Tuesday, October 16, 2007

တို့ဟူးသုပ်


တို့ဟူးသုပ်အကြောင်းမေးလာတဲ့ ချစ်ညီမလေးအတွက်ရော ကျန်တဲ့ချစ်မောင်နှမအားလုံးအတွက် ရည်ရွယ်ပြီး လုပ်ပေးလိုက်တာပါနော်။ တို့ဟူးကို မြန်မာပြည်မှာ အလွယ်တကူဝယ်လို့ရပေမယ့် နိုင်ငံရပ်ခြားရောက်နေတဲ့ မောင်နှမတွေအတွက် တိုဟူးကျိုနည်းလေးကိုပါ ပြောပြပါရစေနော်။


တိုဟူးကျိုဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကုလားပဲအစိမ်းမှုန့်ရယ်၊ နနွင်းမှုန့်စစ်စစ်အနည်းငယ်ရယ် အဓိကပါနော်။ ကုလားပဲအစိမ်းမှုန့်ကို ရေဖျော်ရပါမယ်။ ရေဖျော်တဲ့အခါမှာ သတိထားရမှာက ကုလားပဲအမှုန့်လေးတွေကို သေချာကြေပြီး ပျော်သွားရအောင် မွှေပေးပါနော်။ ကုလားပဲအမှုန့်လေးတွေ ရေနဲ့ထိပြီး ပွစိစိအလုံးလေးတွေနဲ့ မကြေဘဲဖြစ်နေမှာစိုးရင်တော့ လက်သေချာစင်အောင်ဆေးပြီး လက်နဲ့ ဖျော်ပေးလို့လည်း ရပါတယ်။ ပြီးရင်တော့ နနွင်းမှုန့်နည်းနည်းထည့်ပြီး ဖျော်ပေးပါနော်။ ရေထည့်တဲ့အခါမှာ ရေများမှာကို မစိုးရိမ်ရပါဘူး။ ရေနည်းရင်သာ တိုဟူးအသားအကျိုမညက်ဘဲ စားမကောင်းဖြစ်တတ်တာမို့ ရေကို မနည်းစေပါနဲ့နော်။ တိုဟူးအရည်ဖျော်ပြီးသွားပြီဆိုရင် ကျိုပြီးရင်ထည့်မယ့် ဗန်း၊ ဒါမှမဟုတ် ဗူး၊ ဇလုံ စတာတွေကို သန့်ရှင်းအောင်ဆေးပြီး ရေစစ်၊ ပြီးရင် အခြောက်ခံထားပြီး အသင့်ပြင်ထားပါနော်။
ပြီးရင်တော့ အိုးထဲ တိုဟူးအရည်ဖျော်ကိုထည့်ပြီး မီးဖိုပေါ်တင်ပါ။ မီးကို စစချင်းမှာ ပြင်းလို့ရပေမယ့် တိုဟူးနည်းနည်းပျစ်လာတဲ့အခါမှာ မီးကိုလျော့ပေးဖို့လိုပါတယ်။ တိုဟူးတဖြည်းဖြည်းပျစ်လာပြီဆိုရင်တော့ ယောင်းမလေးနဲ့ ကော်ပြီး ပန်းကန်လုံးလေးထဲ ထည့်ကြည့်ပါ။ ခဏနေလို့ ခဲသွားပြီဆိုရင်တော့ မီးဖိုပေါ်ကနေ ချလို့ရပါပြီ။ အဲ့ဒါဆိုရင်တော့ မီးဖိုပေါ်ကနေ တိုဟူးကျိုအိုးကိုချ၊ ပြီးတော့ တိုဟူးခဲရမယ့် ဗန်းထဲထည့်ပြီး အအေးခံထားလိုက်ပါနော်။
တိုဟူးသုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ တိုဟူး၊ သခွါးသီး၊ ကြက်သွန်နီ၊ ရှောက်ရွက်၊ နံနံပင်၊ မန်ကျည်းသီးနှစ်၊ ငံပြာရည်၊ အချိုမှုန့်၊ ပုဇွန်ခြောက်မှုန့်၊ ဆီချက်၊ ငရုတ်သီးအကျက်မှုန့်၊ ပဲမှုန့်အကျက်မှုန့်တို့ ပါနော်။
တိုဟူးကို ကိုယ်ကြိုက်တဲ့အထူအပါးအတိုင်းလှီးပါ။ သခွါးသီး၊ ကြက်သွန်နီတို့ကိုလည်း ခပ်ပါးပါးလှီးပါ။ ရှောက်ရွက်နဲ့ နံနံပင်တို့ကိုလည်း ခပ်ပါးပါးလှီးထားပါ။ မန်ကျည်းသီးနှစ်လေးရအောင် ရေနွေးလေးနဲ့ စိမ်ထားပါ။ တခြားလိုအပ်တဲ့ပစ္စည်းတွေကိုလည်း အသင့်ပြင်ထားပါနော်။ ဂေါ်ဖီထုပ်ထည့်ချင်ရင်လည်း ခပ်ပါးပါးလေးလှီးပြီး ထည့်လို့ရပါတယ်နော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို တိုဟူး၊ သခွါးသီး၊ ကြက်သွန်နီထည့်၊ ပြီးတော့ ပဲမှုန့်၊ ငံပြာရည်၊ မန်ကျည်းသီးနှစ်ထည့်၊ ငရုတ်သီးအကျက်မှုန့်ထည့်၊ ဆီချက်ထည့်၊ အချိုမှုန့်နဲ့ ပုဇွန်ခြောက်မှုန့်ထည့်ပြီး သေချာနှံ့အောင်နယ်ပါ။ အရသာကိုတော့ ချဉ်ငံစပ်လေးနယ်ရင် ပိုကောင်းပါတယ်။ တိုဟူးက ခပ်ဆိမ့်ဆိမ့်မို့ အရသာ ပြင်းပြင်းလေးနယ်ထားရင် လိုက်ဖက်ပါတယ်နော်။ တချို့ကတော့ ခပ်ဆိမ့်ဆိမ့်ပဲကြိုက်တယ်ဆိုရင်တော့ အရသာကိုလျော့နယ်ပါနော်။ ပြီးရင် ကိုယ်လိုတဲ့အရသာကိုမြည်း၊ ပန်းကန်ပြားလေးထဲထည့်အပေါ်ကနေ ရှောက်ရွက်လေးနဲ့ နံနံပင်လေးဖြူးလိုက်ပါနော်။ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းလေးကိုက်ပြီး တိုဟူးသုပ်လေးကို သုံးဆောင်နိုင်ပါတယ်။ ဟင်းခါးလေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်နော်။

3 comments:

  1. မလုလုရှင့်

    မိုး တို့ပာူး ကြိုတာ မခဲဘူး အစ်မရေ။ အစ်မရေးထားတဲ့အတိုင်းလုပ်တာ ဒါပေမဲ့ ရေထည့်တာ နည်းလို့လား ပဲမှုန့် တွေများသွားလို့လား...မသိ..

    အစ်မ အကြုံပေးပါအုံးနော်...မိုး တို့ပာူးသုပ် အရမ်းကြိုက်တာ ဒီမှာ တို့ပာူးက မရှိဘူးလေ..

    ReplyDelete
  2. ညီမလေး မိုးယံရေ
    မမလု တိုဟူးကျိုနည်းရေးတုန်းက ပဲမှုန့်နဲ့ ရေ အချိုးကို ထည့်မရေးဖြစ်ဘူး။
    ပဲမှုန့် (၁) ဆကို ရေ (၃) ဆနဲ့ ရောကျိုရမှာပါ။
    စမ်းကြည့်ပါဦးနော်။
    ပိုသေချာချင်ရင် ပဲမှုန့်ကို ရေနဲ့ ခပ်ကြာကြာစိမ်ပေးထားပြီးမှ ကျိုရင် ပိုအဆင်ပြေပါတယ်နော်။

    ReplyDelete
  3. မမရေ တို့ဟူးနွှေး ဘယ်လို လုပ်တယ်ဆိုတာလေး သိနိုင်မလားရှင့် ..

    ReplyDelete