Wednesday, September 5, 2007

တကိုရကိ (Takoyaki) ဂျပန်မုန့်လင်မယား

ဟိုနေ့က မီးပန်းလွှတ်ပွဲမှာ အဲ့ဒီမုန့်လင်မယားဆိုင်တွေအများကြီးပဲ။ ကလေးတွေရော၊ ကာလသား၊ ကာလသမီး တွေရော အဲ့ဒီမုန့်လင်မယားကို စားနေလိုက်ကြတာ့  အဲ့ဒါနဲ့ ပဲ ဌာနက ဂျပန်သူငယ်ချင်းတွေဆီကနေ အဲ့ဒီမုန့် လုပ်နည်းလေးကို စပ်စုစိန်လုပ်ခဲ့သမျှကို ဖေါက်သည် ပြန်ချပါရစေဦးနော့့် 




ဒီမှာတော့ ဘာပဲလုပ်စားချင်ချင် လိုအပ်တဲ့အမယ်တွေက ရယ်ဒီမိတ်တွေ ရှိပြီးသားဆိုတော့ လုပ်ရကိုင်ရတာ သိပ်အဆင်ပြေတယ်လေ။ လိုအပ်တာတွေကတော့ မုန့်နှစ်အတွက် အမှုန့်ထုပ်၊ ကြက်ဥ၊ ရေဘ၀ဲ၊ ကွန်းညခု (konyaku) (မြန်မာလို ၀ဥနဲ့ ခပ်ဆင်ဆင် တုန်တုန်တုန်တုန် အတုံးလေးတွေ)၊ ဂေါ်ဖီထုပ်၊ ကြက်သွန်မြိတ်၊ ဂျင်းကို အချဉ်စိမ်ထားပြီးသား၊ Dashi လို့ခေါ်တဲ့ ငါးအမှုန့်တစ်မျိုး၊ ပြီးတော့ takoyaki sauce၊ ပြီးတော့ mayonnaise၊ ပြီးတော့ ရေညှိမှုန့်အထုပ် စတာတွေပါ။

မုန့်နှစ်အတွက် အမှုန့်ကို ရေနဲ့အရင်ဖျော်၊ ပြီးတော့ ကြက်ဥခေါက်ထည့်ရပါမယ်။ မုန့်နှစ်တွေ သေချာကြေအောင် ခေါက်ပေးပါ။ ရေဘ၀ဲကို သန့်စင်အောင်ဆေးပြီး ပြုတ်၊ ပြီးတော့ မထူမပါးလေးတွေ လှီးလိုက်ပါနော်။ ကွန်းညခုကို လည်း ခပ်သေးသေး အတုံးလေးတွေဖြစ်အောင် တုံးပါ။ ဂေါ်ဖီထုပ်ကို ရေဆေးပြီး ပါးပါးလေးတွေဖြစ်အောင် လှီးပါ။ ကြက်သွန်မြိတ်တွေကို ရေဆေး၊ ပြီးတော့ အမြစ်လေးတွေ ပါတဲ့ဘက်ကို ညီအောင်စီပြီးတော့ သားရေကွင်းနဲ့ချည်၊ ရေခါလိုက်၊ ပြီးတော့မှ ခပ်ပါးပါးလေးတွေလှီးထားလိုက်ပါ။ ဂျင်းတွေကို ရေစစ်ထားလိုက်ပါ။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ မုန့်လုပ်မယ့်အိုးလေးကို ပလပ်ထိုးလိုက်ပြီး အိုးပူလာတဲ့အထိစောင့်၊ အိုးပူလာပြီဆိုရင်တော့ အိုးကို ဆီလေးသုပ်၊ ပြီးတော့မှ အိုးထဲက အခွက်လေးထဲကို မုန့်နှစ်လေးတွေ လိုက်ဖြည့်ထည့်၊ ပြီးတော့မှ ရေဘ၀ဲထည့်၊ ကွန်းညခုထည့်၊ ဂျင်းထည့်၊ ဂေါ်ဖီထုပ်ဖတ်လေးတွေထည့်၊ ကြက်သွန်မြိတ်လေးတွေ ဖြူးပေးလိုက်ပါနော်။
၂ မိနစ်လောက်နေရင် တုတ်ချောင်းလေးတွေနဲ့ ဟိုဘက်လှန်ပေးလိုက်၊ ခဏလောက်နေရင် ဒီဘက်ပြန်လှန်လိုက်။ ဟိဟိ့  အလုံးလေး ဖြစ်သွားပြီ။ ကျက်သွားပြီ။
အဲ့ဒါဆိုရင် ပန်းကန်ထဲကို အဲ့ဒီမုန့်လုံးလေးကို ထည့်၊ ပြီးတော့မှ အပေါ်ကနေ Takoyaki sauce အချိုရည်လေး ဆမ်း၊ Mayonnaise လေးဆမ်း၊ ငါး Dashi လေး ထည့်၊ ပြီးတော့မှ အပေါ်ဆုံးကနေ ရေညှိမှုန့်လေးဖြူးလိုက်ရင်တော့ အဆင်သင့်စားသုံးနိုင်တဲ့ တာကိုရကိ ပူပူမွှေးမွှေးချိုချိုလေး ရပါပြီရှင်။

0 comments:

Post a Comment