉ်သီးတို့နဲ့ စမူဆာသုပ်လေးသုပ်ပြီး ရေနွေးကြမ်းလေးနဲ့ သောက်လိုက်ရရင်လည်း အရမ်းကို စားလို့ကောင်းပါတယ်။



စမူဆာလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ အာလူး၊ ကြက်သွန်နီ၊ ချင်း၊ နံနံစေ့၊ စမုံစေ့၊ မာဆလာ၊ ဆား၊ အချိုမှုန့်နည်းနည်း၊ စမူဆာလုပ်ဖို့ အပြင်က ထုပ်ရတဲ့အဖတ်တို့ ပါနော်။ နောက်ပြီးတော့ စမူဆာထုပ်တဲ့အခါ လိုတဲ့ကော်ရည်ဖျော်ဖို့ ဂျုံမှုန့်နဲ့ကော်မှုန့်နည်းနည်းလိုပါတယ်နော်။
စမူဆာထုပ်တဲ့အဖတ်ကိုတော့ အရင်ကဆိုဂျုံတွေနယ်ပြီး လုပ်ရပေမယ့် အခုနောက်ပိုင်း မြန်မာပြည်မှာတောင်မှ စမူဆာထုပ်မယ့်အဖတ်ကို လွယ်လွယ်ကူကူဝယ်လို့ရနေပါပြီနော်။
အာလူးကိုအခွံနွှာပြီး ရေဆေးပါ။ ပြီးတော့မှ အတုံးခပ်သေးသေးလေးတွေဖြစ်အောင် လှီးပါ။ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ကန့်လန့်ဖြတ်အရင်လှီးပြီးမှ နောက်ထပ် အတုံးသေးသေးလေးတွေဖြစ်အောင်လှီးပါနော်။ ချင်းအနည်းငယ်၊ နံနံစေ့အနည်းငယ်၊ စမုံစေ့အနည်းငယ်တို့ကို မညက်တညက်လေးဖြစ်အောင် ရောထောင်းပေးပါ။ ပြီးရင်တော့ ဇလုံတစ်လုံးထဲမှာ လှီးထားတဲ့ အာလူးရယ်၊ ကြက်သွန်နီရယ်၊ ပြီးတော့ ထောင်းထားတဲ့ အမွှေးနံ့သာအစုံအလင်ရယ်၊ ဆား၊ အချိုမှုန့်နည်းနည်းထည့်ပြီး သမအောင် မွှေပေးပါ။ ပြီးတော့မှ ဒယ်အိုးထဲ ဆီလေးနည်းနည်းထည့်ပြီး ခုနကနယ်ထားတဲ့ ရောသမမွှေတွေကို ထည့်ပြီးကြက်သွန်စိမ်းနံ့ပျောက်ပြီး အာလူးလေးတွေ နူးလာတဲ့အထိကြော်ပေးပါနော်။ ပြီးရင်တော့ အအေးခံထားပေးပါနော်။
ပြီးတော့မှ စမူဆာအရွက်ကို ယူပြီး အဲ့ဒီအရွက်ထဲ အဆာသွပ်ရပါမယ်။ စမူဆာရွက်က လေးထောင့်ရှည်ရှည်လေးဆိုတော့ အဲ့ဒီအရွက်လေးကိုပြီး ကတော့ပုံသဏ္ဍာန်ခေါက်လိုက်ပါ။ ပြီးတော့ အနားတွေကို ကော်နဲ့လိုက်သုပ်ပေးပါ။ ပြီးရင် အဆာထည့်ပေးပါ။ အဆာထည့်ပြီးရင် အပေါ်ကနေ ပိုနေတဲ့အပိုင်းလေးကို အောက်ကိုဆွဲချပြီးအုပ်ပေးလိုက်ပါ။ အရွက်မပြေသွားရအောင် ကော်ကပ်ပေးလိုက်ပါနော်။ ဒါဆိုရင်တော့ သုံးမြှောင့်ပုံသဏ္ဍာန်အဆာသွပ်ထားတဲ့ စမူဆာအဆာသွပ်ပြီးသား ဖြစ်သွားပါပြီနော်။ အခုနောက်ပိုင်း စမူဆာကို ကော်ပြန့်လိပ်သလို လိပ်တာကိုလည်း တွေ့လာရပါတယ်နော်။ သုံးမြှောင့်ပုံအဆာသွပ်ဖို့ မလွယ်ကူခဲ့ရင်တော့ ကော်ပြန့်လို အလိပ်လေးတွေလည်း လိပ်လို့ရပါတယ်နော်။
ပြီးရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီများများထည့်ပြီး ဆီပူလာတဲ့အခါ မီးအသင့်အတင့်ထားပြီး အဆာသွပ်ပြီးသား စမူဆာတွေကို ဟိုဘက်ဒီဘက်အကျက်ညီအောင် ကြော်ပေးပါနော်။ အရောင်လေးက ရွှေညိုရောင်လေး သန်းလာပြီး ကြွပ်ကြွပ်ရွရွလေးဖြစ်မယ့်အချိန်လေးဆိုရင်တော့ ဆီပူထဲကနေဆယ်ပြီး ပန်းကန်ပြားကြီးတစ်ချပ်ထဲမှာ ဆီစုပ်တစ်ရှူးလေးအောက်ခံပြီး စမူဆာကို ထည့်လိုက်ပါ။ ဆီစစ်သွားပြီဆိုရင်တော့ ပန်းကန်ပြားသေးလေးထဲ ပြောင်းထည့်ပြီး အချဉ်ရည်နဲ့ တို့စားလို့ရပါပြီနော်။ အချဉ်ရည်ကိုတော့ စိတ်ကြိုက်ဖျော်နော်။ ကျွန်မတို့ကတော့ မန်ကျည်းနှစ်နဲ့ဖျော်တာကို ပိုနှစ်သက်ပါတယ်နော်။
ကြိုက်တတ်ရင်တော့ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီပါးပါးလှီးပြီး ငရုတ်သီးစိမ်းလေးညှပ်ထည့်ပြီး၊ ချဉ်ငံစပ်လေး သုပ်စားလို့လည်း ရပါသေးတယ်ရှင်။ စမူဆာသုပ်တစ်ဇွန်းယူ၊ ဆတ်လတ်ရွက်လေးထဲ ထည့်ပြီးအုပ်ပြီး တစ်လုပ်စာလေးလုပ်ပြီး ပါးစပ်ထဲထည့်လိုက်၊ ပြီးတော့ ကြက်သွန်ဖြူလေးကိုက်လိုက်၊ ရေနွေးကြမ်းပူပူလေးနဲ့ဆို ကောင်းမှကောင်းနော်။ ချစ်မောင်နှမများလည်း အဆင်ပြေရင် စမူဆာကြော်နဲ့ စမူဆာသုပ်လေး လုပ်စားကြည့်ပါဦးနော်။
နုစံကို အကြွေးဆပ်တာပါနော်။ မေးထားတာ ၃ လလောက်ရှိပြီထင်ပါတယ်။

4 comments:

  1. မလုလုရေ စမူဆာလုပ်နည်းအတွက်ကျေးဇူးတင်ပါတယ်။ သိချင်နေတာ။ အမဘလော့ကတော့ တကယ့်ကို "ရသာစုံဟင်းလေးအိုးကြီး"ဘဲ။ လာတိုင်း သွားရည်ကျရတယ် ရှလွတ်-- ရှလွတ်။ အမကို link ချင်ပါတယ်။ ခွင့်ပြုပါနော်။

    ReplyDelete
  2. ခွင့်ပြုပြီးသားပါမြရွက်ဝေရယ်။
    ခွင့်တောင်းစရာ မလိုပါဘူးနော်။
    အမြဲတမ်းအလည်လာတဲ့အတွက်ကိုပဲ ကျေးဇူးတင်နေတာပါနော်။

    ReplyDelete
  3. အလိုလေး..

    တော်လိုက်တာ မမလုရယ်..တော်တီးတီးတော်

    ReplyDelete
  4. ဝေး.. ဒါမှ တို့မမလု.. စမူဆာလုပ်နည်းပြောပြပြီး တကူးတက ရေးပေးတာ ကျေးဇူး x Infinity ။ အကြွေးလို့ မယူဆပါဘူး မလုရ.. :)
    မလု မီးဖိုချောင်ကတော့ တကယ့် ရှယ်ပဲ.. သိချင်တာ စားချင်တာ၊ ဆိုရင် မလု ရဲ့ blog ကို ပြေးလာကြည့်လိုက်တာပဲ.. အဆင်ပြေတယ် အမရ.. :-)

    ReplyDelete